ခရီးဆောင် အရေးပေါ် ပစ္စည်းထုပ် အသင့်ပြင်နည်း

ရာသီဥတု အခြေအနေ မကောင်းလျှင် အပြင် မသွား ခြင်းသည် အကောင်းဆုံး အန္တရာယ် ကာကွယ်ခြင်း ဖြစ်သည်။ သို့သော်၊ မတတ်သာ၍ အပြင်သွားရမည် ဆိုလျှင် ကြိုတင်ပြင်ဆင်မှု ရှိရမည်။ သာမန် ရာသီဥတု အခြေအနေတွင် မိနစ်ပိုင်းမျှသော ခရီးအကွာ အဝေး သည် ရာသီဥတု ဆိုးဝါးချိန်တွင် မမျှော်လင့်သော ဘေးအန္တရာယ်ကြီးများနှင့် ရင်ဆိုင် ရနိုင်ပါသည်။ရာသီဥတု ဆိုးဝါးချိန်တွင် စက်ချို့ယွင်းသော ကားကို လမ်းဘေးသို့ တွန်းရွှေ့နေရသော ဒုက္ခရောက်နေသူ နှစ်ဦး ဖြစ်ပါသည်။

မော်တော်ယာဉ်ဖြင့် ခရီးသွားလျှင် ကားထဲတွင် အသင့်ဆောင်ထားရန် လိုအပ်သော ပစ္စည်းများကို ပြင်ဆင်နည်း ဖြစ်ပါသည်။ ဆီးနှင်းမုန်တိုင်း၊ ရေလျှံခြင်း၊ ငလျင်ဘေး၊ လေပြင်းမုန်တိုင်းစသော သဘာဝ ဘေးအန္တရာယ်များ၊ ယာဉ်မတော်တဆ တိုက်ခိုက်မိခြင်း၊ စက်ချို့ယွင်းခြင်းတို့ မမျှော်လင့်ပဲ ကြုံတွေ့လျှင် အသုံးပြုနိုင်သော ပစ္စည်း ကိရိယာများကို ကားထဲတွင် ဆောင်ထားသင့်ပါသည်။ အိမ်မှာ နေရင်း ဘေးဒုက္ခကြုံတွေ့ရလျှင် ကားထဲမှ ပစ္စည်းများကို ထုတ်ယူပြီး သုံးစွဲနိုင်ပါသည်။

အလွယ်ဆုံးနည်းမှာ အသင့်ပြင်ဆင်ပြီးသား အရေးပေါ်ပစ္စည်းထုပ်များ ဖြစ်သည်။ ပါဝင်သော ပစ္စည်းအမျိုးအစား၊ အရေအတွက်ပေါ် မူတည်၍ ဈေးနှုန်းလည်း ကွာခြားပါသည်။ အရန်သင့်ရောင်းသော Emergency Kit ကို ဝယ်သုံးသည့်တိုင်၊ ပါဝင်သော ပစ္စည်းများကို အကျွမ်းဝင်အောင် ကြိုတင် ကြည့်ရှုလေ့လာ ထားရမည် ဖြစ်သည်။ အေးမြသော ဆီးနှင်းမုန်တိုင်းအလယ်ကျမှ ပုလင်းတစ်လုံးပေါ်မှာ ကပ်ထားသော အသုံးပြုနည်း လမ်းညွှန် စာလုံးသေးသေးကို ဖတ်နေရန် အခြေအနေမပေးပါ။

အရေးပေါ် ပစ္စည်းထုပ်ကို ကိုယ့်ဖာသာ ပြင်ဆင်မည်ဆိုပါက အောက်ပါ ပစ္စည်းကိရိယာများ ပါအောင် ဂရုစိုက်ပါ။ (အခြေခံအချက်များသာ ဖြစ်၍ ပြည့်စုံအောင် ကိုယ့်ဖာသာ ထပ်မံ ဖြည့်စွက်နိုင်ပါသည်။)

