သွေးသားရောင်းရန် ရှိသည် (အပိုင်း - ၂)

မင်းညီ ၊ နှင်းကို ရေးသားသည်

ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်း၊ သိမ်ကြီးဈေးနဲ့ လသာ (တရုတ်တန်း)တစ်ခွင်မှာ ကျင်လည် ကျက်စားနေတဲ့ နှင်းဆီ လေး(အမည်လွှဲ)ကတော့ သူမရဲ့ အတွေ့အကြုံ ကို အခုလို ပြောပြပါတယ်။

''ကျွန်မက ဧရာဝတီတိုင်းက လာတာပါ။ အဖေအမေ နဲ့ မောင်တစ်ယောက်က နာဂစ်မှာ ပျောက်သွားတယ်။ အခု ကျွန်မနဲ့ ညီမအငယ် တစ်ယောက် ရှိတယ်။ သူကတော့ လှိုင် သာယာမှာ အဆင်ပြေသလို အလုပ် လုပ်နေတယ်။ ကျွန်မ ကတော့ အခုမြင်တဲ့ အတိုင်းပဲ။ နာဂစ်ဖြစ်တုန်းက ကျွန်မ ကိုးတန်းပေါ့။ အဲဒါပြီးတော့ ကျွန်မ ကျောင်းဆက် မတက်နိုင် တော့ဘူး။ နောက်ပိုင်း ရန်ကုန်ကို ရောက်လာပြီး လှိုင်သာ ယာစက်မှုဇုန်မှာ ရတဲ့အလုပ်တစ်ခု ဝင်လုပ်တယ်။ ဒါပေမဲ့ စားမလောက်တော့ အဲဒီက အသိအစ်မကြီး တစ်ယောက် အဆက်နဲ့ တရုတ်တန်းက ကေတီဗွီတစ်ခုမှာ ဝင်လုပ်ရင်း နောက်ဆုံး ဒီဘဝ ရောက်သွားတာပဲ''ဟု သူမဘဝ အကြောင်း ကို ရှင်းပြပါတယ်။

နှင်းဆီလေးက သူမ ကေတီဗွီဆိုင်မှ ယခုလိုကြေးစား ဘဝရောက်လာရခြင်းမှာ ငွေကိုအလျှံပယ်သုံးနိုင်တဲ့ မြန်မာ စကားကို မပီကလာပီက လာပြောတဲ့ လုပ်ငန်းရှင်တစ်ယောက် က အစပြုကြောင်း ပြောပြပါတယ်။ သူမဟာ အဲဒီလုပ်ငန်း ရှင်ကတစ်ဆင့် သူနဲ့လိုက်ပါလာတဲ့ မိတ်ဆွေများကို ပြုစုရ ကြောင်း၊ တချို့က မြန်မာစကားကို ပြောဆိုနိုင်သော်လည်း တချို့ဖောက်သည်များ ဟာ မြန်မာစကားကို လုံးဝပြောဆိုနိုင်ခြင်း မရှိသည့် မျက်ရစ်မရှိ အသားဖြူများဖြစ် ကြောင်း ပြောပြပါတယ်။ နောက်ပိုင်းတွင် ကေတီဗွီဆိုင်သို့ လာရောက် ပျော်ပါးသည့် အချို့ လူငယ်များနှင့် သက်လတ်ပိုင်းများက လည်း သူတို့၏လိပ်စာကတ်နှင့် ဖုန်းနံပါတ်များကိုပေးခြင်း၊ လုပ်ငန်းခွင်ပြင်ပ အချိန်များတွင် တွေ့ဆုံရန်ချိန်းဆိုခြင်း များ ပြုလုပ်ခဲ့ကြောင်း သူမက ဆိုပါတယ်။

