CNET ဝက်ဘ်ဆိုက်ကို ရုရှားဟက်ကာအဖွဲ့ တိုက်ခိုက်ခဲ့

နာမည်ကျော် သတင်း ဆိုက်များနှင့် စီးပွားရေး ဆိုက်အချို့ကို တိုက်ခိုက်ခဲ့သော ရုရှားဟက်ကာ အဖွဲ့ တစ်ဖွဲ့သည် CNET ဝက်ဘ်ဆိုက်ထံ ထိုးဖောက် ဝင်ရောက်ခဲ့ပြီး မှတ်ပုံတင်ထားသည့် စာဖတ် ပရိသတ်များ၏ အချက်အလက်များကို ခိုးယူ သွားခဲ့သည်။ ၎င်းတို့သည် CNET ၏ ဆာဗာများမှ သုံးစွဲသူ ၁ သန်းကျော်၏ username များ၊ email များနှင့် encrypt လုပ်ထားသည့် password များပါဝင်သော database ကို ခိုးယူ သွားခဲ့ကြောင်း W0rm ဟုခေါ်သော ဟက်ကာ အဖွဲ့ကို ကိုယ်စားပြုသူ တစ်ဦးက CNET News ထံ Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။

W0rm ၏ ပြောကြားချက်အရ CNET ၏ ဆာဗာများထံ ဝင်ရောက်ရာတွင် CNET.com ၏ Symfony PHP framework ၏ လုံခြုံရေးအားနည်းချက် တစ်ခုမှတစ်ဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ CBS Interactive မှ ပိုင်ဆိုင်သည့် CNET သည် မေလအတွင်း အမေရိကန်၌ လည်ပတ်ကြည့်ရှုမှု အများဆုံး စာရင်းတွင် အဆင့် ၉ နေရာ၌ ရှိသည့် ဝက်ဘ်ဆိုက်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လတွင် desktop နှင့် မိုဘိုင်းမှ လည်ပတ်အသုံးပြုသူ ၂၇.၁ သန်းရှိကြောင်း ဆိုသည်။ CBS Interactive မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ထိုးဖောက်ဝင်ရောက်သူများသည် ဆာဗာအချို့ကို အသုံးပြုခွင့် ရရှိခဲ့ကြောင်း၊ ၎င်းဖြစ်ရပ် အတွက် ဖြေရှင်းမှုများကို လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပြုလုပ်ပေးခဲ့ပြီး လှုပ်ရှားမှုများကို ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

W0rm ကို ကိုယ်စားပြုသူက မိမိတို့အနေဖြင့် password များကို decrypt လုပ်ရန် အစီအစဉ်မရှိသလို database ကို ရောင်းချရန် အစီအစဉ်မရှိကြောင်း ဆိုခဲ့သည်။ တနင်္လာနေ့က database ကို 1 bitcoin (အမေရိကန်ဒေါ်လာ ၆၂၂) ဖြင့် ရောင်းချမည်ဟု W0rm က Twitter မှတစ်ဆင့် ပြောကြားခဲ့သော်လည်း အဆိုပါ ဟက်ကာအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက database ကို ရောင်းချမည်ဟု ပြောကြားခြင်းသည် အာရုံစိုက်မှု ရရှိရန်ထက် မပိုကြောင်း ပြောကြားခဲ့သည်။


Ref: CNET
Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...