ပန်းသခင်နှင့် ခရမ်းချဉ်

မြို့စွန်တစ်နေရာတွင် ကျယ်ဝန်းသော ခြံကြီးတစ်ခြံ တည်ရှိ၏။

ခြံပိုင်ရှင် အငြိမ်းစား ကျောင်း အုပ်ဆရာမကြီး ဒေါ်ခင်အေးသည် လွန်စွာပန်းကြိုက်သူ ဖြစ်၏။ စိုက် ပျိုးရေး ဝါသနာပါ သူဖြစ်ပြီး သစ်ခွ မျိုးစုံကို ၀င်းခြံကြီး အတွင်း၌ စိုက် ပျိုးထား၏။

အပျိုကြီးဖြစ်၍ သစ်ခွပန်းများ ကိုသာ သားသမီးသဖွယ် ခင်တွယ် နေ၏။ အချိန်ရှိသရွေ့ ခြံထဲ၌သာ အလုပ်များနေတတ်၏။

အငြိမ်းစားယူပြီးနောက် အိမ်ဖော်များ၊ ခြံအလုပ်သမားများဖြင့်သာ နေထိုင်နေ၏။ ဆွေမျိုးသား ချင်းဟူ၍ တစ်ခါတရံ လာလည် တတ်သော တူမဖြစ်သူ ဒေါက်တာ ပွင့်သက်တင်သာ ရှိ၏။

ဒေါက်တာ ပွင့်သက်တင်က လည်း ပန်းကြိုက်သူ ဖြစ်၏။

ယနေ့တွင် လင်ကရူဇာဆစ် ဂနပ်စ်ကားကြီးကို ကိုယ်တိုင်မောင်း ၍ ရောက်ရှိလာ၏။

ငယ်သူငယ်ချင်းများ ဖြစ်ကြ သော ဒေါက်တာတင်တင်ဦး၊ ဒေါက်တာယုစန္ဒာနှင့် ဒေါက်တာ မြမြအေးတို့ပါ ခေါ်လာ၏။

''အန်တီအေး၊ နေကောင်း တယ်နော်''

''လာ လာ၊ သူငယ်ချင်းတွေ လည်း ပါသကိုး။ ခုတလော မောမောနေလို့ ခြံထဲမဆင်းနိုင်ဘူး။ တူမကြီးလာတာနဲ့ အတော် ပဲ။ နှလုံးများ ပြန်ဖြစ်ချင်သလား မသိ ပါဘူး''

ဒေါ်ခင်အေးက နှလုံးရောဂါ အခံရှိသူ ဖြစ်၏။

''မပူပါနဲ့။ ဆရာဝန်တွေ အ များကြီး ခေါ်လာတယ်။ ဝိုင်းကုပေး မှာပေါ့''

''အေးကွယ်၊ တွေ့ရတာ ဝမ်း သာပါတယ်။ ထိုင်ကြ၊ ထိုင်ကြ''

''သူတို့က သစ်ခွဝါသနာအိုး တွေလေ။ ပန်းသခင်ကို တွေ့ချင် တယ်ဆိုလို့ ခေါ်လာတာ''

''ဘယ်က ပန်းသခင်လဲ၊ တူမ ကြီးရဲ့''

''ပန်းသခင်က အန်တီအေး လေ''

''ဟေ- ဟုတ်လား၊ ဘယ်သူ ပြောလဲ''

''အငြိမ်းစား ကျောင်းအုပ်ကြီး ဦးမြသာလေ။ သူက အန်တီအေးနဲ့ Same Batch တဲ့။ ဘီအီးဒီတက် တုန်းက အန်တီအေးက ပိန်ပိန်လေးတဲ့။ အရမ်းချောတယ်တဲ့။ ဘီအီးဒီမှာ ကွင်းဆိုပဲ။ ပန်းလည်း သိပ်ကြိုက်တယ်တဲ့။ သစ်ခွမျိုးစုံကို တစ်နေ့တစ်မျိုး ပန်တတ် တယ်တဲ့။ ပန်းသခင်ဆိုပြီး နာမည်ကြီးဖူး တယ်တဲ့''

