ဘယ်တော့မှ အလဲထိုး မခံဘူး

Ernest Hemingway (July 21, 1899 – July 2, 1961)

Ernest Hemingway က အမေရိကန် စာရေး ဆရာ၊ သတင်းစာ ဆရာ ဖြစ်တယ်။ စာပေ နိုဘယ်လ် ဆုရှင်ဖြစ်ပြီး ထင်ရှားတဲ့ စာအုပ်တွေက “The Old Man and the Sea”၊ “The Sun Also Rises” စတာတွေ ဖြစ်တယ်။

၁၈၉၉ ခုနှစ် ဇူလှိုင်လ ၂၁ ရက်နေ့မှာ Hemingway ကို အမေရိကန် ပြည်ထောင်စု Illinois ပြည်နယ် ချီကာဂို ဆင်ခြေဖုံးက Oak Park မှာ မွေးဖွား ခဲ့တယ်။ သူ့ဖခင်က အမဲလိုက်၊ ငါးမျှားတဲ့ ပြင်ပ လှုပ်ရှားမှုတွေကို ဝါသနာထုံ သူဖြစ်တယ်။ သူ့မိခင်က စာပေကို နှစ်သက်သူ ဖြစ်တယ်။ မိဘတွေရဲ့ ဝါသနာက နောက်ပိုင်းမှာ Hemingway ရဲ့ဘဝနဲ့ သူ့ရဲ့ တီထွင် ဖန်ဆင်းမှုတွေကို များစွာ အကျိုးသက်ရောက် စေခဲ့ပါတယ်။

ပထမကမ္ဘာစစ်ဖြစ်ပွားချိန်မှာ Hemingwayဟာ ရှေ့တန်းအတွေ့အကြံကို ကိုယ်တိုင်ခံစားလိုတဲ့ဆန္ဒနဲ့ အမေရိကန်ကြက်ခြေနီအသင်းထဲ ဝင်ရောက်ခဲ့ပြီး အီတလီစစ်ပွဲမှာ ပါဝင်ခဲ့တယ်။ စစ်ပြီးဆုံးချိန်မှာ အီတလီ အစိုးရက Hemingwayကို ကြက်ခြေနီစံပြဆု၊ ငွေတံဆိပ်ဆု၊ သူရသတ္တိဆု ချီးမြှင့်ပြီး ဗိုလ် ကလေး ရာထူး ချီးမြှင့်ခဲ့ပါတယ်။ အဲဒီ ဆုတွေနဲ့အတူ သူရခဲ့တာက သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ ဒဏ်ချက် အခု ၂၃ဝ ကျော်နဲ့ မောင်းထုတ်လို့ မရနိုင်တဲ့ စစ်ရမ္မက်ရဲ့ အမှတ်သညာတွေ ပဲဖြစ်တယ်။

၁၉၂၉ ခုနှစ်မှာ Hemingwayရဲ့ “The Sun Also Rises” ၊ “A Farewell to Arms” နဲ့ “Lost Generation” စာအုပ်တွေက အကောင်းဆုံး စာပေဖြစ်ခဲ့တယ်။

၁၉၂၈ခုနှစ်မှာ Hemingwayဟာ ပဲရစ်မြို့ကခွာပြီး အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါနဲ့ Cuba ကျွန်းတို့မှာ သွားရောက်နေထိုင်ပြီး အေးဆေး တည်ငြိမ်တဲ့ဘဝနဲ့ လယ်ယာမြေတွေ လုပ်ကိုင်ခဲ့တယ်။ အမဲလိုက်တယ်၊ ငါးမျှားတယ်၊ နွားဝှေ့ပြိုင်ပွဲတွေ သွားရောက်ကြည့်ရှုခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့လို့ အေးချမ်းတဲ့ဘဝမှာ သူမနေခဲ့ရတော့ဘူး။ ၁၉၃၇ ခုနှစ်မှ ၁၉၃၈နှစ်ထိ စစ်မြေပြင် သတင်းထောက်အဖြစ်နဲ့ စပိန်ပြည်တွင်းစစ် ရှေ့တန်းမှာ သူရောက်နေခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ သတင်းထောက်အဖြစ် ပါဝင်လှုပ်ရှားရင်း ပဲရစ်လွတ်မြောက်ရေးတိုက်ပွဲမှာ သူပါဝင် ခဲ့တယ်။

