ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King) (အပိုင်း ၈)

(၈) လေပြင်းမုန်တိုင်း

ဇူလှိုင်လနဲ့ သြဂုတ်လမှာ Wallis နဲ့ ဘုရင်တို့ဟာ မြေထဲ ပင်လယ် အနီးတစ်ဝိုက်မှာ ရှိတဲ့နိုင်ငံတွေဆီ သွားရောက် လည်ပတ်ခဲ့တယ်။ သူတို့ဟာ ဂရိမှာ ဝန်ကြီးချုပ် Metaxasနဲ့ တွေ့ဆုံခဲ့တယ်။ ပေါ်တူဂီမှာ Kemal Ataturkနဲ့ တွေ့ဆုံခဲ့တယ်။ ဘူဂေးရီးယားမှာ ဘုရင်Borisနဲ့ တွေ့ဆုံခဲ့တယ်။ ဒါပေမယ့် အဲဒီနှစ်နွေရာသီမှာ ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့တာကတော့ Edwardရဲ့ ဝတ်စားဆင်ယင်မှု ပဲဖြစ်ပါတယ်။ အေဒင်ကနေ Istanbul ကိုသွားတဲ့ခရီးမှာ ဘုရင်ဟာ သူ့အင်္ကျီကိုချွတ်ပြီး နေစာလုံခဲ့ပါတယ်။ ရာသီဥတု ပူပြင်းတာကြောင့် ၁ဝမိနစ် အကြာမှာ သူအိပ်ပျော်သွားခဲ့တယ်။ ဒါကြောင့် လူရွယ်ဓာတ်ပုံ သမားတစ်ဦး သူ့ကိုဓာတ်ပုံ ရိုက်သွားတာကို သူသတိမထား မိခဲ့ပါဘူး…

မြေထဲပင်လယ်ကနေ တိုင်းပြည်ကိုEdward ပြန်ရောက်ချိန်မှာ စာတစ်စောင်က သူ့ကိုစောင့်နေခဲ့ပါတယ်။

စာက ဘာမင်ဟန်မှာနေတဲ့ Mr Albert Thompsomဆီကပါ။ စာထဲမှာ ရေးထားတာက “ဒီကနေ့မနက် သတင်းစာတစ်စောင်မှာ အရှင်ရဲ့ဓာတ်ပုံတစ်ပုံကို ကျွန်တော်မြင်လိုက်ပါတယ်။ ကျွန်တော်အရမ်းစိတ်ဆိုးပါတယ်။ ဘုရင်တစ်ပါးက
ဖြစ်ကတတ်ဆန်းဝတ်ထားတာကို ကျွန်တော်တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ ရှပ်အင်္ကျီမဝတ်၊ လည်တိုင်မစည်း၊ ဖိနပ်မစီး၊ ဦးထုပ်မဆောင်းထားတဲ့အပြင် … ဘောင်းဘီတိုပဲ ဝတ်ထားတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ.. အရှင်”

Edward က ဝန်ကြီးချုပ် Stanley Baldwin ကို အဲဒီစာပြလိုက်ပြီး “ဒီစာကို ဘယ်လိုသဘောရလဲ”လို့ မေးလိုက် တယ်။

“Mr Thompson ပြောတာမှန်တယ် အရှင်… အရှင် ခေတ်ဆန်ချင်ပေမယ့် ဒါကို လူထုမနှစ်သက်ပါဘူး” လို့ ဝန်ကြီးချုပ်က ဖြေတယ်။

Edward က စာကိုမီးရှို့ပစ်လိုက်တယ်။

“ဒီလိုဆိုရင် ကွာရှင်းတာဟာ ခေတ်ဆန်သလား Mr Baldwin”

ဝန်ကြီးချုပ် ထိုင်ချပြီး စကားစပြောပါတယ်။

“ဟုတ်ကဲ့.. အရှင်.. Mrs Simpsonရဲ့အကြောင်းကို ကျွန်တော်ဖတ်ရပါတယ်။ သူဟာ ယောက်ျားနှစ်ယောက်ရှိပြီး သူတို့ဟာ အသက်ရှင်နေကြပါသေးတယ်။ ဒါဟာ ဘာအဓိပ္ပာယ်လဲဆိုတာ အရှင်နားလည်သင့်ပါတယ်။ သူဟာ ဘုရင်တစ်ပါးနဲ့ လက်ဆက်လို့မရပါဘူး”

“ဒါပေမယ့် ကျွန်တော့်မှာ သူမရှိလို့်မဖြစ်ဘူး”လို့ Edward ပြောတယ်။

“ဒီလိုဆိုရင် အရှင်…လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်တော့မယ်ဆိုတာကို ကျွန်တော်မြင်တွေ့နေရပါပြီ။ အရှင်ရဲ့ မိသားစု၊ ဂိုဏ်းချုပ်ကြီးနဲ့ ကျွန်တော်ဆွေးနွေးခဲ့ပါတယ်။ ဒီအမျိုးသမီးကို ကျွန်တော်တို့ရဲ့မိဖုရားအဖြစ်မခံပါဘူး”

အဲဒီညမှာ ဝန်ကြီးချုပ်နဲ့ဘုရင် နာရီအတန်ကြာ ဆွေးနွေးပြောဆိုခဲ့ကြတယ်။ အမေးတွေများလွန်းပေမယ့် အဖြေက တစ်ခုပဲရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ နောက်တစ်နေ့မနက်အာရုဏ်တက်ချိန်မှာ Edwardက