''ကိုမြသာက အဲသလိုပဲ။ ငယ် ငယ်ကအကျင့် မပျောက်သေးဘဲ ကိုး။ သူက အားကြီး အစအ နောက်သန်တယ်''

''ဟုတ်တယ်၊ ခုထက်ထိ စတုန်း နောက်တုန်းပဲ။ သူလူပျိုကြီး ဖြစ်ရတာ အန်တီအေးကြောင့်ဆို ပဲ''

''ဟင်- ဘာဆိုင်လို့လဲ''

''သူက အန်တီအေးကို စောင့် နေတာတဲ့။ မူလတန်းပြ ဆရာမလေးက သူ့ကို တစ်ဖက်သတ် ကြိုက်ဖူးတယ်တဲ့။ ဒါပေမယ့် သူက အန်တီအေးမှ အန်တီအေးဆိုပြီး စောင့်နေလိုက်တာ ပင်စင်ယူရတဲ့အထိ ရောက်သွားရောတဲ့''

''အလကားပါအေ၊ လျှောက်ပြောနေတာပါ။ သူ မစွံလို့ သူမ ရတာပါ။ ငယ်ငယ်တုန်းက Same Batch ဆရာမလောင်းတွေဆိုရင် သူ မကြိုက်ဖူးတာ မရှိဘူး''

''သြော်- ဟုတ်လား။ မသိပါဘူး၊ အန်တီအေးရယ်''

''တူမကြီးတို့လာတာ အတော်ပဲ။ တပည့်ဟောင်းတစ်ယောက်က အင်းလေးဘက်ကလေ။ သူ ရန်ကုန် အလည်လာရင်း ဝင်လာ တယ်။ ခရမ်းချဉ်သီးတွေ အများ ကြီး ပါလာတယ်။ အန်တီအေးကို ကန်တော့သွားတယ်။အပြန် ခရမ်း ချဉ်သီး ယူသွားကြ''

''ဟုတ်ကဲ့ အန်တီအေး၊ အ တော်ပဲ။ အန်တီအေးလည်း စားဦး။ ခရမ်းချဉ်သီးက နှလုံးရောဂါအတွက် ကောင်းတယ် တဲ့''

''ဟုတ်လား၊ ပြောပြပါဦး''

''အမေရိကန် သုတေသီတွေက လေ့လာမှုတစ်ခု လုပ်ခဲ့တယ်။ သူတို့က Tomato Pill ဆိုပြီး ခရမ်းချဉ်သီးကနေ လုပ်ထား တဲ့ ဆေးလုံး နဲ့ သုတေသန လုပ်တာ။ အဲဒီဆေးလုံးကို တစ်နေ့တစ်လုံး မှန်မှန်စားရင် နှလုံးရောဂါကို ကာကွယ်နိုင်တယ်တဲ့''

''သြော်- ဟုတ်လား''

''သုတေသီတွေက Tomato Pill ကို Dummy Drug နဲ့ တွဲပြီး စမ်းသပ်ခဲ့တယ်။ ဆေးအစစ်နဲ့ အတု ယှဉ်ပြီး စမ်းသပ်တာပေါ့။ အစမ်းသပ်ခံလူ စုစုပေါင်း ၇၂ ဦးမှာ စမ်းသပ်ခဲ့တာ။ ရလဒ်က သွေးကြောတွေဟာ လုပ်ငန်း ဆောင်တာ ပိုပြီးကောင်းလာ တာ တွေ့ ရ တယ်တဲ့''

''အဲဒီဆေးလုံးထဲမှာ ဘာပါသ တဲ့လဲ''