၁၉၄၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖြစ်ပွားတဲ့ ပစ္စဖိတ်စစ်ပွဲမှာ Hemingway ဟာ သူ့ရဲ့အပျော်စီး စက်လှေကို ကင်းလှည့်စက်လှေအဖြစ် ချက်ချင်းအသွင်ပြောင်းပြီး ဂျာမဏီရဲ့ရေငုပ်သဘောင်္ လှုပ်ရှားမှုတွေကို စောင့် ကြည့်ခဲ့တယ်၊ ရန်သူကိုချေမှုန်းဖို့ လျှို့ဝှက်သတင်းတွေ ပေးပို့ခဲ့တယ်။ ၁၉၄၄ ခုနှစ်မှာ Hemingway ဟာ အမေရိကန် စစ်တပ်နဲ့အတူ ဥရောပကို တွေ့ဆုံမေးမြန်းသူအဖြစ်နဲ့ ရောက်သွားခဲ့တယ်။ အဲဒီမှာ လေယာဉ် ပျက်ကျပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပေမယ့် ကုသမှု ခံယူပြီးနောက် ရန်သူ့နယ်မြေထဲ ဝင်ရောက်ပြီး အင်တာဗျူးတွေ လုပ်ခဲ့တယ်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးပြီးနောက် ကြေးတံဆိပ်ဆု တစ်ခုကို သူရခဲ့ပါတယ်။

၁၉၄ဝ ခုနှစ်မှာ Hemingwayဟာ စပိန်ပြည်တွင်းစစ်အကြောင်းနောက်ခံပြီး ဖက်စစ်ဝါဒီကို ဆန့်ကျင်တဲ့ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တဲ့ “For Whom the Bell Tolls” ကိုရေးသားခဲ့တယ်။ ၁၉၅၂ ခုနှစ်မှာ Hemingway ရေးသားခဲ့တဲ့ “The Old Man and the Sea”ဟာ စာပေနိုဘယ်လ်ဆု ရရှိခဲ့တယ်။ စာအုပ်ထဲမှာပါတဲ့ ဇာတ်ကောင်တံငါသည် Santiago ဟာ ပင်လယ်ပြင်မှာ ငါးဖမ်းခဲ့တာ ၈၄ ရက်လုံးလုံး ငါးတစ်ကောင်မှ မရခဲ့ဘူး။ စစချင်းမှာ Manolin လို့ခေါ်တဲ့ လူရွယ်လေး တစ်ယောက်က သူနဲ့အတူ ငါးဖမ်းထွက်ခဲ့တယ်။ ဒါပေမယ့် ရက် ၄ဝ အတွင်း ငါးတစ်ကောင်မှ မမိခဲ့လို့ လူရွယ်ကို သူ့မိဘတွေက တခြားငါးဖမ်းလှေနဲ့ လိုက်စေခဲ့တယ်။ သူတို့ရဲ့သားကို တံငါအိုနောက် ထည့်လိုက်ရင် ကံကောင်းမှာ မဟုတ်ဘူးလို့ သူတို့ ထင်ခဲ့လို့ဖြစ်တယ်။

