တက္ကသိုလ် တက်ရောက်မည့် မသန်စွမ်း ကျောင်းသား/သူများ ပညာသင်ဆု လျှောက်ထားနိုင်


တက္ကသိုလ် တက်ရောက်ကြမည့် မသန်စွမ်း ကျောင်းသား ကျောင်းသူများအတွက် မြန်မာနိုင်ငံ
ဆန်စပါး အသင်းချုပ် (MRF)၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့် နီပွန် ဖောင်ဒေးရှင်း
တို့ပူးပေါင်းကာ ပညာသင်ဆုချီးမြှင့်ခြင်းနှင့် အတိုးမဲ့ချေးငွေ ထုတ်ချေးခြင်း အစီအစဉ်များ ဆောင်ရွက် သွားမည်ဖြစ်သည်။ 

မသန်စွမ်း ကျောင်းသားကျောင်းသူများ တက္ကသိုလ် တက်ရောက်ရန်အတွက် ကျောင်းလခ၊ ကျောင်းဝင်ကြေးနှင့် အခြားပေးသွင်းရမည့် ကုန်ကျစရိတ်များကို နီပွန်ဖောင်ဒေးရှင်းက ရာနှုန်းပြည့်
ပညာသင်စရိတ် ထောက်ပံ့သွားမည်ဖြစ်ပြီး တက်ရောက်ရမည့် ဘာသာရပ်အလိုက် လိုအပ်သော
သင်ထောက်ကူ ပစ္စည်းများ ၀ယ်ယူနိုင်ရန်အတွက် ဧဒင်အုပ်စုက အတိုးမဲ့ချေးငွေထုတ်ချေး
ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

"အတိုးမဲ့ လစဉ်အရစ်ကျ ပေးဆပ်နိုင်ဖို့ မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ ချိတ်ဆက်ထားတယ်။
ဒီအစီအစဉ်ကို ကျွန်တော်တို့ မနှစ်ကတည်းက ဆောင်ရွက်ခဲ့တာပါ။ နှစ်စဉ်ပေးအပ်ဖို့ ရည်ရွယ်
ထားပါတယ်။ ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာရပ်မဆို ပညာသင်ဆု အစီအစဉ်အတွက် လျှောက်ထားလို့ ရပါတယ်။ လူဦးရေ ကန့်သတ်မထားပါဘူး"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ
ဦးမောင်မောင်အေး က ပြောသည်။ 

ပညာသင်ဆု လူဦးရေကန့်သတ်ထားခြင်း မရှိဘဲ အနာဂတ် မျိုးဆက်သစ်လူငယ်များ၏
စွမ်းဆောင်မှု အရည်အသွေးများကို မြှင့်တင်ပေးရန် လိုအပ်သောကြောင့် ပညာသင်ဆုပေးရန် 
ရည်ရွယ်ခြင်းဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

"ဒီနှစ်အတွက်လည်း လူဦးရေ ကန့်သတ်မထားတဲ့အတွက် လျှောက်ထားတဲ့ ကျောင်းသား
အရေအတွက်ပေါ် မူတည်ပြီး ပေးအပ်သွားဖို့ ရှိပါတယ်။ အဓိက က ကျောင်းသား၊ ကျောင်းသူ
တွေမှာ ရှိနေတဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးဖို့အတွက်ပါ"ဟု ၎င်း တာဝန်ရှိသူက ပြောသည်။ 

ပညာသင်ဆု ပေးအပ်ခြင်းနှင့် MRF Leadership Program များကို ဧဒင်အုပ်စုနှင့် မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ်တို့က ၂၀၁၃ - ၁၄ ပညာသင်နှစ်တွင် စတင်ဆောင်ရွက်ခဲ့ကာ 
ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူ ၁၉၅ ဦး အား ပညာသင်ဆုချီးမြှင့်ခဲ့ပြီးဖြစ်သည်။ 

ပညာသင် ထောက်ပံ့ကြေးရရှိသူများသည် ချေးငွေပြန်လည်ပေးဆပ်ခြင်းကို ဘွဲ့ရ ရှိပြီး 
ငါးနှစ်အတွင်း အတိုးမဲ့ လစဉ်အရစ်ကျ ပေးဆပ်ရမည် အလုပ်ရှာချိန် တစ်နှစ်အတွင်း
ချေးငွေပြန်လည်ပေးဆပ်ခြင်းကို စောင့်ဆိုင်းပေးမည်ဖြစ်သည်။ 

လျှောက်လွှာများကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် မြန်မာနိုင်ငံ
မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရုံးများတွင် ထုတ်ယူနိုင်ကြပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြရ မည်ဖြစ်သည်။


ref;Myanmar Times
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...