''Lycopene ပါတယ်တဲ့။ Lycopene က Natural Antioxidant အန်တီအေးရဲ့။ ဓာတ်တိုး ဆန့်ကျင်ဒြပ်ပေါင်းပေါ့''

''Lycopene ကိုတော့ တူမကြီး ပြောပြောနေလို့ ကြားဖူးနေပြီ''

''Lycopene ကို အရင်က တည်းက ပါရဂူတွေ လေ့လာဖူး တယ်။ တချို့ ကင်ဆာရောဂါတွေ ကိုလည်း ကာကွယ်ပေးနိုင်တယ်တဲ့''

''အေး- ဆက်ပါဦး''

''အရင်က မြေထဲပင်လယ်ပုံစံ အစားအသောက်အကြောင်း အန် တီအေးကို ပြောပြဖူးတယ်။ အဲဒီ အစားအသောက် က ကျန်းမာရေး အတွက် ကောင်းတယ်။ အဲဒီမှာ လည်း ခရမ်းချဉ်သီးပါတယ်လေ''

''မှတ်မိတယ် တူမကြီး''

''အစားအသောက်အနေနဲ့ စားတာလည်း ကောင်းပါတယ်။ ဒါ ပေမယ့် သုတေသီတွေက အလွယ်တကူ သောက်လို့ရ တဲ့ ဆေးလုံး ပုံစံ ရနိုင်၊မရနိုင် စမ်းသပ်နေကြတယ်''

''ဆေးလုံးဆိုတော့ သောက်ရ လွယ်တာပေါ့ကွယ်''

''ဟုတ်တယ် အန်တီအေး၊ Camnutra ဆိုတဲ့ ကုမ္ပဏီတစ်ခုကTomato Pill ကို တီထွင်ဖူးတယ်။ ခုသုတေသန ကျတော့ Camnutra နဲ့မ ဆိုင် ဘူး။ Wellcome Trust က ရန်ပုံငွေနဲ့လုပ်တာ။ British Heart Foundation ရယ်၊ National Institute of Hea-lth Research ရယ်၊ ဝိုင်းဝန်းပံ့ပိုး ကြတယ်။ခုသုတေသီတွေက Cam-bridge University ကပါ။ သုတေသီတွေ ဆေးလုံး အစွမ်း ကို လေ့လာ ခဲ့တယ်''

''ရလဒ်က ဘာတွေ့လဲ''

''သူတို့က လူ ၃၆ ဦးကို Control အနေနဲ့ထားတယ်။ ကျန်းမာ နေတဲ့ လူတွေပေါ့။ ပြီးတော့ နှလုံး ရောဂါရှင် လူပေါင်း ၃၆ ဦးနဲ့ နှိုင်းယှဉ်လေ့လာတယ်။ နှစ်လတိတိ ဆေးကျွေးတယ်။ တချို့က ဆေးလုံးအစစ် စားရတယ်။ တချို့က ဆေးလုံးအတု စားရ တယ်။ ပြီး တော့ Forearm Blood Flow ကို တိုင်းတာတယ်။ သွေးကြောကျဉ်း၊ မကျဉ်း လေ့လာတယ်။ သွေးကြော ကျဉ်းနေရင် နှလုံးသွေးကြောကျဉ်း ရောဂါတို့၊ လေသင်တုန်း ဖြတ်တာ တို့ ဖြစ်နိုင်ခြေများတယ်''

''အတော်လက်ဝင်မှာပဲနော်''

''ဟုတ်တယ် အန်တီအေး၊ ဆေးလုံးအစစ်စားရတဲ့ လူတွေမှာ နှလုံးရောဂါအခံရှိပေမယ့် သွေးအသွားအလာ တိုးတက်လာ တာ တွေ့ရ တယ်တဲ့''

''ကောင်းတဲ့ရလဒ်ပါပဲ''

