ကျိုင်းတုံ အထက (၂) ကျောင်းအုပ် ငွေယူ၊ အတိုင်ခံရ

ကျောင်းသား၊ ကျောင်းသူတွေ ဆီက အကြောင်း အမျိုမျိုးပြပြီး ငွေကြေး ကောက်ခံနေတယ် ဆိုပြီးတော့ ကျိုင်းတုံ အထက (၂) ကျောင်းအုပ် ဆရာကြီးကို ကျောင်းသားမိဘတစ်ဦးက နိုင်ငံတော် သမ္မတထံသို့ တိုင်ကြားစာ ပို့လိုက်ပါတယ်။

ကျောင်းအုပ်ကြီးဟာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ကျောင်းသား၊ ကျောင်းသူတွေ ဆီကနေ စာမေးပွဲ မေးခွန်း လွှာကြေး၊ စာမေးပွဲ ရေးဖြေ စာအုပ်ကြေး၊ ပြီးခဲ့တဲ့ ပညာသင်နှစ်ကလည်း ပညာရေးစုံညီ ပွဲတော်နဲ့ ပြက္ခဒိန်ကြေးတွေ ကိုလည်း ကောက်ခံခဲ့တဲ့အတွက် အခုလို တိုင်ကြားရတာလို့ သမ္မတဆီ တိုင်ကြားစာပို့သူ ဦးအောင်အောင်နေဝင်းက ပြောပါတယ်။

“ပညာရေးဝန်ကြီးဌာနက ကျောင်းတွေမှာ ငွေကြေးကောက်ခံခြင်း မပြုလုပ်ဖို့နဲ့ ကောက်ခံရင် အရေး ယူမယ်လို့ တရားဝင် ညွှန်ကြားထားပေမယ့် အခု ကျောင်းအုပ်ကြီးက အကြောင်းအမျိုးမျိုး ပြပြီး ငွေကြေးကောက်ခံနေတယ်” လို့ သူက ဆိုပါတယ်။

မြို့နယ်၊ ခရိုင်၊ ပြည်နယ် ပညာရေးမှူးတွေကို တိုင်ကြားခဲ့ပေမယ့် အရေးယူတာ မရှိတဲ့အတွက် ဇူလိုင်လ ၂၉ ရက်နေ့မှာ သမ္မတဆီ တိုင်ကြားလိုက်တာလို့ သူကဆိုပါတယ်။

သမ္မတထံ တိုင်ကြားခံထား ရတဲ့အတွက် ပြည်နယ် ပညာရေးမှူးရုံးအဖွဲ့က လာရောက် စစ်ဆေးမယ်လို့ ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံး(ရုံးခွဲ) ကျိုင်းတုံမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ ဆီကနေ တစ်ဦးကို ပြက္ခဒိန်တစ်စောင် ၂၀၀၀ ကျပ်၊ ပညာရေးစုံညီပွဲတော် ၁၀၀၀ ကျပ်၊ စာမေးပွဲမေးခွန်းလွှာကြေး ၃၀၀ မှ ၇၀၀ ကျပ်၊ ရေးဖြေ စာအုပ်ကြေး ၆၀၀ မှ ၈၀၀ ကျပ် အထိ မဝယ်မနေရ ဆိုပြီး ကျောင်းအုပ်ကြီးက ကောက်ခံခဲ့တယ်လို့ သမ္မတဆီကို တိုင်းကြားစာမှာ ဖော်ပြပါတယ်။

ကျိုင်းတုံ အထက (၂)မှာ မူလတန်းကနေ အထက်တန်းအထိ တန်းခွဲပေါင်း ၃၆ ခန်းကျော် ရှိပါတယ်။ တိုင်ကြား ခံထားရတဲ့ ကျောက်အုပ်ကြီး ဦးခင်မောင်သန်းရဲ့ လက်ကိုင်ဖုန်းကို The Voice က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါဘူး။ 


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...