အချိုလျှော့လျှင် ရောဂါစင်

မိုးက တဖွဲဖွဲရွာနေ၏။

အနော်ရထာလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ မီးပွိုင့်နှင့် များစွာ မဝေးကွာလှသော အရပ်တွင် လေညိုကုန်း လက်ဖက်ရည် ဆိုင် ကလေး တည်ရှိ၏။

သာမန်လမ်းဘေး လက် ဖက်ရည်ဆိုင်ကလေး ဖြစ်သော်လည်း စာပေလောကတွင် ကျော် ကြားလှ၏။

ထိုဆိုင်ကလေးတွင် ကြီးမားလှသော ထီးကြီးများ ဖွင့်လှစ်ကာ စားသုံးသူများ မိုးမစိုစေရန် စီစဉ်ဆောင်ရွက်ပေးထား၏။

ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်းသည် လူနာတစ်ဦးအား သွေးဖောက်ပြီးနောက် လေညိုကုန်းတွင် ခေတ္တထိုင်ကာ လက်ဖက် ရည် သောက်နေ၏။

အဝလွန်ရောဂါရှိနေသော ထိုလူနာသည် မြို့စွန်တစ်နေရာတွင် နေထိုင်သူဖြစ်၍ ဦးဥာဏ်အုန်းက အပင်ပန်းခံကာ သွားရောက် ရခြင်း ဖြစ်၏။

ထိုစဉ် ဒေါက်တာကျော် ဆွေသိန်း ရောက်ရှိလာ၏

''ဟာ- ဆရာကျော်ပါ လား၊ ကြွပါဆရာ။ လက်ဖက်ရည် သုံးဆောင်ပါဦး''

''သောက်မယ် ဦးဥာဏ်အုန်း၊ အချိုပေါ့မှာပေးပါ''

''ဆရာလည်း အချို လျှော့နေပါလား''

''လျှော့ရမယ်ဗျ။ အချို များရင် ရောဂါရဖို့ များတယ်''

''ဟုတ်တယ် ဆရာ၊ ခု မနက် သွေးဖောက်ခဲ့တဲ့လူနာက ကိုယ်အလေးချိန် ပေါင်နှစ်ရာကျော်တယ်။ အချိုသိပ်စားတယ်။ အရင်က ပိန် ပိန်လေး။ အချိုတွေ အရမ်း စားပြီး တရားလွန် ဝလာတယ်။ အခု ဆီးချို၊ သွေးချို ဖြစ်နေပြီ''

''ဟုတ်တယ်၊ ကျွန်တော်လည်း ကြုံဖူးတယ်။ ကျွန်တော့်ဆေးခန်းမှာ အဝလွန်ရာကနေ နှလုံးသွေးကြောကျဉ်းတာတို့၊ လေဖြတ်တာ တို့၊ သွေးတိုးတာတို့ စုံနေ အောင် တွေ့ဖူးတယ်''

''အချိုအစားများရင် အဝလွန်မှာပေါ့နော်''

''ဟုတ်တယ်။ အချို အစားများတာက တိုင်းပြည်အတော်များများမှာ ကြုံနေရတယ်။ ယူကေမှာဆိုရင် သုတေသီတွေက စားသင့်တဲ့ သကြားပမာဏကို ပြင် ဆင်လိုက်ပြီ။ အရင်က ထောက်ခံ တင်ပြထားတဲ့ ပမာဏသတ်မှတ် ချက်ကို တစ်ဝက်လျှော့ချလိုက်ပြီ''

''ဟုတ်ကဲ့ ဆရာ''

''ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လမ်းညွှန်ချက်အရ ပြောရရင် နေ့စဉ်ရရှိနေတဲ့ ကယ်လိုရီစုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းပဲ အချိုတွေက ရသင့် တယ်တဲ့။ သဘောက အချိုနည်းနည်းပဲစားပေါ့ဗျာ။ တခြား အစားအသောက်ကနေ ကယ်လိုရီ စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းကို ရယူစေ ချင်တယ်တဲ့''