''Lycopene ကို ခရမ်းချဉ်သီး တင် မကဘူး။ Apricot မှာလည်း တွေ့တယ်။ Watermelon မှာ လည်း တွေ့တယ်။ Papaya မှာ လည်း တွေ့တယ်။ Pink Grape-fruit မှာလည်း တွေ့တယ်။ ခရမ်း ချဉ်သီးအမျိုးအစားကို လိုက်ပြီး Lycopene ပါဝင်နှုန်းလည်း ကွာ ခြားတတ်တယ်တဲ့''

''အေး- ဟုတ်မယ်။ ခရမ်းချဉ် သီး အမျိုးအစားကောင်းကောင်းကို ရွေးပြီးစားမှဖြစ်မယ်''

''ခုသုတေသနကို PLOS One ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြပြီးပြီ။ သု တေသီခေါင်းဆောင် Dr . Joseph Cheriyan က ပြောတယ်။ Tomato Pill ကို စားပေမယ့် ကျန်တဲ့ ဆေးဝါးတွေလည်း ဆက်စားရဦး မှာပါတဲ့။ ရပ်ဖို့ မလိုပါဘူးတဲ့။ တ ခြားဆေးဝါးတွေ ပိုပြီး အစွမ်းထက် လာအောင် ပံ့ပိုးတဲ့ သဘောပါပဲ တဲ့''

''အေးပေါ့၊ သောက်နေကျ ဆေးတွေလည်း ဆက်သောက်ရဦး မှာပေါ့''

''Dr . Cheriyan က ခုထက်ပို ပြီး ကျန်ပြန့်တဲ့ သုတေသနတွေ နောက်ထပ်လိုပါသေးတယ်လို့ ပြောသွားတယ်''

''ထပ်လုပ်ရင် ပိုကောင်းတာ ပေါ့ကွယ်''

''British Heart Foundation ဆိုတာက ဗြိတိသျှ နှလုံးရော ဂါဆိုင်ရာ အသင်းကြီးပေါ့ အန်တီ ရယ်၊ ဒီအသင်းကြီး က ပါရဂူ Professor Jeremy Pearson က ပြော တယ်။ နောက်ထပ် ကြီးမားတဲ့ လေ့လာစမ်းသပ်မှုတွေ လိုပါသေး တယ်တဲ့။ လူနာတွေ အတွက် ပိုပြီး ထိရောက်တဲ့ ကုထုံးသစ်တွေ ရှာ တွေ့နိုင်ပါတယ်တဲ့။ မျှော်လင့်ချက် ရှိပါတယ်''

''အေးကွယ်၊ နှလုံးရောဂါသ မားတွေအတွက် ကောင်းသတင်း ပေါ့ကွယ်။ ကဲ- တူမကြီးတို့လာလို့ ရောဂါ သက်သာ သွားပြီ ထင်တယ်။ ခုမမောတော့ဘူး။ ခြံထဲ ဆင်းရ အောင်။ သစ်ခွတွေ လိုက်ပြမယ်''

ဒေါ်ခင်အေးက ခြံကြီးထဲသို့ ခေါ်သွားကာ သစ်ခွမျိုးစုံကို ရှင်း လင်းပြောပြနေ၏။

''အန်တီက ပန်းအကြောင်း အတော်သိတာပဲ။ ဒါကြောင့် ပန်း သခင် ဖြစ်တာကိုး''

ဒေါက်တာတင်တင်ဦးက ပြောလိုက်၏။

''အလကားပါ ဒေါက်တာရယ်၊ ကိုမြသာက ရွှတ်နောက်နောက်ပါ။ ဟိုလူ့နောက်၊ ဒီလူ့ နောက်နဲ့။ ဘီအီးဒီ တက်တုန်းက ခွေးချစ် တတ်တဲ့ ဆရာမလောင်း လေးတစ်ယောက် ရှိတယ်။ ကိုမြ သာက ခွေးသခင်ဆိုပြီး သွား နောက်တာ။ ဟိုက စိတ်ဆိုးပြီး လိုက်ရိုက်တော့ အသားကုန် ပြေး ပါလေရော။ အန်တီတို့မှာ ရယ် လိုက်ရတာ၊ အူကို နာရော''

