ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King) (အပိုင်း ၆)

(၆) ဘုရင်ကြီး နတ်ရွာစံပြီ။ ဘုရင် သက်တော် ရာကျော်ရှည်ပါစေ။

၁၉၃၆ခုနှစ် ဇန်နဝါရီလမှာ Edward က ဝင်ဆာရဲတိုက်မှာ ရက်သတ္တ ပတ် အနည်းငယ်ကြာ နေထိုင်ခဲ့တယ်။ မြို့နေဘဝကို သူငြီးငွေ့ခဲ့တယ်။ သူဟာ သူ့ပန်းဥယျာဉ်လေး ပြင်လိုက်၊ မြင်းစီးလိုက်ပဲ လုပ်ချင်ခဲ့တယ်။

အဲဒီနောက် မွန်းလွှဲပိုင်းတစ်ခုမှာ မိဖုရား Mary ဆီက ဖုန်းဝင်လာ ခဲ့တယ်။

“Edward… အခုချက်ချင်းပြန်လာခဲ့ပါ။ ခမည်းတော် ရောဂါသည်းနေ တယ်… မယ်တော် အထင်တော့ မရတော့ဘူး ထင်တာပဲ”

ပြန်ရောက်တာနဲ့ ဖခင်ရဲ့အခန်းဆီ Edward တိုက်ရိုက် သွားလိုက်တယ်။ ကုတင်ဘေးဆီ သူလျှောက်သွားပြီး ဖြူရော်နေတဲ့ ဖခင်ရဲ့မျက်နှာကို နမ်းလိုက်တယ်။ ဘုရင်ကြီးမျက်လုံး ပွင့်လာပြီး ယဲ့ယဲ့ပြုံးလိုက်တယ်။ သားတော်ရဲ့လက်ကိုကိုင်ဆွဲပြီး ဘုရင်က .....
“ဘုရင်မင်းမြတ်ကောင်းတစ်ပါး ဖြစ်အောင်လုပ်ပါ.. Edward… မယ်တော်ကို ကောင်းကောင်းဆက်ဆံပါ” လို့ ပြောတယ်။

“ဟုတ်ကဲ့.. ဖခမည်းတော်.. ကျွန်တော်မျိုးလုပ်ပါမယ်”

ဘုရင်ကြီး မျက်လုံးမှိတ်သွားတယ်.. ဘာစကားမှ ထပ်ပြောမလာခဲ့တော့ဘူး။ ညသန်းခေါင်လွန်တာနဲ့ ဘုရင်ကြီး နတ်ရွာစံသွားခဲ့တယ်။

မိဖုရား Mary က Edward လက်ကိုကိုင်ပြီး နမ်းလိုက်တယ်။

“ငါ့သား.. အခု မင်းဘုရင်ဖြစ်ပြီ… ဘုရားသခင် မင်းနဲ့အတူရှိပါစေ” လို့ သူ နူးနူးညံ့ညံ့ပြောလိုက်တယ်။

Edwardရဲ့ ညီသုံးယောက် Edwardအနားရောက်လာပြီး တစ်ယောက်ချင်းစီ သူ့ကလက်ကို နမ်းလိုက်တယ်။

“ဘုရင်ကြီး နတ်ရွာစံပြီ… ဘုရင် သက်တော်ရာကျော်ရှည်ပါစေ”လို့ သူတို့ပြောတယ်။

တစ်နာရီထိုးတော့ ဖခင်ရဲ့အခန်းကနေ Edward ခွာပြီး Wallisဆီ ဖုန်းဆက်လိုက်တယ်။ “ဖခမည်းတော် နတ်ရွာစံ သွားပြီ”လို့ သူပြောတယ်။

“အရမ်းဝမ်းနည်းပါတယ်.. အရှင်”

“ကိုယ်ဒီမှာခဏလောက် နေရလိမ့်မယ်… စနေ၊ တနင်္ဂနွေနေ့မှာ ကိုယ်ဖုန်းဆက်လိုက်မယ်။ ဘယ်အရာကမှ ကိုယ်တို့နှစ်ယောက်ရဲ့အဖြစ်ကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ဘူး။ မင်းကို အမြဲတမ်း ကိုယ်ပိုချစ်တယ်။ မင်းဟာ ကိုယ့်ရဲ့မိဖုရားဖြစ်လာလိမ့်မယ်”

“ဒီအချိန်မှာ ကျွန်မတို့ အဲတာတွေမပြောဘူး။ အရှင်ရဲ့မိသားစုဆီ အရှင်ပြန်လိုက်ပါ”

“မင်းကလည်း ကိုယ့်ရဲ့မိသားစုပဲလေ Wallis.. ကိုယ့်အတွက်ဆိုရင် မင်းကအရာရာအားလုံးပဲ။ ကောင်းသော ညပါ.. အိပ်ပျော်ပါစေ”

အဲဒီညမှာ ဖုန်းချလိုက်တာနဲ့ ကြောက်ရွံ့မှုကို Wallis ခံစားလိုက်မိတယ်။
“Edward ဘုရင်ဖြစ်ပြီ… ဒါပေမယ့် ငါ ဘာဖြစ်ပျက်ဦးမလဲ” လို့ သူတွေးလိုက်မိတယ်။

××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a

နိုင်းနိုင်းစနေ (Sept. 17. 2014)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...