၁။ စောင်နှင့် အနွေးထည်အပိုများ (လူတိုင်းစေ့အတွက် ထည့်ပါ။)
၂။ လက်နှိပ်ဓာတ်မီးနှင့် ဓာတ်ခဲအပိုများ (ဓာတ်မီးနှင့် လက်ကိုင်ဖုန်းများကို လက်လှည့် အားသွင်းနိုင်သော ကိရိယာ များ ဝယ်နိုင်ပါသည်။)
၃။ မော်တော်ယာဉ်သုံး ရှေးဦးသူနာပြု ဆေးပစ္စည်းထုပ် (*၎င်းကိုမူ ဝယ်ယူခြင်းသာ အကောင်းဆုံး ဖြစ်သည်။)
၎။ သတ္တုဘူးခွံနှင့် မီးခြစ် (သောက်ရေအတွက် နှင်းပျော်အောင် လုပ်ရန် ဖြစ်သည်။)

၅။ ဓား၊ မောင်းချဓား၊ ဂေါ်ပြားငယ်နှင့် သဲအိတ်အသေး (လမ်းချော်နေလျှင် သဲခင်းရန် ဖြစ်သည်။)

၆။ မော်တော်ယာဉ်အရေးပေါ်ပစ္စည်းများ (ဆွဲရန်ကြိုး၊ လေကာမှန်မှ ရေခဲခြစ်ထုတ်ရန် ဂျစ်၊ jump start ဘက်ထရီနှိုးရန် ဝါယာကြိုးရှည်)

၇။ အရေးပေါ်မီးကျည်နှင့် ဘေးအန္တရာယ်ပြ သုံးထောင့်ပုံအမှတ်အသား ၂ ခု။

၈။ ကြာရှည်ခံ အစားအသောက် အနည်းငယ်၊ (ကယ်လိုရီများသော မုန့်ခြောက် သို့မဟုတ် မြေပဲဆံ၊ သစ်သီး ခြောက်တို့ ၂ ရက် ၃ ရက်စာ) နှင့် သောက်ရေသန့်ဘူး အနည်းငယ်။

၉။ မိုးကာစ၊ poncho ခေါ် မိုးကာဝတ်ရုံ (လူတိုင်းစေ့အတွက်)

၁၀။ နားရွက်လုံသော ခေါင်းစွပ်ဦးထုပ် (ကိုယ်ခန္ဓာမှာ အပူငွေ့ ၃၀ မှ ၄၀ ရာခိုင်နှုန်းသည် ဦးခေါင်းမှ ဆုံးရှုံးကြောင်း ပညာရှင်များက ပြောကြားသည်။)

-စသည်တို့ကို ဇစ်အိတ်တစ်လုံးဖြင့် ထည့်၍ ကားထဲတွင် အသင့်ဆောင်ထားသင့်ပါသည်။

ဆောင်ထားရမည့် နေရာမှာ ကားနောက်ဖုံးထဲတွင် မဟုတ်ပဲ၊ ခရီးသည် နောက်ခန်းအောက် ကြမ်းပြင်ပေါ်တွင် ချထားရပါမည်။ (ရာသီဥတုကြောင့် ဖြစ်စေ၊ ယာဉ်တိုက်မှုကြောင့် ဖြစ်စေ နောက်ဖုံးကို ဖွင့်မရနိုင်ပဲ ဖြစ်တတ်သည်။ အရေးကြုံလျှင် ကားပြင်ထွက်စရာမလိုပဲ အသုံးပြုနိုင်ရန် ဖြစ်ပါသည်။) 

သတိပြုရန်အချက်များ

၁။ ကားတွင် ဓာတ်ဆီ အနည်းဆုံး ထက်ဝက်ရှိသင့်သည်။ ဓာတ်ဆီတိုင်ကီနှင့် ဆီပိုက်များတွင် ရေမခဲစေရန်နှင့် အရေးပေါ်လိုအပ်လျှင် ထုတ်သုံးနိုင်ရန် ဓာတ်ဆီ ပြည့်နိုင်သမျှ ဖြည့်ထားသင့်သည်။

