ကျောင်းသုံး စာအုပ်များ အမှားကင်းစေချင်

Written by ကျောင်းဆရာတစ်ဦး

အီဂျစ်လူမျိုးတွေဟာ နေကုအခြေပြုတဲ့ ပြက္ခဒိန်စနစ်ကို အဦးဆုံး စတင်သုံးစွဲ သူများဖြစ်တယ်လို့ ယုံ ကြည်ကြ ပါတယ်။ အီဂျစ် သမိုင်းပညာရှင် ဂျေအိတ်(ချ) ဘရက်စတက် က အီဂျစ်တို့ရဲ့ အစောဆုံးနေ့စွဲ မှတ်တမ်းဟာ 4236.BC ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့စွဲကတော့ ဂရီဂိုရီယန် ပြက္ခဒိန်နေ့စွဲနဲ့ တွက် ထားတာပါ။

ဆိုင်းရပ်ကြယ်ကို လပေါင်းများစွာ မတွေ့မြင်ရတဲ့ အခြေအနေကနေ နေမထွက်မီ အရှေ့ကောင်းကင် မှာပြန်တွေ့ရတဲ့အဖြစ်ကို အီဂျစ်တို့သတိပြုမိခဲ့ပါတယ်။ ဆိုင်းရပ်ကြယ်ပေါ်ပြီး မကြာမတင်မှာဘဲ နိုင်း မြစ်ရဲ့နှစ်စဉ်ရေလျှံတဲ့ အချိန်ကျရောက်လေ့ ရှိတာကိုလဲ အီဂျစ်တို့ သတိထားခဲ့မိကြပါတယ်။ ဒီအချက် နှစ်ခုကနေ နေနှစ်တစ်နှစ်၊ (ကမ္ဘာကနေကို တစ်ပတ်ပတ်မိချိန်) ဟာ ၃၆၅ ရက်နဲ့ညီတယ်လို့ အီဂျစ်တို့ သိခဲ့ကြပါတယ်။ တစ်လကို ရက် ၃၀ နဲ့ ၁၂ လရှိတဲ့ပြက္ခဒိန်နှစ်အဆုံးမှာ ၅ ရက် ထည့်ပေါင်းကြပါတယ်။ ကမ္ဘာ့ကနေကို တစ်ပတ်ပတ်ဖို့ ကြာတဲ့အချိန်ဟာ ၃၆၅ ရက်၊ ၅ နာရီ၊ ၄၈ မိနစ်နဲ့ ၄၆ စက္ကန့်ဖြစ်တာမို့၊ အီဂျစ်ပြက္ခဒိန်တစ်နှစ်ပြည့်ပြီလို့ သတ်မှတ်လိုက်တဲ့အချိန်မှာ တကယ့်နေ နှစ်တစ်နှစ်ပြည့်ဖို့ ၅ နာရီ ၄၈ မိနစ်နဲ့ ၄၆ စက္ကန့်လိုပါသေးတယ်။ ပြက္ခဒိန်ကနေ နှစ်ရဲ့အရှေ့ကိုရောက်နေတာမို့ အီဂျစ်ပြက္ခဒိန်က မြန်နေတာပါ။

ဒသမတန်းအတွက် ပြဋ္ဌာန်းထားတဲ့ English Text ထဲမှာတော့ The Egyptian Calendar Was slower than the exact year လို့ရေးထားပါတယ်။ အမှန်နဲ့ပြောင်းပြန်ဖြစ်နေပါတယ်။

