လေးတန်းနှင့် ရှစ်တန်း သုံးလပတ် စာမေးပွဲတွင် မြို့နယ်၊ ခရိုင်များမှ မေးခွန်း ထုတ်မည်

လာမည့် သုံးလပတ် စာမေးပွဲ (ပထမအစမ်း) တွင် မြို့နယ်၊ ခရိုင်တို့မှ ထုတ်သော လျှို့ဝှက်မေးခွန်းများ ဖြင့်လေးတန်း၊ ရှစ်တန်းကို စတင် စစ်ဆေးတော့ မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ဆန်းတွင် ကျင်းပမည့် သုံးလပတ် စာမေးပွဲများတွင် လေးတန်းနှင့် ရှစ်တန်းကို ပညာ ရေး မိသားစုများ ထုတ်ဝေသည့် လျှို့ဝှက်မေးခွန်းပုံစံဖြင့် စတင် စစ်ဆေးတော့ မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးရခြင်းမှာ စာမေးပွဲကြီးတွင် လေးတန်းနှင့် ရှစ်တန်းကို တိုင်းခရိုင် စစ်များဖြင့် စစ်ဆေးတော့ မည်ဖြစ်သည့်အတွက် အစမ်းစာမေးပွဲများတွင် အလေ့အကျင့် ရရှိစေရန် ယင်းကဲ့သို့ စစ်ဆေးရခြင်းဖြစ် ကြောင်း မြို့နယ်ပညာရေးမှူး ရုံးများမှ သိရသည်။

“ကျောင်းစဖွင့်ပြီးတဲ့ သုံးလကျော်အတွင်းမှာ အခန်းဆုံးစစ်ဆေးမှု သုံးကြိမ်ပြုလုပ်ပြီးပါပြီ။ အဲဒီစစ်ဆေး မှုတွေက စာသင်ချိန်တစ်ချိန်လောက်ယူပြီးတော့ ကျောင်းအစီအစဉ်နဲ့ ထုတ်တဲ့မေးခွန်းတွေနဲ့မေးခဲ့ တယ်။ သုံးလပတ် စာမေးပွဲမှာတော့ ပညာရေးမိသားစုတွေက ထုတ်ဝေတဲ့မေးခွန်းတွေနဲ့ တစ်နာရီဖြေ ရတော့မှာပါ” ဟုဗဟန်းမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးဖြစ်သူက ပြောသည်။

ဒုတိယအကြိမ်စစ်ဆေးမည့် ခြောက်လပတ်စာမေးပွဲ (ဒုတိယအစမ်း) ကိုလည်း ယင်းနည်းအတိုင်းသာ စစ်ဆေး မည်ဖြစ်ပြီး၊ မေးခွန်းများကိုလည်း လုံခြုံမှုရှိစေရန်နှင့် ပေါက်ကြားမှုမရှိစေရန် မြို့နယ်အသီးသီး မှထုတ်ဝေသော မေးခွန်းများထဲမှ မေးခွန်းတစ်ခုတည်းကိုသာ ရွေးချယ်၍ဖြေမည့်နေ့တစ်ရက်အလို တွင်မှ ကျောင်းများသို့ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာတော့ ဒီလိုအခြေအနေတွေကို ကျောင်းသားတွေဖြတ်ကျော်နိုင်ဖို့အတွက် ကျောင်း ဆင်းပြီး ချိန်တွေမှာ အခကြေးငွေမယူဘဲ အချိန်ပိုခေါ်ခိုင်းထားတယ်။ သူတို့ဖြေရမယ့်မေးခွန်းတွေကို အဲ့ဒီအချိန်ပိုမှာ လေ့ကျင့်ပေးတယ်။ မေးခွန်းဆိုတာက မြန်မာနိုင်ငံစာစစ်ကထုတ်တဲ့ မေးခွန်းပုံစံကို နမူနာယူပြီး ကျောင်းအလိုက် ပြန်လေ့ကျင့်ကြတာပါ။ ဇူလိုင်ကတည်းက အဲဒီအစီအစဉ်ကို စခဲ့ပါတယ်။ ကျောင်းသားတွေက အရင်တုန်းက မအောင်မရှိပုံစံနဲ့ဖြတ်ကျော်လာခဲ့ရတာတွေကြောင့် အခုလိုပုံစံနဲ့ ဆိုရင်အကျအရှုံးများလာမယ်လို့ထင်တယ်” ဟုတာချီလိတ်မြို့နယ် ပညာရေးမှူးဦးစိန်ထွန်းလှကပြော သည်။

အခြားအတန်းများတွင် ကျောင်းသားများ၏ အရည်အချင်းကို နောက်ဆုံးစာမေးပွဲကြီးအထိ ဆရာ၊ ဆရာမများမှ အကဲဖြတ်၍ အရည်အချင်းပြည့်မီခြင်းမရှိဟု ယူဆလျှင်မိဘများနှင့်တိုင်ပင်ကာ အတန်းချ သည့်ပုံစံမျိုးအတိုင်းသာ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

“အစမ်းစာမေးပွဲတွေကနေ နောက်ဆုံးစာမေးပွဲအထိ ကျောင်းသားတစ်ယောက်က အရည်အချင်း မပြည်ဘူးလို့ ဆရာတွေက ယူဆရင် မိဘနဲ့တိုင်ပင်ပြီး အတန်းတင်ပေးရင် ကလေးပဲနစ်နာမှာကို ပြော ဆိုဆွေးနွေးပြီး အတန်းချ တဲ့ ပုံစံမျိုးတွေ လုပ်မယ်။ အခုလဲ ဒီအတိုင်း သွားနေတယ်။ ပြန်ဖြေခိုင်းတာမျိုး တွေလဲရှိမှာ မဟုတ်ဘူး။ ဒီလိုလုပ် တယ်ဆိုတာ ကျောင်းသား ကျောင်းသူတွေရဲ့ အရည်အသွေးတွေ ပြည့်မီလာဖို့အတွက်ပါ” ဟု ဗဟန်းပညာရေး မှူးရုံးမှ လက်ထောက်ပညာရေးမှူးက ပြောသည်။

ယမန်နှစ်ကရှစ်တန်းအောင်ချက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၉၀ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း သိရသည်။


Democracy Today Daily
စက်တင်ဘာ (၁၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...