''ကျွန်မတို့ ကေတီဗွီကိုလာရင်း ဖုန်းနံပါတ်ပေးသွားလို့ အပြန်အလှန်ဖုန်းဆက်ဖြစ်တဲ့ လူတွေ ရှိတယ်။ တချို့က ရွယ် တူတွေ။ တချို့ကလဲ ကျွန်မတို့ထက် အသက်ကြီးပါတယ်။ နေ့ခင်း အဆောင်မှာအိပ်တဲ့ အချိန်မျိုးဆိုရင် သူတို့ဖုန်း ဆက်တယ်။ ပြီးတော့ ကျွန်မကို ချစ်ကြောင်း၊ အပြင်မှာ တွေ့ချင် ကြောင်း ပြောတာပေါ့နော်။ ကိုယ်လဲ နေ့ခင်းပျင်းတော့ သူတို့ ချိန်းတဲ့နေရာကိုလိုက်သွားပြီး စားသောက်ပျော်ပါးကြတာ ပေါ့။ ပြန်ရင် သူတို့လိုက်ပို့တာ ရှိသလို တစ်ခါတလေ တက္ကစီ ငှားပြီး ပြန်ပို့တာလဲရှိပါတယ်။ အပြင်စစလည်ချင်း ကတော့ ရှော့ပင်တွေဘာတွေ ဝယ်ဖြစ်ပါတယ်။

နောက်ပိုင်းကျတော့ သွားနေကျတည်းခိုခန်းမှာပဲ တစ်နေ့ခင်းလုံး အချိန်ဖြုန်းကြ တာများတယ်။ ညနေပြန်မှပဲ သူတို့စေတနာရှိသလောက် သုံးသောင်းစ ငါးသောင်းစပေးတာယူပြီး ကိုယ့်အဆောင် ပြန်တာပေါ့။

တစ်ခါတလေကျတော့လည်း ပိုက်ဆံမဟုတ် ဘဲ သူတို့ပေးတဲ့လက်ဆောင်လေး တွေယူပြီး ပြန်လာတဲ့နေ့ တွေလဲ ရှိတာပေါ့''ဟုဆိုသည်။

ထိုသို့ ကေတီဗွီကတစ်ဆင့် သိကျွမ်းခင်မင်သူများနဲ့ အပြင်မှာ ချိန်းဆိုသွားလာနေသည့်အတွက် မိမိဘဝကို မည် သို့နာမည်တပ်ရန် ကိုယ်တိုင်မသိတော့ကြောင်း နှင်းဆီလေး ကပြောပါတယ်။

''ကျွန်မတို့သိတာက အခန်းတွေ၊ အိမ်တွေနဲ့ သီးသန့် လုပ်စားမှ ပြည့်တန်ဆာ(ဖာ)လို့ ပြောကြတာပေါ့နော်။ အခု ကျွန်မတို့က ကိုယ်နဲ့ ဖုန်းနံပါတ်အဆက်အသွယ်ရှိတဲ့လူတွေ နဲ့ အပြင်မှာ ချစ်သူလို၊ မိတ်ဆွေလိုသွားလာတယ်။ သူတို့ လိုအပ်တဲ့အချိန်မှာ သူတို့အိမ်ခန်း၊ ဟိုတယ် အဆင်ပြေတဲ့ နေရာတွေမှာ ပျော်ပါးတယ်။ အဲဒီတော့ ကိုယ်ဟာ ပြည့် တန်ဆာလား၊ ကီပင်လား၊ အပျော်မယားလားဆိုတာ ကိုယ့် ဘာသာကိုယ်တောင် ဘာမှန်းမသိတော့ဘူး''ဟု ဆိုပါတယ်။

လိင်လုပ်သား သို့တည်းမဟုတ် ပြည့်တန်ဆာတွေဟာ ထောင်ကျရာက ပြန်လည်လွတ်မြောက်ခဲ့ရင်တောင် လူ ၁ဝဝမှာ ၉ဝလောက်က ဒီလောက၊ ဒီသံသရာထဲကိုပဲ ပြန် ရောက်ကြလေ့ရှိတယ်လို့ ဒေါ်စန္ဒာမင်းက ဆိုပါတယ်။ ကျန် တဲ့ ၁ဝရာခိုင်နှုန်းကတော့ ကံကောင်းလို့ အလုပ်ကောင်းရ ရှိသွားတာပါ။ အဲဒိလိုပြန်ရောက် မသွားအောင် သူတို့လေးတွေရဲ့စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းတွေကို အစိုးရပိုင်းက လုပ်ဆောင်ဖို့လိုအပ်တယ်လို့ သူမက အကြံပြုပါတယ်။