''Current Guideline တွေအကြောင်း ရှင်းပြပါဦး ဆရာ''

''လက်ရှိကျင့်သုံးနေတဲ့ လမ်းညွှန်ချက်တွေက ဒီလိုဗျ။ လူတစ်ဦးရဲ့ နေ့စဉ်အစားအစာက ရတဲ့ ကယ်လိုရီစုစုပေါင်းရဲ့ ၁၁ ရာခိုင်နှုန်း ကိုပဲ ထပ်ဖြည့်တဲ့ သကြားက ရယူပါတဲ့။ ၁၁ ရာခိုင်နှုန်းထက် မပိုစေပါနဲ့တဲ့။ ဒီအတိုင်းတွက်ရင် အရွယ်ရောက်ပြီး ယောက်ျား တစ်ဦး ဟာ နေ့စဉ် သကြားခုနစ် ဆယ်ဂရမ်ပဲ စားရမယ်။ အရွယ်ရောက်ပြီး မိန်းမတစ်ဦးဟာ နေ့စဉ် သကြားငါးဆယ်ဂရမ်ပဲ စားရမယ်။ ဒါကို ပျမ်းမျှခြင်းပေါ့ဗျာ။ လူတစ်ဦးနဲ့တစ်ဦး နည်းနည်းစီတော့ ကွာမှာပေါ့''

''ကိုယ်လက်လှုပ်ရှားမှု ရှိ၊ မရှိပေါ်မှာ မူတည်မယ်ထင်တယ် ဆရာ''

''ဟုတ်တယ်ဗျ။ အင်္ဂလန်မှာ Scientific Advisory Committee on Nutrition ဆိုတာ ရှိတယ်။ အာဟာရဆိုင်ရာ သိပ္ပံနည်းကျ အကြံပေးရေး ကော်မတီပေါ့ဗျာ။ ဒီကော်မတီရဲ့ နောက်ဆုံး ထောက်ခံချက်အရ အရင်သတ်မှတ်ချက်ရဲ့ တစ်ဝက်ကို အခုပြင်ဆင် သတ်မှတ်ထားတယ်''

''ဒါဆို ၇ဝ ဂရမ်တို့၊ ၅ဝ ဂရမ်တို့က အရင်ကထက် တစ် ဝက်လျှော့ပြီးသားပေါ့နော်''

''မှန်တယ်ဗျ။ ကုန်တိုက်ကြီးတွေကဝယ်ရင် အစားအသောက် အထုပ်တွေမှာ Total Sugar ဆိုပြီး ဖော်ပြထားတာ တွေ့ရလိမ့်မယ်။ Total Sugar အတွက် ကျတော့ UK Government Health Guideline တိတိကျကျ မရှိသေးဘူး။ ခန့်မှန်းခြေပြောရရင် Total Sugar အတွက် နေ့စဉ် ၉ဝ ဂရမ်ဆိုရင် သင့်လျော်တယ်လို့ ပညာရှင်တွေက လမ်းညွှန်ထား တယ်''

''၉ဝ ဂရမ်က ဘယ်လို သိနိုင်မလဲ ဆရာ''

''၉ဝ ဂရမ်ဆိုတာက လက်ဖက်ရည်ဇွန်းကလေး နှစ်ဆယ့်နှစ်ဇွန်းစာပေါ့ဗျာ။ လက်ဖက်ရည်ဇွန်းကလေး တစ်ဇွန်းကလေးဂရမ်နဲ့ ညီမျှတယ်ဗျ။ တချို့ပစ္စည်းတွေက တွက်ရလွယ်တယ်။ ဥပမာ - ၃၃ဝ မီလီမီတာပါတဲ့ Coca- Cola တစ်ဘူးမှာ ၃၅ ဂရမ်ပါ တယ်။ ဒါပေမယ့် တွေ့သမျှ အစားအစာအားလုံးကို အသေး စိတ် တွက်ချက်ဖို့ကတော့ မလွယ် လှဘူး''

