တက္ကသိုလ်ဝင်တန်း စာမေးပွဲအစား အခြေခံပညာ အထက်တန်း စာမေးပွဲဟု အမည်ပြောင်းရန် စီစဉ်

ရန်ကုန်၊ စက်တင်ဘာ ၉

အဆင့်မြင့်ပညာ တက္ကသိုလ်များ ဝင်ခွင့်အတွက် ဖြေဆိုရသော တက္ကသိုလ်ဝင်တန်း စာမေးပွဲ နေရာတွင် အခြေခံပညာ အထက်တန်း စာမေးပွဲဟုသာ ပြောင်းလဲ ခေါ်ဆိုရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ စီစဉ် နေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက် မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဝင်းက The Voice သို့ ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ် ပြောင်းလဲရန် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်၍ အကောင်အထည် ဖော်မည့် နှစ်ကိုမူ မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ပညာရေးနယ်ပယ် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးကမူ အဆိုပါ နာမည် အပြောင်းအလဲကို လာမည့် ၂၀၁၅ ခုနှစ်မှစ၍ ပြောင်းလဲနိုင် ဖွယ် ရှိကြောင်း ပြောဆိုသည်။

“အတည်ပြုချက်တော့ မရှိသေးဘူး။ တချို့လည်း ဆွေးနွေးနေတုန်းပဲ။ မပြီးပြတ်သေးပါဘူး” ဟု ဒေါက်တာစိုးဝင်းက The Voice သို့ ရှင်းပြသည်။

ယင်းမှာ ပညာရေး ဝန်ကြီးဌာနက တက္ကသိုလ် စာမေးပွဲစနစ် ပြောင်းလဲရန် ကနဦး အစီအစဉ်အဖြစ် စတင်ခြင်း ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်း စာမေးပွဲအဖြစ် ပြောင်းလဲခြင်းကြောင့် အထက်တန်း ပြီးဆုံးသူများသည် ကြိုက်နှစ်သက်ရာ တက္ကသိုလ်တိုင်းကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုကာ တက်ရောက်နိုင်မည် ဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ပြုလုပ်သော ပညာရေး ဆွေးနွေးပွဲများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် အခြေခံ ပညာ အထက်တန်းစာမေးပွဲ အသုံးအနှုန်းတို့ကို ပြောင်းလဲရန် အချေအတင်ဝေဖန် ထောက်ပြလေ့ရှိပြီး လက်ရှိ အချိန်ထိ သဘောတူညီချက် မရနိုင်သေးကြောင်း အခြေခံပညာ အသိုင်းအဝိုင်းထံ စုံစမ်းသိရှိရသည်။

သို့သော် လက်ရှိ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီးသော အမျိုးသားပညာရေး ဥပဒေတွင် တက္ကသိုလ် ဝင်ခွင့်ကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ သတ်မှတ်ချက်အလိုက် ရွေးချယ်လက်ခံသောစနစ် ပြောင်းလဲရန် ထည့်သွင်းထားသည်။ 


The Voice Journal
10.9.2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...