''ကျွန်မတို့လုပ်နိုင်တာက Sex Worker တွေ ထောင် ကျပြီးလို့ဖြစ်စေ၊ ဖမ်းမိလို့ဖြစ် စေ ဒီလူအားလုံးကို စိတ်ဓာတ် မြှင့်တင်ရေးနဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ဖို့ သင်တန်းကျောင်း တစ်ခု လိုအပ်နေတယ်''။

ရာဇဝတ်မှုတစ်ခုလိုဖြစ်နေတဲ့ ပြည့်တန်ဆာလုပ်ငန်း ဟာ တွေ့ရင်ဖမ်း၊ ထောင်ချ၊ ပြန်လွှတ် စသဖြင့် လုပ်ဆောင် နေရုံမျှဖြင့်တော့ ဒီလုပ်ငန်းကို ဟန့်တားရာမရောက်နိုင်ဟု ဒေါ်စန္ဒာမင်းက ယုံကြည်နေပါတယ်။ အခုလို တံခါးဖွင့်စီး ပွားရေးကို ကျင့်သုံးနေတဲ့ တိုင်းပြည်ထဲကို မကောင်းတဲ့သူ တွေ၊ လိင်ကိစ္စကိုမှ စိတ်ပါဝင်စားတဲ့ နိုင်ငံခြားသား ခရီးသွား တွေကြောင့်လည်း ဒီလုပ်ငန်းဟာ ပိုမိုကြီးထွားလာနိုင်ပါ တယ်။ ဒေါ်စန္ဒာမင်းက ယခုလိုလည်း ဥပမာပေး ပါတယ်။

''ဟောင်ကောင်တို့၊ ယိုးဒယားတို့၊ စင်ကာပူတို့ကို ကြည့်ပါ။ တိုင်းပြည်ဖွံ့ဖြိုးလာ တာနဲ့အမျှ ဒီလိုမျိုးလုပ်ငန်း တွေဟာလဲ ဖွံ့ဖြိုးလာပါတယ်။ သူတို့ဆီမှာ အဆင့်မြင့်နည်း ပညာနဲ့ ဘယ်လိုထိန်းချုပ်နေလဲဆိုတာ မိမိပတ်ဝန်းကျင် က တိုင်းပြည်ကိုသွားပြီးတော့မှ နိုင်ငံတော်အနေနဲ့ စီမံချက် ကောင်းကောင်း ထားသင့်ပါတယ်''။

ပြီးခဲ့တဲ့နှစ်အနည်းငယ်ကမှ စင်ကာပူနိုင်ငံမှပြန်လာ သူ၊ မြန်မာနိုင်ငံသား ကိုမင်းမင်းကတော့ စင်ကာပူနိုင်ငံရဲ့ ပြည့်တန်ဆာ လောကအပေါ် အစိုးရပိုင်းကထိန်းကျောင်းပုံ ကို ယခုလိုရှင်းပြပါတယ်။

''စင်ကာပူကိုရောက်ဖြစ်ရင် ဂေလန်းဆိုတဲ့ ရပ်ကွက် လေးကို သွားပါ။ အဲဒီရပ်ကွက်လေးဟာ စင်ကာပူရဲ့ ပြည့် တန်ဆာရပ်ကွက်ဆိုလဲ မမှားပါဘူး။ ရပ်ကွက်ထဲကိုဝင်သွား လိုက်တာနဲ့ နီယွန်မီးမှိန်ပြပြနဲ့ လမ်းဘေးတစ်လျှောက် မှာ ဖြူနီပြာဝါအရောင်အသွေးစုံတဲ့ ညငှက်မလေးများကို တွေ့ ရပါလိမ့်မယ်။ နှစ်ယောက်တွဲတစ်စု၊ သုံးယောက်တွဲ တစ်စု၊ တချို့က တစ်ယောက်တည်း ဆေးပေါ့လိပ်သောက်လျက်။ အများစုက ပြည်ကြီးတရုတ်မတွေဖြစ်သလို ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်စတဲ့ အာရှနွယ်ဖွားအမျိုးသမီးတွေလည်း ပါပါ တယ်။ နီဂရိုးမလေးတွေကိုလည်း တွေ့ရပါလိမ့်တယ်။

