စီစီအေဆိုသည်မှာ

Written by ခင်မောင်ဌေး (ပညာရေး)

ကလေးဗဟိုပြု ချဉ်းကပ် သင်ကြားနည်း (CCA) များဖြင့် သင်ကြားရန် ညွှန်ကြား ထားသော်လည်း ဆရာ ဗဟိုပြု သင်ကြားနည်း TCA များဖြင့်သာ သင်ကြားနေသည်ဟု အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ထုတ်ဖော်ပြောကြား လိုက်သည်ဟု (၂၅-၇-၂၀၁၄ နေ့ထုတ် DEMOCRACY TODAY) တွင် ဖတ်ရှုလိုက်ရသည့် CCA နှင့်ပတ်သက်၍ လက်ရှိအနေ အထားများကို တင်ပြဆွေးနွေး လိုပါသည်။

စီစီအေဆိုသည်မှာ ယနေ့ပညာရေးစနစ်တွင် အကောင်အထည်ဖော်ရန် စီမံလျာထားသည့် စနစ်ဖြစ်သည်။ တစ်နည်းအားဖြင့် ကျောင်းသားဗဟိုပြုချဉ်းကပ် သင်ကြားနည်းစနစ် (Child Centre Apporach) ဖြစ်ပါသည်။

ပညာရေးစနစ်တွင် ရာစုနှစ်ပေါင်းများစွာ အစဉ်အလာအားဖြင့် သင်ကြားနေသည့်စနစ်မှာ ဆရာဗဟိုပြု သင်ကြား နည်းစနစ် (Teacher Centre Approach) သာဖြစ်သည်။ ယင်းစနစ်တွင် ဆရာကချည်း ဦးဆောင်သင်ကြားသော စနစ်ဖြစ်သည်။ ဆရာကမိမိသိသလောက် တတ်သလောက်ကို ရှေ့မှဦး ဆောင်ကာ ပြောပြ၊ တွက်ချက်၊ ရှင်းပြသည့် စနစ်ဖြစ်သည်။

ယင်းစနစ်တွင် ကျောင်းသား၊ ကျောင်းသူများသည် ဆရာ၏နောက်လိုက်များသာဖြစ်သည်။ အထူးသ ဖြင့် သင်္ချာ ဘာသာရပ်ဆိုလျှင် ဆရာကချည်းဦးဆောင်တွက်ပြသွား၏။ ကျောင်းသား၊ ကျောင်းသူများ ကနောက်မှ လိုက်၍ ကူးရုံသာဖြစ်သည်။ တချို့ဆိုလျှင် သင်္ချာဘာသာရပ်ကို ကျက်စာကဲ့သို့ပင် အလွတ်ကျက်လာကြတော့၏။ စာမေးပွဲ တွင် အဖြေမည်သို့ဖြစ်သည်ကိုပင် သိနေ၏။ အဆင့်လိုက်ယူ ဆတွက်ချက်ပုံက မရဖြစ်နေသည်။

တချို့ကျောင်းများတွင် မိမိတို့ဝယ်ယူထားသည့် ဖတ်စာအုပ်မှစာများကို ပြန်၍ကူးနေ၏။ ဆရာမက စစ်၍လက်မှတ် ထိုးပေးခြင်း၊ ပြဋ္ဌာန်းစာအုပ်မှ ပြန်ကူးရေးနေခြင်းသည် အချိန်ကိုအကျိုးမဲ့ ဖြုန်းတီးခြင်း သာဖြစ်သည်။ ဤသို့ဆိုလျှင် ပြဋ္ဌာန်းစာအုပ်ပင်ဝယ်စရာလိုမည်မဟုတ်ပါ။ သို့သော်ဤသို့ပြန်ကူးခြင်း ဖြင့် မှတ်မိနိုင်သည်ဟုဆို၏။ ဤသို့ဆိုလျှင် ဆရာ၊ ဆရာမများ၏ သင်ကြားပြသမှုလိုပါသေးသလားဟု ပင်မေးစရာဖြစ်လာ၏။ ဤသင်ကြားနည်းစနစ်သည် ပြဋ္ဌာန်းစာအုပ်ကိုသာ အမှီပြုနေရ၍ (Book Centre) ဖြစ်နေပြန်၏။