''ဟုတ်ကဲ့ ဆရာ''

''အာဟာရဗေဒပညာရှင် Katharine Jenner ကလည်း ပြောတယ်။ ထပ်ဖြည့်သကြားပမာဏကို နေ့စဉ် အတိအကျ တွက် ချက်ဖို့ မလွယ်လှပါဘူးတဲ့။ ဒါပေမယ့် ပညာရှင်တွေကတော့ ကြိုးစားလုပ်ဆောင်နေကြတယ်။ ယူ ကေမှာ National Diet and Nutrition Survey ဆိုတဲ့ ကွင်းဆင်းလေ့လာချက်တစ်ခု လုပ်ထားတယ်။ ဒီလေ့လာချက်ကို အတို ကောက် NDNS လို့ ခေါ်တယ်။ NDNS ရဲ့ နောက်ဆုံးပေါ် အစီရင်ခံစာအရ အသက်အရွယ် အုပ်စုအားလုံးဟာ ထပ်ဖြည့်သကြားကို လိုတာထက် ပိုစားနေကြတယ်တဲ့။ သတ်မှတ်ထားတဲ့ ၁၁ ရာခိုင်နှုန်း ထက် ပိုနေတယ်တဲ့။ အထူးသဖြင့် ၁၁ နှစ်နဲ့ ၁၈ နှစ်ကြားအုပ်စုက ပိုစားတယ်တဲ့။ အဲဒီအုပ်စု စားနေတာက ၁၅ ရာခိုင်နှုန်းထက် များ နေတယ်ဆိုပဲ''

''၁၅ ရာခိုင်နှုန်းထက်များနေတာ ဘာဖြစ်လို့လဲ ဆရာ''

''Soft Drink တွေ အသောက်များလို့ဗျ။ သူတို့ဆီမှာ အချိုရည်ဘူးမျိုးစုံရှိတာကိုး။ ပြီးတော့ ကလေးတွေက သကြားလုံး တွေ၊ ချော ကလက်တွေ၊ ယိုတွေ အစားများတယ်။ ကလေးတွေက အချိုအစားများပြီး ကာယလေ့ ကျင့်ခန်းလုပ်တာ နည်းတယ်တဲ့။ အဲဒီတော့ ကလေး ဘဝမှာတင် အဝလွန်တာတွေ ဖြစ်ကုန်တယ် တဲ့''

''ဟုတ်ကဲ့ ဆရာ''

''အချိုအစားများလို့ အင်္ဂလိပ်ကလေးတွေဟာ သွားပိုးစားရောဂါ အဖြစ်များတယ်တဲ့။ အင်္ဂလန်က ပြည်သူ့ကျန်းမာရေး ဆိုင်ရာဌာနက အာဟာရဗေဒ ပညာရှင်များရဲ့ အုပ်စုအကြီးအကဲ ဖြစ်တဲ့ Dr . Alison Tedstone က ပြောတယ်။ အချိုဘူးတွေဟာ သကြားပမာဏ စားသုံးမှု များစေတဲ့ အဓိကတရားခံပါပဲတဲ့''

''ဟုတ်ကဲ့ ဆရာ''

''Scientific Advisory Committee on Nutrition ကလည်း အရင်ကလုပ်ခဲ့တဲ့ သုတေသနပေါင်း ခြောက်ရာကို ပြန်ပြီး အသေး စိတ် ခွဲခြမ်းစိတ်ဖြာပြီး လေ့လာထားတယ်။ သူတို့တွေ့တာက အချိုရည်ဘူးတွေ အသောက်များတာနဲ့ အမှတ်နှစ် အမျိုးအစား ဆီးချိုရောဂါနဲ့ ဆက် စပ်မှု ရှိတယ်တဲ့''

''ပညာရှင်တွေရဲ့ လမ်း ညွှန်ချက်ကရော ဆရာ''