ဟေ့ ဒီမှာ ၃ဝတည်း၊ ဟေ့စမ်းကြည့်မလား၊ ဟေ့အချစ် လေးစသဖြင့် အမျိုးမျိုးမြှူဆွယ်ဖိတ်ခေါ်ကြလေ့ရှိပါတယ်။ ဂေလန်းရပ်ကွက်ထဲက လမ်းကြိုလမ်းကြားတွေမှာ ည ၁ဝ နာရီလောက်ကနေ မနက် ၄နာရီလောက်အထိ ဒီလိုပုံစံနဲ့ပဲ စည်ကားနေပါတယ်။ နိုင်ငံခြားသား အဖြူကောင်တွေကို ဟိုတစ်ယောက် ဒီတစ်ယောက်တွေ့နိုင်သလို မြန်မာ၊ ဖိလစ် ပိုင်၊ ထိုင်း၊ ဂျပန်စတဲ့ အာရှသားတွေကိုလည်း လမ်းကြိုလမ်း ကြားတွေမှာ နေရာအနှံ့မှာတွေ့ရမယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတွေကိုတော့ အုပ်စု လိုက်၊ အုပ်စုလိုက်တွေ့ရပါမယ်။ တချို့ကကိုယ်တိုင် လိင်ပျော်ပါး ကြဖို့အတွက် ရပ်ကွက်ထဲ မှာ ညလုံးပေါက်လှည့်နေသလို တချို့လဲဟိုကြည့်ဒီကြည့်နဲ့ ဂေလန်းညကို ကုန်ဆုံး ကြတာပါ။

စင်ကာပူနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်း ကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေတာဟာ နိုင်ငံခြားသားလိင်လိုက်စားသူ တိုး ပွားနေတာ ကြောင့် ဖြစ်ပါတယ်။ အလားတူ ပြည့်တန်ဆာ အများစုဟာလည်း နိုင်ငံခြားသူတွေဖြစ်သလို ဒီလုပ်ငန်း တစ်ခုလုံးရဲ့ အဓိကပင်မသွေးကြောဟာ နိုင်ငံခြားသားတွေ လို့ဆိုနိုင်ကြောင်း ကိုမင်းမင်းကပြောပြပါတယ်။ ကိုမင်းမင်း ရဲ့အလိုကတော့ ပြည့်တန်ဆာလုပ်ငန်းအပေါ် စင်ကာပူရဲ တွေရဲ့ ထိန်းကျောင်းပုံကို တော်တော် သဘောကျနေပါ တယ်။

''ဘယ်သူ့ဘယ်သူကိုမှ မထိခိုက်မနစ်နာအောင် ထိန်း ကျောင်းတယ်။ တကယ်လို့များ အခန်းထဲမှာ ပြည့်တန်ဆာ နဲ့အတူ လိင်ဆက်ဆံနေတာကိုမိရင်တောင် စလုံးရဲတွေက ကိစ္စပြီးတဲ့အထိ အပြင်ကစောင့်နေပေးတယ်။ ဂေလန်းမှာ လာရောက် ပျော်ပါးသူတွေ ပေးရတဲ့ငွေအလဟသ မဖြစ်အောင် ကိစ္စပြီးတဲ့အထိ ခွင့်ပြုပေးလိုက်တဲ့ သဘောပေါ့။ အားလုံးပြီးမှသာ အထဲကနှစ်ယောက်ကို အပြင်ခေါ်ထုတ်ပြီး လိုအပ် တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်တာပါ။ အဓိကက လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးကို သူတို့နိုင်ငံက ဘယ်လောက် လေးစားလဲဆိုတာ ပြလိုက် တာပါပဲ။''