၂။ တတ်နိုင်သမျှ တစ်ယောက်တည်းမသွားပါနှင့်။ အထူးသဖြင့် သိပ်မကျွမ်းကျင်သော နယ်မြေတွင် ပို၍ သတိပြုရ မည်။

၃။ မသွားမီတွင် ကိုယ်သွားမည့် အချိန်၊ သွားမည့် အဓိက လမ်းကြောင်း၊ အရန်လမ်းကြောင်း၊ ရောက်နိုင်မည့် အချိန်တို့ကို တစ်စုံတစ်ဦးအား ကြိုတင် အသိပေးပြီးမှ ထွက်သင့်သည်။

၎။ မသွားမီ ယာဉ်ကို သေချာစွာ စစ်ဆေးသင့်သည်။ ဘရိတ်၊ မီး၊ ဝိုက်ပါရေသုတ်တံ စသည်တို့ ကောင်းစွာ အလုပ်မလုပ် စစ်ဆေးခြင်း၊ တာယာကောင်းမကောင်း စစ်ဆေးခြင်း၊ လိုအပ်ပါက တာယာကို နှင်းတောသုံး သံကြိုးပတ်ခြင်းတို့ လုပ်ရပါမည်။

၅။ အရေးပေါ်အခြေအနေကြုံလျှင် ယာဉ်၏ ဘက်ထရီကို သုံးသော ကားမီးများအစား၊ လက်နှိပ်ဓာတ်မီးကို အတတ်နိုင်ဆုံး သုံးပါ။

၆။ လက်ကိုင်ဖုန်း ဓာတ်အားကို မလိုအပ်လျှင် မသုံးပဲ ချွေတာပါ။ လက်ကိုင်ဖုန်းကို ကိုယ်နှင့် ကပ်လျက် ပူနွေးသော နေရာမှာ ထားပါ။ အေးလျှင် ဓာတ်ခဲ အကုန်မြန်ပါသည်။

၇။ ကား၏ ရေဒီယိုကို ဖွင့်၍ သတင်းများကို နားစွင့်ပါ။ မိုးလေဝသ ကြေညာချက်များကို မည်သည့်အခါမျှ လျှော့မတွက်ပါနှင့်။

မည်မျှပင် ပြင်ဆင်ထားစေကာမူ အလွန်ဆိုးဝါးသော အန္တရာယ်ကြုံတွေ့လျှင် အခက်အခဲ ဒုက္ခ ဖြစ်နိုင်ပါသေးသည်။ သို့သော်၊ ဘာမှ ပြင်ဆင်မထားသည်နှင့် စာလျှင် အသက်ရှင်ရန် အခွင့်အလမ်းများပါသည်။
အသင့်ဝယ်နိုင်သော အရေးပေါ်ပစ္စည်းထုပ်များ

အသင့်ပြင်ဆင်ပြီးသား အရေးပေါ်ပစ္စည်းထုပ်များမှာ အမျိုးအစား များစွာ ကွဲပြားပါသည်။

(၁) ယာဉ်အတွက် သီးသန့်လုပ်ထားသော ပစ္စည်းစုံ

(၂) ရှေးဦးသူနာပြု ဆေးပစ္စည်း သီးသန့်အထုပ်

(၃) အရေးပေါ် စားနပ်ရိက္ခာထုပ်

(၄) ယာဉ်၊ ဆေးပစ္စည်းနှင့် အရေးပေါ်အခြေအနေပစ္စည်း အားလုံး ထည့်ထားသော အထုပ်

- စသည်ဖြင့် ရှိပါသည်။ မိမိ၏ လိုအပ်ချက်အလိုက် ရွေးချယ် ဝယ်ယူနိုင်ပါသည်။ 


ref;ကမ္ဘာသစ် လူမှုစီးပွား မီဒီယာ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...