''University of Oxford က ပညာရှင် Professor Susan Jebb က ပြောတယ်။ သကြားလျှော့စားရမယ်တဲ့။ ပြီးတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို များများစားရမယ်တဲ့။ အမျှင်ပါတဲ့ ကစီဓာတ် အစားအစာ စားပေးရမယ်။ ကောက်နှံပါတဲ့ အစားအစာ စားပေး ရမယ်။ Scientific Advisory Committee on Nutrition ကလည်း ပြောတယ်။ နေ့စဉ် အမျှင်ဓာတ် စားသုံးမှုဟာ လူကြီး တစ်ဦး အတွက် ၃ဝ ဂရမ် ရှိသင့်ပါ တယ်တဲ့''

''သူတို့ အင်္ဂလိပ်အစား အစာမှာ နေ့စဉ်စားဖို့ လမ်းညွှန် ချက်ရော ရှိလား ဆရာ''

''ရှိတယ်ဗျ။ တစ်နေ့ကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်က Five Protion စားရမယ်တဲ့။ Wholemeal Bread က နှစ်ချပ် စားရမယ် တဲ့။ ပြီးတော့ အမျှင်ဓာတ်များများပါတဲ့ နံနက်စောစော စားဖို့ Cereal ပါရမယ်တဲ့။ ဖုတ်ထားတဲ့ အာလူးက တစ်လုံးတဲ့။ Whole Wheat Pasta က One Protion ပါရမယ်တဲ့။ ဒါက ပျမ်းမျှ ခြင်းလမ်းညွှန်ပေါ့ဗျာ''

''ဒါဆိုရင် အချိုဓာတ် နည်းသွားပြီပေါ့''

''ဟုတ်တယ်။ ဒါက အင်္ဂလိပ်လူမျိုးတွေအတွက်ပေါ့ဗျာ။ အာရှသားတွေနဲ့တော့မတူဘူး။ သူတို့က ဂျုံစားတယ်။ ကျွန်တော်တို့ အာရှ သားတွေက ဆန်စားတယ်။ စားပုံသောက်ပုံလည်း မတူဘူး။ ခန္ဓာကိုယ်အရွယ်အစားလည်း ကွာတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံ လည်း ကွာတယ်။ နမူနာအဖြစ် လေ့လာပေါ့ဗျာ။ ပုံတူကူးချဖို့တော့ မဟုတ်ဘူးဗျ''

''ဟုတ်ကဲ့ ဆရာ''

''ခုခေတ်မှာ အချိုရည်ဘူးတွေ ခေတ်စားလာတယ်။ အသင့်စားအစားအစာတွေ၊ အမြန်စားအစားအစာတွေ ပေါ်လာတယ်။ ကျွန်တော် တို့ ငယ်ငယ်က မရှိဘူးဗျ''

''ဟုတ်တယ်ဆရာ၊ ကျွန်တော်တို့ငယ်ငယ်က မုန့်ကျွဲသည်းတို့၊ မုန့်ဗိုင်းတောင့်တို့၊ မုန့်စိမ်းပေါင်းတို့၊ ကောက်ညှင်းပေါင်းတို့ စားခဲ့ ကြတာ။ ခုခေတ်မှာ အဲဒီမုန့်တွေရောင်းတဲ့ လမ်းဘေးဈေးသည် တွေတောင် မတွေ့တာကြာပြီ''

''မှန်တယ်ဗျ။ ကြာရင် ရှားပါး တိရစ္ဆာန်တွေ မျိုးတုံးသလို တုံးသွား မှာတောင် စိုးရိမ်ရတယ်''

''ခုခေတ်ကလေးတွေ ဒီ မုန့်နာမည်တောင် မကြားဖူးကြဘူး''

