တစ်သက်စာ ပေးလိုက် ရသူများ

စိုးစည်သူ

လုပ်ငန်းခွင် အတွင်း မတော်တဆ ထိခိုက်မှု များကြောင့် အလုပ်သမားများ မသန်စွမ်း ဖြစ်ပွားမှု များပြားလာပြီး အစိုးရ နှင့် လုပ်ငန်းရှင်များ ဘက်မှ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း အလုပ်သမား ရေးရာ ဆောင်ရွက် သူများက ပြောသည်။

ယခုနှစ် ရှစ်လတာ ကာလ အတွင်း လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာ ရမှုပေါင်း (၃၄၂) မှု ဖြစ်ပွားခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် မြင့်တက် လျက် ရှိနေကြောင်း အလုပ်သမား အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

““လုပ်ငန်းခွင် ထိခိုက်မှုကြောင့် မသန်စွမ်း ဖြစ်တဲ့ လူတွေမှာ သူတို့ရဲ့ ဘ၀ကိုပါ ထိခိုက် လာနိုင်တဲ့ အပြင် မိသားစုတွေ အတွက်ပါ အကြီးမားဆုံး ဆုံးရှုံးမှု တစ်ခု ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ အဖွဲ့တွေ ပူးပေါင်းပြီး ဖြေရှင်းဖို့ လိုအပ်နေပြီ”” ဟု အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ပြောသည်။

ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံ နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင် တချို့တွင် စနစ်တကျ ကြိုတင် ကာကွယ်မှု မရှိခြင်း၊ ဥပဒေနှင့် အညီ ဆောင်ရွက် ထားမှု မရှိခြင်း နှင့် အလုပ်ရှင်များ ပေါ့လျော့ခြင်း တို့ကြောင့် အလုပ်သမားများမှာ ထိခိုက် ဒဏ်ရာရသည့် အပြင် မသန်စွမ်း ဘ၀သို့ပါ ရောက်ရှိ နေရသည်။

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ မှ သြဂုတ် လကုန် အထိ လုပ်ငန်းခွင် များတွင် ထိခိုက်မှုကြောင့် ယာယီ မသန်စွမ်း ဖြစ်သူ (၂၈၆) ဦး၊ တစ်သက်လုံး မသန်စွမ်း ဘ၀သို့ ရောက်ရသူ (၅၂) ဦးနှင့် သေဆုံးသူ ကိုးဦး ရှိကြောင်း အလုပ်သမား အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ၀န်ကြီး ဌာနမှ ထုတ်ပြန်ချက် အရ သိရသည်။

““ဒါတွေက အလုပ်ရုံ အက်ဥပဒေကို မလိုက်နာတဲ့ အလုပ်ရှင် တွေကြောင့် ဖြစ်နေ ရတာပါ။ ဒါကြောင့် ဒီလို အလုပ်ရှင်တွေ အတွက် အစိုးရက ဖိအား ပေးသင့်တယ်။ ပြီးတော့ ခေတ်နဲ့ လျော်ညီမှု မရှိတော့တဲ့ ဥပဒေတွေ ကိုလည်း အသစ်ပြန်ပြီး ရေးဆွဲ သင့်တယ်”” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေရေးရာ ကော်မတီ အဖွဲ့ဝင် ရှေ့နေ ဦးဌေးဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင် အတွင်း အန္တရာယ် မဖြစ်ပေါ်စေရန် အလုပ်ရုံ အက်ဥပဒေကို ပြဋ္ဌာန်း ထားသော် လည်း လိုက်နာမှု အားနည်း၍ လုပ်ငန်းခွင် အတွင်း ထိခိုက် ဒဏ်ရာရရှိမှု၊ သေဆုံးမှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အလုပ်ရှင်များ ဘက်မှ လည်း လုပ်ငန်းခွင် အတွင်း ကြိုတင် ကာကွယ်နိုင်သည့် အစီအမံများ၊ ပစ္စည်း ကိရိယာ များကိုလည်း အဆင်သင့် မထားရှိခြင်း များလည်း ရှိနေကြောင်း အလုပ်သမား များထံမှ သိရသည်။

ထိခိုက် ဒဏ်ရာ ရရှိခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် များကြောင့် အလုပ်သမား များမှာ မသန်စွမ်း ဘ၀သို့ ရောက်ရှိပြီး မိသားစု စားဝတ်နေရေး ကြပ်တည်းမှု၊ စိတ်ဓာတ် ကျဆင်းမှု စသည့် အခက် အခဲများစွာ ကြုံတွေ့ကြရသည်။

““မသန်စွမ်း ဖြစ်သွားတဲ့ သူတွေကို အလုပ်ရှင်တွေက စားဝတ် နေရေးနဲ့ နောက်ထပ် အလုပ်အကိုင် ရရှိဖို့ အတွက်ပါ တာဝန် ယူသင့်တယ်။ အဓိက ကတော့ ကြိုတင် ကာကွယ်တဲ့ နည်းကို စနစ်တကျ ကျင့်သုံးရမယ်”” ဟု မသန်စွမ်း သူများအား ကူညီ ဆောင်ရွက် ပေးနေသည့် ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်း က ဆိုသည်။

ယင်းကဲ့သို့ ဆောင်ရွက် ပေးခြင်း မရှိပါက ဘ၀ကို ရှေ့ဆက် ရပ်တည်ရန် စိတ်ဓာတ်များ ပြိုပျက် သွားနိုင်ကြောင်း၊ မိသားစု စားဝတ် နေရေး အတွက် မဖြစ်မနေ အလုပ် ရှာဖွေ မရရှိပါက နောက်ဆုံး လမ်းဘေးတွင် တောင်းစား သည် အထိ ဖြစ်လာ နိုင်ကြောင်း ဦးမြတ်သူဝင်း က ပြောသည်။