မည်သို့ဆိုစေ လိပ်စာကတ်လေးတစ်ခုက အစပြုပြီး တည်းခိုခန်းမှာ အဆုံးသတ်သွားတဲ့ သူတို့ရဲ့ ပြည့်တန်ဆာ ဇာတ်လမ်းရှည်ကြီးကို သူတို့ရဲ့ လောကသားအများစုက တော့ စိတ်ကုန်နေကြပါပြီလို့ မခရေကပြောပါတယ်။ ဒါ ပေမဲ့ စားဝတ်နေရေးအခြေအနေများကြောင့် ရုန်းမထွက် နိုင်ဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက် ကတော့ သူတို့အပေါ်ခွဲခြားဆက်ဆံခံ ရမှုတွေကလည်း ဒီလောကကို စိတ်ကုန်နေသည့်တိုင် အရွဲ့တိုက်ချင် လောက်အောင်ဖြစ်မိ တယ်လို့ မခရေကဆိုပါတယ်။

အချုပ်ဆိုရသော် အိုင်တီခေတ်ရဲ့အကျိုးဆက်ဟာ လူသားတို့ရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို ပြောင်းလဲနေပါပြီ။ အရင်က ပြည့်တန်ဆာများနဲ့ ပျော်ပါးချင်ပါက ပြည့်တန် ဆာအိမ်ကိုသွားရောက်ရပါတယ်။ ယခုအခါ ဖုန်း၊ အင်တာ နက်ကနေ တစ်ဆင့်ချိတ်ဆက်ပြီး လူမသိသူမသိ အခန်း ကျဉ်းလေးတစ်ခုမှာ ကိစ္စအားလုံးပြီးစီးနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံမှု တိုးတက်လာမှု၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှု ကလည်း ပြည့် တန်ဆာများအတွက် ပြည်တွင်းဈေးကွက်သာမက နိုင်ငံ တကာဖောက်သည်များ အထိပါ ကျယ်ကျယ်ပြန့်ပြန့် ဝင်ငွေ ရှာဖွေနိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ အထင်ကရ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက် နေတဲ့ ထိုင်းနဲ့ စင်ကာပူ နိုင်ငံတွေမှာ ပြည့်တန်ဆာလုပ်ငန်းကိုရပ်တန့်၍မရတော့ တဲ့အခြေအနေဖြစ် နေကာ အလားတူ ပွင့်လင်းကာစမြန်မာ နိုင်ငံဟာလည်း နိုင်ငံခြားခရီးသွား များနဲ့ စီးပွားရေးလုပ် ငန်းရှင်အများအပြား ဝင်ရောက်လာချိန်မှာ ထိုသူများကို အမှီပြုပြီး ပြည့်တန်ဆာလုပ်ငန်းဟာလည်း တစ်စထက် တစ်စကျယ်ပြန့် လာနေသည်မှာ ငြင်းဆန်၍မရနိုင်ပေ။ ထို့ပြင် ကိုရီးယားယဉ်ကျေးမှု ရိုက်ခတ်မှု၊ ပြည်တွင်းအလုပ် အကိုင်နဲ့ စီးပွားရေးအဆင်မပြေမှုများမြင့်တက်နေခြင်းဟာ ယနေ့မြန်မာ့လူ့အဖွဲ့အစည်းမှာ အကျင့်စာရိတ္တယိုယွင်းပြီး အမျိုးသမီးငယ်များ လမ်းမှားရောက်သွားစေခဲ့တဲ့ အဓိက အကြောင်းတရားများပင် ဖြစ်နေပါတော့ ကြောင်း ရေးသား လိုက်ရပါတယ်။


Yangon Times Journal 
အတွဲ ၁၀ ၊ အမှတ် ၃၇ ၏ မျက်နှာဖုံး ဆောင်းပါး
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...