''ဟုတ်လား၊ အန်တီ''

''ဟုတ်တယ်။ ကိုမြသာနဲ့က ရေစက်ကို မကုန်ဘူး။ သူက ပင် စင်ယူပြီး နယ်မှာနေပေမယ့် သူ့တူ ဒေါက်တာ ကျော်ဆွေသိန်းက အန် တီ့နားမှာ။ ဟိုဘက်ခြံမှာ နေတယ်။ သူလည်း သူ့ဦးလေးလိုပဲ ရွှတ် နောက်နောက်နဲ့''

''သြော်- သိပြီ။ ရွှေဘုံသာ လမ်းက ညောင်ရမ်းဆေးတိုက်မှာ ထိုင်တဲ့ ဒေါက်တာကျော်ဆွေသိန်း မဟုတ်လား''

''ဟုတ်သမှ သိပ်ဟုတ်ပေါ့ဗျာ''

နောက်ကျောမှ ယောက်ျားသံ ထွက်လာ၍ အားလုံးလန့်သွားကြ ၏။

''အမယ်လေးတော့''

''ဟဲ ဟဲ- မလန့်ပါနဲ့။ ကျွန် တော့်အကြောင်း အတင်းပြောနေ တာ ချောင်းနားထောင်နေတာပါ။ ကျွန်တော်က နောက်ဖေးပေါက်က တိတ်တိတ်ကလေး ဝင်လာတာပါ''

''ဟင်း- မောင်ကျော်ကတော့ သူ့ဦးလေးအတိုင်းပဲ။ နောက်ရ၊ ပြောင်ရမှ အိပ်ပျော်စားဝင်တယ် ထင်တယ်''

''ဟုတ်ပါတယ် အန်တီအေး''

''ကဲ- သစ်ခွလာတောင်းတာ မဟုတ်လား။ ညောင်ရမ်းဆေး တိုက်က သူနာပြုဆရာမလေး နွဲ့ ယမင်းက သစ်ခွ ကြိုက်တယ်လေ''
''ဟာ- အန်တီအေးက ကြိုသိ နေတာကိုး''

''သိတာပေါ့။ အန်တီအေး ပြ နေကျ နှလုံးအထူးကု သမားတော် ကြီး လူနာစမ်းရင် နွဲ့ယမင်းက ကူ နေကြလေ''

''သြော်-ဒါကြောင့်သိတာကိုး''

''ကဲပါ- အန်တီအေးရယ်၊ နောင်ဘဝ အပျိုကြီးမဖြစ်ရအောင် ဆရာကျော်ကို ပါရမီဖြည့်လိုက်ပါ''

ဒေါက်တာပွင့်သက်တင်၏ တိုက်တွန်းမှုကြောင့် ဒေါ်ခင်အေး က ခူးပြီးသားသစ်ခွအချို့ကို ဆောင့် ကြီးအောင့်ကြီးနှင့် ပေးလိုက်၏။

''ရော့ ရော့- ဒါယူပြီး ကြွ တော့''

''ဟုတ်ကဲ့၊ ကျေးဇူးတင်ပါ တယ်။ နောင်ဘဝဆက်တိုင်းဆက် တိုင်း ဦးလေးဦးမြသာနဲ့ ပေါင်းရပါ စေဗျာ။ ဟဲ ဟဲ''

ဒေါက်တာကျော်ဆွေသိန်း၏ ဆုတောင်းစကားကြောင့် အားလုံး တဝါးဝါးနှင့် ရယ်မောကြလေတော့ ၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက် ။ ။ BBC News မှ"Tomato Pill Hope for Stopping Heart Disease" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါ သည်။ အောင်(ဆေး-၁)

ဈေးကွက်ဂျာနယ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...