ဤသို့ (Book Centre) များအသုံးပြုလာခြင်းကြောင့် ကလေးများ၏ ပင်ကိုအရည်အသွေးများ ကျဆင်း လာကာ မိခင်မြန်မာစာသည်ပင် ပြေပြစ်ချောမွေ့စွာ မရေးတတ်တော့။ စာမေးပွဲကြီးတွင် မြန်မာစာဘာ သာရပ်ကျရှုံးသူ များပင် တစ်စတစ်စများပြားလာနေသည်ကို တွေ့ရ၏။ အကြောင်းရင်းမှာ Book Centre များကြောင့်ပင်ဖြစ်သည်။ ကျက်စာဘာသာရပ် (ဥပမာ-မြန်မာစာ) သင်သောဆရာ၊ ဆရာမ များသည် လွယ်လွယ်ကူကူပင် စာအုပ်ရိုက်၍ ကလေးများလက်ထဲသို့ ထည့်ပေးထား၏။ ဆရာ၊ ဆရာမကိုယ်တိုင်က အကြောင်းအရာကိုခြုံငုံ၍ ရှင်းပြလိုက်၏။ ကလေးများက စာအုပ်ထဲမှအသင့်ရေး ပြီးအကြောင်းအရာများကို အလွတ်ကျက်၍ ဖြေလိုက်ရုံသာရှိ၏။ စာကျက်နိုင် သူဖြေနိုင်၏။ စာရေးသူ တို့ငယ်စဉ်ကဆိုလျှင် ပင်ရင်းမြန်မာစာ၊ နိုင်ငံရေးသမိုင်းဘာသာရပ်များကို ကိုယ်တိုင်ရေးရ သည်။ ဆရာကရှင်းပြသည်။ အချက်အလက်မှတ်စုတိုကလေးများပေးသည်။ မိမိ၏ဉာဏ်ရည်ဉာဏ်သွေးဖြင့် ပြန်၍ရေးရသည်။ ဆရာကပြန်၍စစ်ပေးသည်။ ဆရာ့အတွက်အလုပ်ပိုသည်။ မိမိတို့အတွက် မြန်မာစာ အရေး အသား တိုးတက်ရုံသာမက တွေးခေါ်ယူဆချက်များလည်း မြင့်မားလာစေပါသည်။

CCA သင်ကြားနည်းစနစ်ဆိုသည်မှာ သင်ကြားမှု၊ သင်ယူမှုဖြစ်စဉ်တွင် ကလေးများကိုယ်တိုင် ပါဝင် လာစေခြင်း ဖြစ်သည်။ ဆရာကဦးဆောင်နေခြင်းသည် Passive learning သာဖြစ်သည်။ ရံဖန်ရံခါတွင် ဆရာ၊ ဆရာမ ကိုယ်တိုင်က ရှေ့မှချပေးခြင်း၊ လိုက်ဆိုစေခြင်းသည် ကလေးများ အားလုံးပါဝင်လာ သည်ဟု ဆိုနိုင်သော်လည်း Active Learning မဖြစ်နိုင်။ Passive Learning သာဖြစ်နေ၏။

စင်စစ် CCA စနစ်တွင်ဆရာ၊ ဆရာမများကိုယ်တိုင်ကလည်း အသိ၊ အမြင်၊ အတွေးအခေါ်မြင့်မားမှုရှိဖို့ လိုနေပါ သည်။ ကလေးအားလုံးပါဝင်လာစေခြင်းဖြင့် ကလေးများထံမှ မေးခွန်းပေါင်းများစွာ ထွက်ပေါ် လာနိုင်စေပါသည်။ ဆရာ၊ ဆရာမများက ဦးဆောင်၍ပြန်လည်ဆွေးနွေးနိုင်ရပါမည်။ “အားလုံး ငါပြော တာနားထောင်၊ လိုက်ရေး” ဆိုသည့်ခေတ်ကုန်သွားပါပြီ။ ကလေးများကိုယ်တိုင်ကလည်း ပြောသမျှ ငြိမ်၍နားမထောင်ကြတော့ပါ။ ဆရာ ဦးဆောင်မှုအောက်ကပင်ဖောက်၍ မေးခွန်းများတရစပ်မေးတတ် ကြသည်ကို တွေ့ရပါသည်။