ယခုနှစ် ရှစ်လ အတွင်း လုပ်ငန်းခွင် မတော်တဆမှု များကြောင့် မသန်စွမ်း ဖြစ်သွားသည့် သူများ အတွက် အစိုးရ အဖွဲ့မှ ငွေကျပ် (၇၉၆၉၂၁၀) ကျပ်ကို ရရှိအောင် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပင်စင်လစာ ကျပ် (၂၃) သိန်းကျော် ကိုလည်း ထုတ်ပေးခဲ့ပြီးကာ သေဆုံးသူများ အတွက် နစ်နာကြေး ကျပ် (၂၆၆) သိန်းကျော် အား ပေးအပ်ခဲ့ကြောင်း အလုပ်သမား အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

““လုပ်ငန်းတစ်ခု စပြီ ဆိုကတည်းက သက်ဆိုင်ရာ ၀န်ကြီးဌာနက သေချာ စိစစ်ခွင့် ပြုသင့်တယ်။ ပြီးတော့ ပညာပေး ဟောပြောပွဲတွေ များများ ပြုလုပ် သင့်တယ်။ မသန်စွမ်း ဖြစ်သွားတဲ့ အလုပ်သမားတွေ အတွက် အစိုးရ နဲ့ အလုပ်ရှင် တွေက လိုအပ်ရင် လိုအပ်သလို ထောက်ပံ့ ပေးသင့်တယ်”” ဟု ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ အလုပ်သမား ရေးရာ ဆောင်ရွက်သူ ဒေါ်မာမာဦးက ပြောသည်။

ထို့အပြင် မသန်စွမ်း သူများအား အမြဲတမ်း ဆေးကုသမှု ပေးနိုင်ရေး နှင့် လုံလောက် သည့် လျော်ကြေးငွေ ရရှိရေး တို့အတွက် အစိုးရက တာဝန်ယူ ဆောင်ရွက် ပေးသင့်ကြောင်း ဒေါ်မာမာဦးက ဆိုသည်။

လက်ရှိ၌ အလုပ်ရှင် အချို့သည် အလုပ်သမားများ အတွက် လူမှုဖူလုံရေး၊ ထည့်ဝင်ကြေး ပေးဆောင်ရန် တွန့်တို မှုများ ရှိပြီး လုံးဝ ထည့်သွင်း ပေးခြင်း မရှိသော အလုပ်ရှင် များလည်း ရှိနေကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူ များထံမှ သိရသည်။

ယခု လက်ရှိတွင် ထိခိုက် ဒဏ်ရာ ရရှိသော အလုပ်သမားများ အတွက် လူမှု ဖူလုံရေး ဌာနမှ လျော်ကြေး ငွေအမြောက်အများ ပေးဆောင် နေသော်လည်း အလုပ်ရှင်များမှ ပေးသည့် နစ်နာကြေးမှာမူ အနည်းငယ်သာ ရရှိကြောင်း အလုပ်သမား များထံမှ သိရသည်။

““လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းဖို့ ပြည်ပက ပညာရှင်တွေ လာရောက် သင်တန်း ပေးတော့မှာပါ။ အဲဒီမှာ အလုပ်ရှင်တွေ ကိုလည်း သင်ကြားပေးမှာ ဖြစ်တယ်။ ဒါကြောင့် နောက်ပိုင်းမှာ မတော် တဆမှုတွေ လျော့နည်း လာမှာပါ”” ဟု အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

ထို့အပြင် လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးကို အဓိကထား ဆောင်ရွက်ရန် ညွှန်ကြားထားပြီး မတော် တဆမှု ဖြစ်ပွားလာပါ ကလည်း ထိခိုက်သော အလုပ်သမား များအတွက် နစ်နာကြေး လုံလောက်စွာ ရရှိစေရန် လိုက်လံ ဆောင်ရွက် ပေးနေကြောင်း ၄င်းက ဆိုသည်။

ယင်းကဲ့သို့ လိုက်လံ ဆောင်ရွက် ပေးနေ သော်လည်း လုပ်ငန်းခွင်တွင် ကြိုတင် ကာကွယ်ရေး အတွက် သတ်မှတ်ချက် ဥပဒေများကို မလိုက်နာသော လုပ်ငန်းရှင်များ ကို ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်းကို မတွေ့ရသေးပေ။

ထို့ကြောင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း များမှ စနစ်တကျ လမ်းညွှန် ဆောင်ရွက်ရန် လိုအပ်နေသည့် အပြင် အလုပ်ရှင်များ ကလည်း မတော်တဆ ထိခိုက်မှုများ ဖြစ်ပေါ်လာပါက ကြုံတွေ့ရမည့် ဆုံးရှုံးမှုနှင့် ကြိုတင် ကာကွယ်ခြင်း ကြောင့် ရရှိမည့် အားသာချက် များကို နှိုင်းယှဉ် သုံးသပ်၍ လိုအပ်သော ပစ္စည်း ကိရိယာများကို ၀ယ်ယူ ပံ့ပိုးရန် လိုအပ်နေသည်။

ထိုသို့ မဆောင်ရွက် နိုင်ပါက လုပ်ငန်းခွင် အတွင်း မတော်တဆမှုများ ဆက်လက် ဖြစ်ပေါ် နေဦးမည့် အပြင် ထိခိုက် ဒဏ်ရာရမှုကြောင့် မသန်စွမ်း ဖြစ်ရသူ ဦးရေမှာ လည်း လျော့နည်း သွားမည့် အခြေအနေ မရှိပေ။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...