ဥပဒေပညာ စာသင်နှစ် တစ်နှစ် ထပ်တိုးမည်

anchortechnologies.com
၂၀၁၅ - ၁၆ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်များရှိ ဥပဒေ အထူးပြု ကျောင်းသားများ
ပညာသင်နှစ် ငါးနှစ် တက်ရောက် ရတော့မည်ဖြစ်၍ ငါးနှစ်စာ သင်ရိုးများကိုလည်း ရေးဆွဲပြဋ္ဌာန်း
ထားပြီးဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ မွန်မွန်တာက မြန်မာတိုင်း(မ်) ကိုပြောသည်။ 

"တရားရုံး၊ ရှေ့နေနဲ့ နိုင်ငံခြားရေးဌာန အားလုံးပါဝင်ပြီး သင်ခန်းစာတွေကို ဘယ်လိုသင်ကြားမလဲ
ဆိုတာ ညှိတယ်။ ဆွေးနွေးတယ်။ ရေးဆွဲပြီးတာတွေကို အခုချိန်မှာ ပြန်လည်ပြင်ဆင်တာတွေ ဖြည့်စွက်တာတွေ ပြန်လုပ်ခဲ့တယ်"ဟု ၎င်းကပြောသည်။ 

ဥပဒေပညာဖြင့် ကျောင်းပြီးသွားသော်လည်း ကျောင်းသားအများစုမှာ ချိန်ဘာဆင်းခြင်းကဲ့သို့ 
တရားရုံးအထိအတွေ့များ မရရှိဘဲ အလုပ်ဝင်ရောက် လုပ်ကိုင်ကြခြင်းများရှိနေရာ သီအိုရီပိုင်းသာ
တတ်မြောက်ကြသဖြင့် ကျောင်းမှပင် လက်တွေ့တရားခွင် အတွေ့အကြုံပေးရေးသင်ရိုးများနှင့် 
သီအိုရီ ပိုင်းများကိုပါ ထည့်သွင်း ရေးဆွဲထားသည် ဟုသိရသည်။ 

တရားခွင် လက်တွေ့အတွေ့အကြုံ ရရှိစေရေးအတွက် ဒဂုံတက္ကသိုလ်ဥပဒေပညာဌာနတွင် လေးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကာ ကျောင်းသားကျောင်းသူများသို့ အတွေ့ အကြုံ မျှဝေပေးခဲ့ပြီး
ဖြစ်သည်။ 

ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနတွင် ၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်ပြီးစီးခဲ့သော ပထမအကြိမ်နှင့် 
ဒုတိယအကြိမ် သရုပ်ပြတရားရုံး (Moot Court) အစီအစဉ်များတွင် ရန်ကုန်ရှေ့နေများ
အသင်းက ဥပဒေပညာဌာနမှ ကျောင်းသားကျောင်းသူများနှင့် အတူ ပူးပေါင်းပါဝင်ပြုလုပ်ခဲ့ခြင်း
ဖြစ်ပြီး ယခုနှစ်တွင် ပြုလုပ်သည့် တတိယအကြိမ်နှင့် စတုတ္ထအကြိမ်တို့တွင်မူ ဥပဒေဌာန ကျောင်းသားကျောင်းသူများ ကိုယ်တိုင် စဉ်းစားပြီး၊ တရားမမှုဖန်တီးခြင်း၊ ရှေ့နေ၊ တရားသူကြီး၊ 
တရားလို၊ တရားပြိုင် တရားလျှောက်လဲချက်များ၊ တရားစီရင်ချမှတ်ခြင်းများကို တရားရုံး 
လုပ်ထုံးလုပ်နည်းများအတိုင်း ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသူများက ပါဝင်သရုပ်ပြကြခြင်း
ဖြစ်သည်။ 

"မြန်မာနိုင်ငံဥပဒေပညာရပ်မှာ သရုပ်ပြ တရားရုံးဆိုတာ လိုအပ်နေတာကြာပါပြီ။ စာတွေ့ချည်းပဲ 
သွားနေလို့မရပါဘူး။ တကယ်တော့ ဒါက အရင်ခေတ်ကတည်းက ရှိနေခဲ့တာပါ။ နှစ်ပေါင်း ၃၀ ကျော်လောက် ဒီကြားထဲမှာ မြန်မာနိုင်ငံပညာရေးစနစ်က ကျက်ဖြေစနစ်ကြီး ဖြစ်သွားခဲ့တဲ့နောက်
အခု (Moot Court) များအစီအစဉ် ဖြစ်လာတာဟာ ပြောင်းလဲလာတဲ့ပညာရေးစနစ်ကို
မီးမောင်းထိုးပြလိုက်တာပါပဲ။ ဥပဒေ ပညာမှာ ငါးနှစ်သင်ကြားရမယ်ဆိုတာရော သရုပ်ပြအစီစဉ်
ပါဝင်လာတာကရော ကလေးတွေတင် မဟုတ်ပါဘူး။ သင်ကြားပြသပေးနေတဲ့ ဆရာ/ဆရာမတွေ
အနေနဲ့လည်း အသိပညာတိုးစေမှာဖြစ်ပါတယ်'' ဟု Myanmar Trademark &Law Firm မှ ရှေ့နေ ဦးထိန်လင်းဦး ကပြောသည်။ 

ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်တွင်လည်း ပြီးခဲ့သည့်လအတွင်းက တရားရုံး သရုပ်ပြမှုတစ်ကြိမ် 
စတင်ပြုလုပ်ခဲ့သည်။ 

"စာသင်နှစ် ရှည်သွားတာကလွဲပြီး စာသင်ရင်း လက်တွေ့ပိုင်းလုပ်ရတာဆိုတော့ ပိုကောင်းပါတယ်။
သရုပ်ပြပိုင်းပါလာတော့ သူငယ်ချင်းတွေနဲ့လည်း အတူသရုပ် ပြရတာဟာ အမှတ်တရဖြစ်စေပါ
တယ်။ အလုပ်ဝင်တဲ့အခါ ဒါတွေဟာ အထောက်အကူဖြစ်စေမှာဖြစ်ပါ"ဟု ဒဂုံတက္ကသိုလ်တွင်
ဥပဒေပညာသင်ကြားနေသည့် ဒုတိယ နှစ်ကျောင်းသူ မသီသီဟန်က ပြောသည်။ 

လေးနှစ်တက်ရောက်ပြီး ဥပဒေဘွဲ့ (LLB) ပေးအပ်ခြင်းကို ၂၀၀၀ ပြည့်နှစ်တွင်ပြန်လည်စတင်ခဲ့ခြင်း
ဖြစ်ကာ လာမည့်ပညာသင်နှစ်မှ စတင်၍ ငါးနှစ်တက်ရောက် အောင်မြင်ပြီးမှသာ ဥပဒေဘွဲ့ ရရှိတော့မည် ဖြစ်သည်။


ref;Myanmar Times
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...