၁၁ တန်း ဆရာနေရာတွင် နေ့စားလပေး ဆရာများမှ P.hd နှင့် ဘွဲ့လွန် ရသူများကို ခန့်ထားမည်ဆို

၁၂ တန်း ပညာရေးစနစ် စတင်မည် ဆိုပါက ၁၁ တန်း သင်ကြားမည့် ဆရာ၊ ဆရာမများကို နေ့စား လပေး ဆရာ၊ ဆရာမ များထဲမှ P.hd ရရှိသူများနှင့် ဘွဲ့လွန် ရရှိထားသူများကို ခန့်ထားမည် ဖြစ်ကြောင်း သိရသည်။

၁၂ တန်း ပညာရေး စနစ်အတွက် အထက်တန်း အဆင့်တွင် တစ်တန်း တိုးရမည် ဖြစ်သည့်အတွက် သင်ကြားမည့် ဆရာများကို လက်ရှိအခြေခံပညာတွင် သင်ကြားလျက်ရှိသော အထက်တန်းပြများနှင့် ဦးစွာ စမ်းသပ်မှု ပြုလုပ်မည်ဖြစ်ပြီး ဆရာလိုအပ်ချက် များရှိလာပါက နေ့စားလပေးများထဲမှ ဘွဲ့လွန်ရရှိထား သူနှင့် P.hd ရရှိသူများကို ခေါ်ယူလေ့ကျင့်ပေးပြီး အသုံးပြုသွားမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ သိရသည်။

“သူတို့အပြင် အပြင်ကမာစတာရထားတဲ့သူတွေကိုလဲ ခေါ်မယ်။ အပြင်မှာမာစတာရပြီး အလုပ်မရှိ သေးသူတွေရှိတာပဲ။ ခေါ်ရင်သတင်းစာထဲက ထည့်ခေါ်မယ်။ စာပေးစာယူမာစတာတွေ၊ ဖွံ့ဖြိုးတိုး တက်ရေးကမာစတာတွေ၊ အပြင်ကမာစတာရထားတဲ့သူတွေကိုခေါ်ပြီး ဆရာလိုအပ်ချက်အတွက် ဖြည့်ဆည်းလိမ့်မယ်။ ခေါ်မယ့်ဆရာအရေအတွက်ကတော့ အဲ့ဒီအချိန်မှာ ကျောင်းသားဘယ်လောက် ရှိမယ်။ စာသင်ခန်းဘယ်လောက်ရှိမယ်ဆိုတာကို တွက်ပြီးတော့မှ ဆရာဘယ်လောက်လိုမယ်ဆိုတာ ပြောလို့ရမှာပါ” ဟုယင်းဌာနမှ အရာရှိတစ်ဦးက ပြောသည်။

၁၂ တန်းပညာရေးစနစ် စတင်မည်ဆိုပါက ဆရာ၊ ဆရာမလိုအပ်ချက်မှာ သေချာပေါက်ရှိလာမည်ဟု ပညာရေးအသိုင်းအဝိုင်းမှ ဆရာတချို့ကပြောသည်။

ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာတစ်ဦးက “ဆရာတွေမလုံလောက် ရင်ထပ်ခန့်မှရမယ်။ အခြေခံက B.ED ကျောင်းဆင်းဆရာတွေနဲ့ မလုံလောက်ရင် မာစတာ (ဘွဲ့လွန်) တွေကို ထပ်ခန့်ရမယ်။ သူတို့ကဘာသာရပ် ကျွမ်းကျင်မှုရှိပြီးသားတွေလေ။ သူတို့ကို ဆရာဖြစ်သင် တန်းပေးပြီး ၁၁ တန်းမှာ သင်ဖို့ခန့်ပေးလို့ရတယ်။ သူတို့ကိုသင်တန်းပေးရင်လဲ နှစ်ရှည်သင်တန်းတွေ မပေးဘဲနှစ်တိုသင်တန်းပဲပေးပြီး ၁၁ တန်းသင်မယ့် ဆရာလိုအပ်ချက်ကို ဖြည့်နိုင်မယ်” ဟုပြောသည်။

အဆိုပါပညာရေးစနစ် စတင်ပါက အထက်တန်းအဆင့်တွင် တစ်တန်းတိုးမြှင့်သလို မူလတန်းအဆင့် တွင်လည်း မူကြိုတန်းတစ်တန်းထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း၊ မူကြိုကဏ္ဍအတွက် ဆရာလိုအပ်ပါက ဘွဲ့ရရှိထားသူများဖြင့် ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း၊ မူကြိုဆရာများကို လက်ရှိသင်ကြားနေသူများ နှင့်သူငယ်တန်း သင်ကြားနေသူများကို အရင်ဆုံးအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာကဏ္ဍတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမ (နေ့စားလပေးအပါအ ဝင်) အင်အားမှာ သုံးသိန်းကျော်ရှိနေကြောင်း သိရသည်။


Democracy Today Daily
ဇူလိုင် (၁၆) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...