''သူတို့က ကိုကာကို လာတို့၊ ကျွဲရိုင်းတို့ပဲ သိတော့တယ်။ ခု ကလေးဘဝမှာထဲက အဝလွန်ရောဂါဖြစ်နှုန်းတွေ များလာနေပြီ။ သူတို့ တစ်တွေ ကြီး လာရင် ဆီးချိုတွေ၊ သွေးတိုးတွေ၊ နှလုံးရောဂါတွေ ဖြစ်ကုန်မှာပဲ''

''ဒါဆို ခုကတည်းက ပညာပေးလုပ်ငန်းတွေ ထိထိ ရောက်ရောက် လုပ်သင့်ပြီ ဆရာ''

''မှန်တာပေါ့ဗျာ။ ကလေးဘဝကတည်းက မှန်ကန် တဲ့ အသိ၊ မှန်ကန်တဲ့ အယူအဆ တွေ သင်ကြားပို့ချပေးရမယ်ဗျ''

''ဟုတ်ကဲ့ ဆရာ''

''ကလေးတွေနဲ့ ပတ် သက်လာရင် မိဘတွေ၊ ကျောင်း ဆရာတွေက အရေးပါတယ်။ သူတို့ကိုယ်တိုင်က သိနေရမယ်ဗျ''

''ဟုတ်ကဲ့ ဆရာ''

ထိုစဉ် ဒေါက်တာပွင့် သက်တင် ရောက်ရှိလာ၏။

''ဟာ- ပွင့်ပါလား၊ လာ လေ၊ ထိုင်။ လက်ဖက်ရည် သောက် ပါလား''

''မသောက်တော့ဘူး။ အချိုလျှော့နေတယ်။ ရေနွေး ကြမ်းပဲ သောက်တော့မယ်''

''ဟာ- ပွင့်က ကျွန်တော့် ထက်တောင် အချိုလျှော့နေပါ လား''

''မလျှော့လို့လည်း မဖြစ် ဘူး။ ဝနေပြီ''

''ဟုတ်တယ်၊ ဦးဥာဏ် အုန်းရေ။ ပွင့်က ငယ်ငယ်က ပိန် ပိန်လေး၊ ဆေးကျောင်းမှာတုန်းက Queen ဗျ။ သိပ်ချောတာ''

''ခုမချောဘူးပေါ့လေ''

''ဟဲ ဟဲ- ချောတုန်းပါပဲ။ ပိန်ပိန်ပါးပါး မဟုတ်ပေမယ့် ကစ် ကစ်ကလေးနဲ့ လှနေတယ်''

''ဆရာကျော်က ကြံကြံ ဖန်ဖန် ပြောတတ်တယ်။ ဆရာ ကျော်ဆီက E-Mail ရလို့ နိုင်ငံခြားက ဆရာကြီးနဲ့ Contact ရပြီ''

''ဟာ- ကောင်းတာပေါ့။ လက်ဆောင်တွေ ဘာတွေ ပို့မှာ ပေါ့''

''ဆရာကြီးက တပည့် တွေကို အမြဲသတိရပါတယ်တဲ့။ နီဂရိုးပီကေတွေ အထုပ်လိုက် ပို့ လိုက်တယ်''

''ပီကေစားရင် ဝလိမ့် မယ်။ ကဲ- ပွင့်ရေ၊ ကျွန်တော့် ကိုသာ စွန့်ကြဲလိုက်တော့''

''ဆရာကျော် ဝလာမှာ ပေါ့''

''ပွင့်ပိန်ဖို့အတွက် ကျွန် တော် ဝရင်ဝပါစေ။ ကိုယ်အလေး ချိန် အတက်ခံပြီး ပီကေစားပေး ပါ့မယ်။ ဟဲ ဟဲ''

ဒေါက်တာကျော်ဆွေသိန်း ၏ စကားကြောင့် ဒေါက်တာပွင့် သက်တင် ငါးသလဲထိုးပြုံးလေး ပြုံးလိုက်လေတော့၏။

ရည်ညွှန်းချက် ။ ။ BBC News မှ "How much sugar do we eat?" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး -၁)

ဈေးကွက်ဂျာနယ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...