၈၅ ရက်မြောက်နေ့မှာ တံငါအို Santiago ဟာ မနက်စောစောထပြီး လှေကိုအဝေးကြီး လှော်ခတ် ခဲ့တယ်။ အဲဒီမှာ လှေထက်တောင်ကြီးတဲ့ မာလင်ငါးတစ်ကောင်ကို သူမထင်မှတ်ဘဲ ဖမ်းမိခဲ့တယ်။ တံငါ အိုဟာ အဲဒီငါးနဲ့ နှစ်ရက်လောက်လုံးပန်းခဲ့ရပြီး နောက်ဆုံးမှာ ခက်ရင်းခွနဲ့ ထိုးဖမ်းနိုင်ခဲ့တယ်။ ငါးရဲ့ သွေးညီနံ့ကြောင့် ငါးမန်းတွေ တိုက်ခိုက်တာကို တံငါအို ခံခဲ့ရတယ်။ ငါးမန်းတွေရဲ့ရန်ကို သူခုခံ ကာကွယ်ခဲ့တယ်။ ဆိပ်ကမ်းပြန်ရောက်ချိန် အရိုးချည်းပဲကျန်ခဲ့တဲ့ မာလင်ငါးကိုကြည့်ပြီး တံငါအိုဟာ ခြေကုန်လက်ပန်းနဲ့ မြေပြင်ပေါ်ထိုင်ချပစ်ခဲ့တယ်။ တံငါအိုကို လူရွယ် Manolin လာကြည့်ခဲ့ပါတယ်။ တံငါအို Santiago ရှုံးနိမ့်သွားပြီလို့ Manolinမထင်ခဲ့မိဘူး။ အဲဒီနေ့ညနေမှာ Santiago ဟာ တဲအိမ်လေး မှာအိပ်ပျော်သွားခဲ့ပြီး ခြင်္သေ့တစ်ကောင်ကို သူမက်မြင်ခဲ့တယ်။

“လူတစ်ယောက်ဟာ အလဲထိုးခံရဖို့ မွေးဖွားလာခဲ့တာမဟုတ်ဘူး။ အဲဒီလူကို ပျောက်ပျက်အောင် သင် လုပ်နိုင်တယ်။ ဒါပေမယ့် အလဲထိုးပစ်လို့တော့ မရဘူး”

ဒါက တံငါအိုSantiagoရဲ့ ဘဝယုံကြည်မှုဖြစ်သလို အဲဒီဝတ္ထုထဲက စာရေးသူချပြချင်တဲ့ အတွေးလည်းဖြစ် တယ်။ ဖျက်ဆီးပစ်လို့မရနိုင်တဲ့ ကြံ့ခိုင်အား၊ ဇွဲသတ္တိကိုပြသတာလည်းဖြစ်တယ်။ လူရွယ်ဟာ တံငါအိုနဲ့ နောက်တစ်ခေါက် ပင်လယ်ထွက်ပြီး တံငါအိုဆီကနေ “စွမ်းရည်”တွေ သင်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါဟာ လူသားတို့ရဲ့ “အနိုင်မခံ အရှုံးမပေး”တဲ့စိတ်ဓာတ်ကို တစ်မျိုးဆက်ပြီးတစ်မျိုးဆက် လက်ဆင့်ကမ်းခဲ့တဲ့ သင်္ကေတပဲဖြစ်တယ်။