“Wallis က ဘုရင်ကို လက်မထပ်ရဘူးလို့ ခင်ဗျားပြောတယ်။ ဒီလိုဆိုရင် ကျွန်တော်လုပ်နိုင်တာတစ်ခုပဲရှိတယ်။ အဲဒါကတော့ ဘုရင့်အရိပ်အရာကို ညီတော်ထံလွှဲအပ်ပြီး အင်္ဂလန်ကနေကျွန်တော်ခွာမယ်။ ကိုယ့်နှလုံးသား နောက်ကိုပဲ ကျွန်တော်လိုက်မယ်။ အချင်းချင်းချစ်ကြိုက်တာဟာ အပြစ်တစ်ခုလို့ ကျွန်တော့်ကို ခင်ဗျားပြောတယ်။ ပျော်ရွှင်ခြင်းဆိုတာ အမှားတစ်ခုလို့ ခင်ဗျားပြောတယ်။ ဒီနိုင်ငံက ဘာလို ဒီလောက်ထူးဆန်းရတာလဲ…”

တစ်နာရီအကြာမှာ Wallisဆီ Edward ဖုန်းဆက်လိုက်တယ်။

“ဝန်ကြီးချုပ်ကပြောတယ်.. လေပြင်းမုန်တိုင်းတစ်ခု ကျရောက်တော့မယ်တဲ့။ ဒါကြောင့် မင်းကို ဒီကနေထွက်သွား စေချင်တယ်” လို့ Edward ကပြောတယ်။

Wallis က ပစ္စည်းတွေသိမ်းဆည်းပြီး ပြင်သစ်ကိုထွက်ခွာသွားခဲ့တယ်။

အဲဒီနောက် Edward က မိခင်မယ်တော်ကို သွားရောက်တွေ့ဆုံခဲ့တယ်။

ဒီတစ်ခေါက်တွေ့ဆုံမှုမှာ ဝမ်းနည်းကြေကွဲစရာ၊ သူစိမ်းဆန်မှုတွေ၊ ဒေါသငွေ့တွေ လွှမ်းနေခဲ့ပါတယ်။

“မင်းကိုယ်မင်း ဘာလုပ်နေသလဲ မင်းသိရဲ့လား..
ပြတင်းပေါက်အပြင်ဖက်ကိုကြည့်လိုက်စမ်း.. နန်းတော်အပြင်ဖက်က လူပေါင်းသန်း၎ဝဝက မင်းကို ဘုရင်မင်းမြတ် လို့ ခေါ်ကြတယ်။ မင်းကို သူတို့အလိုရှိကြတယ်။ မင်းက Mrs Simpson တစ်ယောက်တည်းအတွက်နဲ့ အရာ အားလုံးကို စွန့်ခွာသွားတော့မယ်ပေါ့လေ” မိဖုရားက မေးတယ်။

“ဟုတ်ပါတယ်.. မယ်တော်.. သူ့ကို ကျွန်တော်ချစ်တယ်”

“ချစ်တယ်ဟုတ်လား…” မိဖုရား Mary အော်ပါတယ်။ “မင်းဟာ ဘုရင်တစ်ပါး.. မင်းတိုင်းပြည်ကို မင်းအရင်ဆုံး ချစ်ရတယ်”။

“ဒါပေမယ့် ကျွန်တော်လည်း ယောက်ျားတစ်ယောက်ပါ။ ကျွန်တော် ဘာမှမတတ်နိုင်ပါဘူး” Edward က ညင်ညင် သာသာပြန်ပြောတယ်။

အဲဒီနေ့မွန်းလွှဲပိုင်းမှာ ဘုရင်က သူရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ Winston Churchill ဆီ ဖုန်းဆက်လိုက်တယ်။

“မင်းကို ကိုယ်သတင်းဆိုးတစ်ခု ပြောပြမယ်။ မနေ့ညက ကိုယ့်ကို Mr Baldwin လာတွေ့တယ်။ နောက်တစ်ပတ် ကိုယ်ဒီကနေခွာဖို့ ဆုံးဖြတ်လိုက်ပြီ”လို့ Edward ကပြောတယ်။

“အလည်အပတ်ခရီးထွက်ဖို့ကို ပြောတာလား.. အရှင်”

“မဟုတ်ဘူး.. Winston… အင်္ဂလန်ကနေထွက်သွားဖို့ ကိုယ်ပြောနေတာ။ ဘယ်တော့မှ ပြန်မလာတော့ဘူး။ George ဘုရင်ဖြစ်လာလိမ့်မယ်”

“ဒီလိုတော့ မဟုတ်သေးဘူး အရှင်… အရှင်က လွတ်လပ်သူတစ်ဦးပါ။ သူတို့နဲ့အရှင် ရင်ဆိုင်တိုက်ခိုက်လို့ရတယ်”

“မဖြစ်ဘူး… စစ်ပွဲတွေကို ကိုယ်တွေ့ခဲ့ဖူးတယ်။ သိပ်ကြောက်စရာကောင်းတယ်။ ဘယ်သူနဲ့မှ ကိုယ်စစ်မဖြစ် ချင်ဘူး”

“ဒါပေမယ့် လူထုတွေက အရှင်ကို ချစ်ခင်နှစ်သက်ကြတယ်။ သူတို့က Wallis ကို မိဖုရားမြှောက်လိုကြတယ်”

“သူတို့ချစ်ခင်နှစ်သက်ကြတယ်ဆိုပေမယ့်လည်း Wallis ကို မိဖုရားမြှောက်လို့မရဘူး။ ကိုယ့်ရန်သူက ကိုယ့်ထက် အင်အားတောင့်တယ်။ ကိုယ်က လှေထိုးသားလေးတစ်ယောက်မျှပါ… လေကြောင်းပြောင်းတာနဲ့ ကိုယ့်လှေကို လှိုင်းလုံးတွေ ရိုက်ထုတ်ပုတ်ခတ်သွားလိမ့်မယ်”

××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a

နိုင်းနိုင်းစနေ (Sept. 18. 2014)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...