CCA ဆိုသည်မှာ ဆရာသင်ပြသော နည်းစနစ်သာမကကလေးများ ကိုယ်တိုင်စဉ်းစား၍ တွက်ချက် သည့်နည်းစနစ် မှန်ကန်နေလျှင်လည်း အသိအမှတ်ပြုရပါမည်။ ဆိုလိုသည်မှာ “သင်သိသော ပန်းငါး မျိုးကိုရေးပါ” ဆိုလျှင် ဆရာမ သင်ထားသည့် (ပေးထားသည့်) ပန်းငါးမျိုးကိုရေးမှမှန်မည်မထင်ပါ။ ကလေးကိုယ်တိုင်သိသည့် ပန်းငါးမျိုး ရေးလျှင် လည်း အမှန်ပေးရခြင်းဖြစ်ပါသည်။

တစ်နေ့က ကျောင်းသားမိဘတစ်ဦးနှင့်တွေ့ပါသည်။ သူ့အခက်အခဲကို ပြောပြပါသည်။ သူ့သမီးက မြို့ပေါ်မှ နာမည်ကြီး ကျောင်းတစ်ကျောင်းမှဖြစ်ပါသည်။ (တက္ကသိုလ်ဝင်တန်းမဟုတ်ပါ)။ ကျောင်းမှ ဆရာမက ပြောလိုက် ပါသည်။ သူသင်ထားတဲ့အတိုင်းမဟုတ်ရင် အမှတ်မပေးဘူးဟု ဆိုပါသတဲ့။ သူ့သမီးမှာလည်း ထိုဆရာမထံတွင် ကျူရှင်ယူသူမဟုတ်၍ အခက်တွေ့နေကြောင်း။ လာတက်ရတဲ့ နေရာကဝေးလို့ မိမိတို့အိမ်နားမှာပဲ အပြင်ကျူရှင် ယူရကြောင်း ပြောပြ၏။ ထိုသို့ပြုခြင်းမှာ ကလေး၏ ထိုးထွင်းဉာဏ်ရည်ကို ဟန့်တားရာရောက်ပါသည်။ တစ်နည်း အားဖြင့် မိမိထံသို့လာရောက်သင်ယူရန် လှုံ့ဆော်မှုတစ်ခုလည်း ဖြစ်နေပါသည်။

စင်စစ် CCA သင်ကြားနည်းစနစ်သည် ယင်းအခက်အခဲကို ပြေလည်စေနိုင်ပါသည်။ အကြောင်းမှာ ကျောင်းသား ကိုယ်တိုင် စဉ်းစားပိုင်ခွင့်၊ ဖန်တီးနိုင်စွမ်းကို CCA ကပေးထားပါသည်။ သင်္ချာဘာသာရပ်တွင် မည်သည့် သင်ကြား နည်းစနစ်ကို သုံးသည်ဖြစ်စေ စနစ်မှန်အဆင့်မှန်လျှင် အမှတ်ပေးရမည်ဖြစ်ပါ သည်။ ဆရာမက မိမိသင်သည့် တွက်နည်းတစ်ခုကိုသာလျှင် အမှတ်ပေးမည်ဆိုသည်မှာ ဘောင်ကျဉ်း လွန်းလှပါသည်။

နွေရာသီအတွင်း မူလတန်းပြဆရာ၊ ဆရာမများအား ကလေးများနှင့်အတူ CCA သင်ကြားနည်းစနစ်ကို လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။ ကျောင်းဖွင့်ချိန်တွင် ဤစနစ်အတိုင်း သင်ကြားရန် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကိုယ်တိုင် ကြီးကြပ်မှုများရှိသည်ကိုလည်း တချို့ကျောင်းများ တွင် တွေ့ရ၏။ ဆရာ၊ ဆရာမများကို CCA စနစ်အတိုင်းသင်ကြားရန် (အဖြေရေးမပေးရ။ သင်ပုန်းပေါ် မှကူးချသည့်စနစ်မသုံးရ) ပြောသော်လည်း ဆရာမကြီးကွယ်လျှင် ဆရာမများကိုယ်တိုင်က အဖြေရေး ပေးခြင်း၊ အကြောင်းအရာရေးပြခြင်းများရှိသည်ဟူ၏။ ဆိုလိုသည်မှာ ဆရာ၊ ဆရာမများကိုယ်တိုင် စိတ်ဝင်စားဖို့လိုနေပါသည်။

