ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားများကို ဂျပန်မီဇူဟိုဘဏ်မှ ပညာသင်ဆုများ နှစ်စဉ် ချီးမြှင့်မည်

ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများကို ဂျပန်ဇူမီဟို ဘဏ်လီမီတက်က ယခုနှစ်မှ စတင်ကာ နှစ်စဉ် ပညာသင်ဆုများ ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆုများကို နှစ်စဉ်ချီးမြှင့်နိုင်ရန် ယခု ပညာ သင်နှစ်မှစတင်၍ ကျောင်းသား ၂၅ ဦးကိုရွေးချယ် ပြီး၊ အဆိုပါ ရွေးချယ်ထားသော ပညာသင်ဆုရ ကျောင်းသား များကို တစ်နှစ်တာပညာသင် ထောက်ပံ့ ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀ စီချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပညာသင်ဆု ရရှိပြီးသူများသာမက မရရှိ သေးသူများလည်း နှစ်စဉ်ပညာသင်ဆု အစီအစဉ်များတွင် ဆက်လက်လျှောက်ထားနိုင် ကြောင်း သိရသည်။

“မီဇူဟိုအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ပညာရေးအတွက် တစ်ဖက်တစ်လမ်းကနေ အခုလိုပညာသင်ဆု ပေးတာ တွေကို တောက်လျှောက်လုပ်သွားမှာပါ။ ဒီနှစ်ပထမဆုံးစပြီး ပေးလိုက်တာပေါ့။ နောက်နှစ် တွေအတွက်လဲ အစီအစဉ်တွေရှိလာမှာပါ” ဟု ဂျပန်ဇူမီဟိုဘဏ်လီမိတက်မှ Senior Representative Officer မဖြစ်သူ မမီမီနေမင်းဝင်းက ပြောသည်။

ပညာသင်ဆုလျှောက်လွှာများကိုပြီးခဲ့သည့် ဇူလိုင်လခန့်ကခေါ်ယူခဲ့ပြီး သြဂုတ် ၂၉ ရက်က ပညာသင်ဆု ရွေးချယ် ခံရသောသူများကို တစ်နှစ်တာပညာသင်ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ တက္ကသိုလ်ဘက်ကနေ ဒီမီဇူဟိုဘဏ်နဲ့ နားလည်မှုစာချွန်လွှာထိုးခြင်းနဲ့ ပညာသင်ဆု ပေးအပ်ရေး အတွက် ပဏာမဆွေးနွေးမှုတွေကို ဇူလိုင်လလောက်က လုပ်ခဲ့ပါတယ်။ လျှောက်လွှာတွေ ကို Notice Board မှာကပ်ပြီး ပထမနှစ်ကနေ တစ်ကျောင်းလုံးကကျောင်းသား၊ ကျောင်းသူတွေကို လျှောက်လွှာခေါ်လိုက်တာပေါ့။ လျှောက်တဲ့စာရင်းနောက်ဆုံးဆန်ခါတင် ၆၀ ရှိတဲ့အထဲကမှ သတ် မှတ်ချက်နဲ့ကိုက်ညီတဲ့ ကျောင်းသားတစ်တန်းကို သုံးဦးနဲ့ ရွေးလိုက်တာပါ။ အဓိကကတော့ ပညာထူး ချွန်မယ်။ အသက် ၃၅ နှစ်အောက်၊ နွမ်းပါးတဲ့ကလေးတွေကို ဦးစားပေးရွေးချယ်လိုက်တာပါ” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှ မော်ကွန်းထိန်းအဆင့် (၁) ဖြစ်သူ ဦးသန်းစိုးဦး ကပြောသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ရှိ ပညာသင်ဆုအစီအစဉ်များတွင် ဂျပန်ကုမ္ပဏီနှင့် ဘဏ်လုပ်ငန်းများမှ ထောက်ပံ့ပေး မှုများသည် များသောအားဖြင့် ပရိုဂရမ်တစ်ခုချင်းစီအတွက်ဖြစ်ပြီး ယခုကဲ့သို့ပထမနှစ် ကျောင်းသားများမှ စတင်ပြီး ပေးအပ်သည့် ပညာသင်ဆုအစီအစဉ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ 


Democracy Today Daily
သြဂုတ် (၃၁) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...