ရောမတွေက ဂရိတွေနဲ့ ပြက္ခဒိန်စနစ်တချို့ကို မှီငြမ်းခဲ့တယ်လို့ ဆိုပါတယ်။ ရောမရဲ့ ရိုမူလပ်လက် ထက် BC 700 လောက်မှာ ရောမပြက္ခဒိန်စတင်သုံးခဲ့ပါတယ်။ ရိုမန်ပြက္ခဒိန်ဟာ ၃၅၅ ရက်ရှိပါတယ်။ နေနှစ်နဲ့မညီတာကြောင့် တချို့နှစ်တွေမှာ မာစီဒီနပ်လို့ခေါ်တဲ့လတစ်လကို ဖေဖော်ဝါရီလ ၂၃ ရက် သို့မဟုတ် ၂၄ ရက်ရဲ့နောက်မှာ ရက်ပေါင်း ၂၂ ရက် သို့မဟုတ် ၂၃ ရက် ရက်ထပ်ပေါင်းခဲ့ပါတယ်။ ရိုမန်ပြက္ခဒိန်ရဲ့ ချို့ယွင်းချက်တွေကို ပြုပြင်ဖို့ ဂျူလီယက်ဆီဇာလက်ထက်မှာ ကြိုးစားခဲ့တာပါ။

ဘီစီ ၄၆ မှာ နက္ခတ်ပညာရှင် ဆိုဆီဂျီနက်ရဲ့အကြံဉာဏ်ကိုရယူပြီး လေးနှစ်တစ်ကြိမ်ရက်ထပ်နှစ်အ ဖြစ်သတ်မှတ် ခဲ့ပါတယ်။ ရက်ထပ်နှစ်မှာ ၃၆၆ ရက်ယူတာကြောင့်၊ တစ်နှစ်ကို ၁/၄ ရက်၊ တစ်နည်း အားဖြင့် ၆ နာရီထည့် ပေါင်းတာနဲ့ တူပါတယ်။ ဒါကြောင့်ဂျူလီယက်ဆီဇာ ပြက္ခဒိန်နှစ်ဟာ ၃၆၅ ရက်နဲ့ ၆ နာရီကြာရှည်ပါတယ်။ နေနှစ်ထက် ၁၁ မိနစ် ၁၄ စက္ကန့်ပိုကြာရှည်နေပါတယ်။

ဒါပေမဲ့ English Text မှာတော့ Julius Caser calendar was almost twelve minutes too fast လို့ရေး ထားပါတယ်။ ဒါလဲအမှန်နဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။

စာရေးသူဟာ ကျောင်းဆရာတစ်ယောက်ပါ၊ စာအုပ်စပြဋ္ဌာန်းတဲ့နှစ်မှာပဲ ကလေးတွေကို စာသင်ရင်း ရှင်းပြဖို့ လိုတော့ အမှားတွေ့ပါတယ်။ ရန်ကုန်ဝိဇ္ဇာသိပ္ပံအင်္ဂလိပ်စာပါမောက္ခရယ်၊ ပညာရေးတက္ကသိုလ် ကအင်္ဂလိပ်စာ ပါမောက္ခများဆီကို မှားယွင်းနေတဲ့အကြောင်း စာတိုက်ကနေပေးပို့ခဲ့ပါတယ်။ ကျောင်း ကဖုန်းနံပါတ်ကိုလည်း ထည့်ပေးလိုက်ပါတယ်။ ကျွန်တော့်ကိုခေါ်ပါ။ လာရှင်းပြပါမယ်လို့လည်း ရေး လိုက်ပါတယ်။ လုံးဝအဆက်အသွယ် မလုပ်ခဲ့ကြပါဘူး။ ဒဂုံတက္ကသိုလ်က အင်္ဂလိပ်စာဌာနမှာတော့ အသိကထိကတစ်ယောက်ရှိတာမို့ လူကိုယ်တိုင် သွားပြီး ရှင်းပြခဲ့ပါတယ်။ ပါမောက္ခကိုပေးဖို့လဲ စာတစ် စောင်အပ်ခဲ့ပါတယ်။ ဒဂုံတက္ကသိုလ်ကလည်း မခေါ်ခဲ့ပါဘူး။

အဲဒီလိုအမှားတွေသင်နေတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ နောက်ထပ် Text တွေကိုပြဋ္ဌာန်းတော့မယ် ဆိုရင် အမှားအယွင်းကင်းအောင် ကြိုးစားကြပါလို့ အကြံပြုလိုပါကြောင်း ဒီမိုကရေစီတူဒေးသတင်းစာ မှတစ်ဆင့် တင်ပြလိုက်ပါတယ်။ 


Democracy Today Daily
စက်တင်ဘာ (၂) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...