CCA စနစ်အောင်မြင်အောင် အကောင်အထည်ဖော်ရာတွင် အဓိကအဟန့်အတားကြီး နှစ်ခုရှိ၏။ ယင်းမှာ သင်ကြားပြသသူ၏ လိုအပ်ချက်နှင့်ဆရာ-ကျောင်းသားအချိုး ထိန်းညှိမှုပင်ဖြစ်သည်။ သင် ကြားပြသမည့် ဆရာ၊ ဆရာမကိုယ်တိုင်က CCA စနစ်၏ အကျိုးတရားကို သိရှိ၍မိမိကိုယ်တိုင်ကလည်း အစဉ်အမြဲခေတ်မီတိုးတက်သည့် အတွေးအမြင်အယူအဆရှိနေဖို့ လိုပါသည်။ ဒုတိယအချက် မှာ ဆရာ-ကျောင်းသားအချိုးထိန်းညှိနိုင်ဖို့လိုသည်။ ယခုအခါ အခမဲ့ပညာရေးစနစ်ကြောင့် မူလတန်း၊ အလယ်တန်းတွင် ကျောင်းသားဦးရေတိုးတက်နေပါသည်။) လက်ရှိသင်ကြားနေသည့် အချိုးမှာ အခြေအနေအမျိုးမျိုးပေါ်တွင် မူတည်၍ကွဲပြားနေပါသည်။ တချို့ကျောင်းများတွင် ၁ အချိုး ၄၀။ တချို့ ကျောင်းများတွင် ၁ အချိုး ၆၀။ တချို့ကျောင်းများတွင်မူ ထို့ထက်ပင်များနိုင်ပါသည်။ လိုအပ်သည့် သင်ကြားမှု အထောက်အကူပစ္စည်းများ (Teaching Aids) ကိုထည့်မတွက်ခဲ့လျှင်ပင် ဆရာ-ကျောင်းသား အချိုးတစ်ခုတည်းဖြင့် သင်ကြားမှုထိရောက်နိုင်စွမ်းမရှိသည်ကို တွေ့နိုင်ပါသည်။ ဆေးတက္ကသိုလ်တွင် စာသင်ခန်း တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူဦးရေ ၃၀၀ ကျော်ရှိကြောင်း ဆေးတက္ကသိုလ်တက် နေသည့် တပည့်တစ်ဦး၏ မိဘက ပြောပါသည်။

ထို့ကြောင့် CCA ပညာသင်ကြားနည်းစနစ်သည် ထူးချွန်ထက်မြက်သူများ၊ ကိုယ်ရည်ကိုယ်သွေးမြင့်မား သူများ၊ စဉ်းစားဉာဏ်တီထွင်ရင့်သန်သူများ၊ ကိုယ့်အားကိုယ်ကိုးလိုသူများ ထွက်ပေါ်လာနိုင်ပါသည်။ အထူးသဖြင့် မူလတန်း အဆင့်တွင် ကျောင်းသား-ဆရာအချိုး မျှတအောင်ဆောင်ရွက်ခြင်း၊ ဆရာ၊ ဆရာမများအား ပြည့်ပြည့်ဝဝ သင်တန်းပို့ချခြင်း၊ ဖြစ်နိုင်သောသင်ထောက်ကူများ ပြည့်ပြည့်စုံစုံသုံးခြင်း ဖြင့်စတင်နိုင်ပါသည်။ မူလတန်းအဆင့် တွင် CCA နည်းစနစ် အလေ့အကျင့်ကောင်းများကို ပြုစုပျိုး ထောင်ပေးနိုင်မှသာလျှင် အလယ်တန်းအဆင့်၊ အထက်တန်း အဆင့်များတွင် ယင်းအလေ့အထများ ကိုဆက်လက်ချဲ့ထွင် အသုံးပြုနိုင်မည်ဖြစ်၏။ ဤသို့စဉ်ဆက် မပြတ် သင်ကြားလေ့ကျင့် ပေးနိုင်မှသာ လျှင် မိမိတို့လိုလားသည့် စွမ်းရည်မြင့်လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်နိုင်လိမ့်မည်ဟု တွေ့ဆမိ၏။ ။ 


Democracy Today Daily
သြဂုတ် (၁၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...