အရိုးအဆစ်ထိ လိုက်နာကျင်ပါက မလှုပ်ရှားသင့် ဟူသည့် အယူအဆ လွဲမှားနေ

Written by ကေတီအမ်

“ကျွန်တော်တို့ ဆရာဝန်တွေ ကိုယ်တိုင် မသိကြ တာတွေ အများကြီးပဲ။ အရိုးအဆစ် တစ်ခုခု ဖြစ်ပြီ ဆိုရင် လှုပ်နိုင် သမျှတော့ လှုပ်ရှားပါ ဆိုတာကို မပြော မိကြဘူး။ လူနာကလဲ မလှုပ်ရှား ရဘူးဆိုတော့ မလှုပ်ကြဘူး။ အဲဒီလိုမျိုး လွဲမှားတဲ့ အယူအဆတွေကို ပြင်ဖို့လိုပါတယ်” အရေးပေါ် အသက်ကယ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ထူးမောင်အုံးက ပြောကြားသည်။

အဆိုပါ အရိုးအဆစ်ဝေဒနာ ခံစားနေရသော လူနာများအနေဖြင့် အိပ်ရာထဲတွင်ပင် ငြိမ်မနေသင့်ကြောင်း၊ အမှန် တကယ် အန္တရာယ်ရှိသည့် အချိန်နှင့် နာကျင်နေသည့် အချိန်များတွင်သာ ငြိမ်နေသင့်ပြီး ယင်းသို့ငြိမ်နေသည့် အခါတွင်လည်း ဝေဒနာ ခံစားနေရသည့် နေရာမှလွဲ၍ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်း များက လှုပ်ရှားနေရန် လိုအပ်ကြောင်း၊ သို့မှသာအလျင်အမြန် သက်သာပျောက်ကင်းနိုင်မည်ဖြစ် ကြောင်း သိရသည်။

ယင်းကုသနည်းကို Physiotherapy ပညာရပ်ဟုခေါ်ဆိုနိုင်ပြီး အဆိုပါကုသနည်းဖြင့် တွဲ၍ကုသသည့် လူနာနှင့် Physiotherapy မပါဘဲကုသသည့်လူနာများတွင် ကုသပျောက်ကင်းနှုန်းသည် ထက်ဝက်ခန့် ကွာခြားမှုမရှိကြောင်း သိရသည်။

“လူနာတစ်ယောက် ရိုးရိုးအရိုးတစ်ခု ကျိုးသွားတယ်။ ဥပမာဆေးရုံမှာ တစ်လနေရမယ်ဆိုရင် Physio-therapy ပါတဲ့လူနာဆိုရင် လူနာကနှစ်ပတ်လောက်ပဲနေရမယ်။ ဒီနည်းက အရိုးကိုပြန်မဆက်ပေမယ့် လှုပ်ရှားမှုတွေ အကုန်လုံး ရသွားတဲ့အတွက် နေ့စဉ်နေဖို့ထိုင်ဖို့၊ သွားဖို့၊ လာဖို့အတွက် မိသားစုတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး” ဟု မြန်မာနိုင်ငံ အကြောအဆစ်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်း မြင့်ကလည်း ပြောသည်။

ယင်းအတွက်ကြောင့် Physiotherapy သည်ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး ဆေးကုသမှုပုံစံတွင် ပါဝင်ကြောင်း၊ ယင်းအတွက်ကြောင့် နိုင်ငံခြားတိုင်းပြည်များတွင် Physiotherapy နည်းပညာကို Up Date လုပ်နေကြခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါပညာရှင်များသည် တချို့သော ဆေးရုံကြီးများတွင် အသုံးပြုကြသော သက်ဆိုင်ရာ အထူးကုသမားတော် များက ယင်းပညာရပ်ကို အသုံးပြုမှုနည်းနေသေး သည့်အတွက် လူနာများအတွက်လည်း ရောဂါသက်သာ ပျောက်ကင်းမှုနှုန်း နှေးနေကြောင်းသိရသည်။

“Physiotherapy ဘာသာရပ်နှင့်ပတ်သက်ပြီး အသုံးပြုတဲ့အလေ့အကျင့်က ပြည်ပနိုင်ငံတွေမှာ အသုံး ပြုမှုများ နေပေမယ့် မြန်မာနိုင်ငံမှာတော့ အသုံးပြုမှုကနည်းနေပါသေးတယ်” ဟု ဦးထွန်းမြင့်ကဆက် လက်ပြောသည်။

အဆိုပါပညာရပ်ဆိုင်ရာ ပညာရှင်များ အသင်းကို မြန်မာနိုင်ငံတွင်ဖွဲ့စည်းထားပြီးဖြစ်ကာ ကမ္ဘာပေါ်တွင် Physiotherapy အသင်းပေါင်း ၁၂၀ ခန့်ရှိပြီး အသင်းသားပေါင်း လေးသိန်းခန့်ရှိကာ မြန်မာနိုင်ငံတွင် Physiotherapy အသင်းကိုဖွဲ့စည်းခဲ့သည်မှာ တစ်နှစ်ခွဲနှစ်နှစ်ခန့်ရှိပြီး မြန်မာနိုင်ငံတွင် Physiother-apy အင်အားမှာ ၁၄၀၀ ခန့်ရှိသော်လည်း အသင်းဝင်ထားသည့် အသင်းသားဦးရေမှာ ၆၀၀ ခန့်သာရှိ သေးကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှလည်း ၂၀၁၁ ခုနှစ်မှစတင်ကာ ယင်းပညာရှင်များအား ‘Independent Professional’ များအဖြစ် ကြေညာခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာနအနေနှင့် အကြောအဆစ် ပညာရှင်များ တိုးချဲ့ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်းများအပြင် အထောက်အကူပြုစက် ကိရိယာများကိုလည်း ထောက်ပံ့ပေး ခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြကပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌အကြောအဆစ်ကုပညာရှင်ပေါင်း ၁၃၇၀ ဦးခန့်ရှိနေပြီဖြစ်ကြောင်း၊ ပညာရှင် နှင့်လူဦးရေ အချိုးကို ကြည့်မည်ဆိုပါက မြန်မာနိုင်ငံအနေနှင့် တိုးတက်သောနိုင်ငံများ၏အချိုးထက် နည်းနေကြောင်းတွေ့ရှိရပြီး တိုးတက်သောနိုင်ငံများ၏အချိုးကို မီဖို့ရန်အတွက်မှာ ယင်းပညာရပ်တိုး တက်လာစေရန် မြန်မာနိုင်ငံအကြော အဆစ် ကုပညာရှင်များ အသင်းအနေနှင့် ကောင်စီဥပဒေများ အလျင်အမြန်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရန်လိုအပ်ကြောင်း သိရသည်။


Democracy Today Daily
စက်တင်ဘာ (၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...