တံငါအိုSantiagoက Hemingwayလေးစားကိုးကွယ်တဲ့ လူမျိုးလူစားဖြစ်တယ်။ ကြံ့ခိုင်သန်မာတယ်၊ သဘောထားကြီးတယ်၊ အကြင်နာတရားရှိတယ်၊ ချစ်ခြင်းမေတ္တာပြည့်ဝတယ်။ ဘဝရဲ့စစ်ပွဲမှာ ရှုံးနိမ့် ခဲ့ပေမယ့်၊ ကံကြမ္မာကိုပြောင်းလဲလို့ မရနိုင်ပေမယ့် သူ့စိတ်ဓာတ်တွေ ကြံ့ခိုင်သန်စွမ်းခဲ့တယ်။ “လူသန်” ကြီး တစ်ဦးတယ်။ “လူသန်”က Hemingwayရဲ့ စာအုပ်တွေထဲမှာ မကြာခဏ အဖော်ပြခံရတဲ့ အဓိက အကြောင်းရင်းဖြစ်တယ်။ သူ့စာအုပ်တွေမှာ မကြာခဏပါဝင်တတ်တဲ့ ဇာတ်လိုက်ဖြစ်တယ်။ ဒီဇာတ်လိုက် တွေဟာ လောကဓံရဲ့ အပြောင်းအလဲ၊ ထိုးနှက်ချက်တွေကို အရှုံးမပေးဘဲ သတ္တိရှိရှိနဲ့ ရှေ့ဆက်လှမ်းသူ တွေဖြစ်တယ်။ သူတို့ဟာ ရှုံးနိမ့်သွားသည့်တိုင် လူ့ဂုဏ်သိက္ခာနဲ့ ရဲစွမ်းသတ္တိကို ထိန်းထားနိုင်ကြ သူတွေ ဖြစ်တယ်။ Hemingway ဟာ စာအုပ်တွေကို သူ့တစ်သက် ရေးသားခဲ့တယ်။ ဘယ်လို အခက်အခဲမျိုးမှာ ပဲဖြစ်ဖြစ် သူလက်မလွှတ်ခဲ့ဘူး။ သူဟာ အမေရိကန် လူမျိုးတို့ရဲ့ စိတ်ဓာတ်မော်ကွန်းတိုင် ပဲဖြစ်တယ်။

Hemingwayက လူတိုင်းနဲ့ရင်းနှီးတဲ့ စာရေးဆရာ အကျော်အမော် တစ်ဦးဖြစ်တယ်။ သူ့ဘဝတစ်သက်မှာ ကမ္ဘာစစ်နှစ်ကြိမ်နဲ့ ကြုံခဲ့ရတယ်။ အခက်အခဲ ဆင်းရဲဒုက္ခပေါင်းစုံ ကြုံခဲ့ရတယ်။

လူ့ဘဝခယောင်းတောလမ်းမှာ ဆူးညှောင့်ခလုတ်တွေ၊ ရွံ့နွံတွေနဲ့ ပြည့်ချင်ပြည့်နေမယ်။

လှပတဲ့ရှုခင်းတွေအစား သဲကန္တာရ၊ ချောက်ကမ်းပါးကြီးတွေ ဖြစ်ရင်လည်းဖြစ်မယ်။

အမှောင်ထုမှာ အကြာကြီး စမ်းတဝါးဝါးဖြစ်ပြီးမှ အလင်းကို ကျွန်တော်တို့ ရှာတွေ့တဲ့ အခါလည်း ရှိမယ်။

ကျွန်တော်တို့ ယုံကြည်ထားတဲ့ သစ္စာတရားတွေ ဖုန်အလိတ်လိတ် ပေကပ်ပြီး လွတ်လပ်ခြင်း အတောင်ပံ ကို ကျွန်တော်တို့ မဖြန့်နိုင်တဲ့ အခါလည်း ရှိမယ်။

ကျွန်တော်တို့ရဲ့ ကြီးမားတဲ့စိတ်ဓာတ်ဝိညာဉ်တွေ၊ ရည်ရွယ်ချက်တွေ ဦးတည်ရာပျောက်ပြီး နေရာတစ်ခု တည်းမှာပဲ တဝဲဝဲလည်နေတဲ့အခါလည်းရှိမယ်။

ဒီလိုအချိန်မျိုးမှာ သတ္တိရှိရှိနဲ့ “နောက်တစ်ကြိမ်.. နောက်တစ်ကြိမ် ထပ်ကြိုးစားမယ်”လို့ ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ကျွန်တော်တို့ အားမပေးနိုင်ရမှာလဲ။

နောက်တစ်ကြိမ် ထပ်ကြိုးစားရင် အောင်မြင်မှုကမ်းဆီ ကျွန်တော်တို့ အရောက် လှော်ခတ်နိုင်ပါတယ်။

ထင်ရှားသူတို့၏ ဘဝပုံပြင်စာအုပ်မှ....

နိုင်းနိုင်းစနေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...