ဘုရင်တစ်ပါးရဲ့ အချစ်ပုံပြင် (The Love of a King) (အပိုင်း ၉)

(၉) ကျွန်တော် ချစ်တဲ့ အမျိုးသမီး

ရက်အနည်းငယ် အကြာမှာ Mr Churchill က Buckingham နန်းတော်မှာ Edward ကို လာရောက် တွေ့ဆုံခဲ့တယ်။ စစချင်းမှာ ဘုရင်နှုတ်ဆိတ်နေပါတယ်။ နောက်မှ သူက “Winston … ဒါဟာ အင်္ဂလန်မှာ ကိုယ့်ရဲ့ နောက်ဆုံးည တစ်ညပဲ။ ဒီတိုင်းပြည်ကို ကိုယ် ချစ်တယ်။ ခေတ်မီတဲ့၊ ကြင်နာတဲ့ ဘုရင်တစ်ပါး ကိုယ်ဖြစ်ချင်တယ်။ ဒီလောကကြီးကို ကိုယ်ပြောင်းလဲ ချင်တယ်။ ဒါပေမယ့် ကိုယ့်ကို သူတို့ ဟန့်တား လိုက်ကြပြီ။ အခု ကိုယ်ဒီကနေ မခွာချင်ဘဲ ခွာရတော့မယ်”။

၁ဝနာရီ ထိုးပါပြီ။ ထိုင်ရာက Edward ထရပ်လိုက်ပြီး ပြတင်းပေါက်ဖက် လျှောက်သွားလိုက်တယ်။ ညအမှောင်ရဲ့ လမ်းမပေါ်မှာ လူရာချီရပ်နေကြတယ်။ သူတို့ဟာ သီချင်းဆိုနေကြပြီး ဘုရင့်နာမည်ကို ခေါ်နေကြတယ်။

“Edward… Edward… Edward ကို ငါတို့ချစ်တယ်”

“ဘုရင် သက်တော်ရာကျော်ရှည်ပါစေ… အချစ် သက်တော်ရာကျော်ရှည်ပါစေ” လို့ သူတို့အော်နေကြတယ်။

ဘုရင်က ရုတ်တရက် Mr Churchill ဖက်လှည့်ပြီး
“Winston … ဘာဖြစ်လို့ ဒါတွေဟာ ကိုယ့်အပေါ်မှာ လာဖြစ်ပျက်ရတာလဲ.. ကိုယ် ဘာအမှားလုပ်ခဲ့မိလို့လဲ” လို့ ငိုသံမဲ့မဲ့သူပြောတယ်။

သူ ထိုင်ချပြီး လက်နှစ်ဖက်နဲ့သူ့ခေါင်းကို ကိုင်ထားလိုက်တယ်။ အခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ ဒါပေမယ့် လမ်းပေါ်ကအော်သံတွေက ပွင့်နေတဲ့ပြတင်းပေါက်ကနေတဆင့် ဝင်လာခဲ့တယ်။

“Edward သက်ကျော်ရာကျော်ရှည်ပါစေ… အချစ် သက်တော်ရာကျော်ရှည်ပါစေ..

Edward သက်ကျော်ရာကျော်ရှည်ပါစေ… အချစ် သက်တော်ရာကျော်ရှည်ပါစေ.. ”

Mr Churchill က ရှေ့တက်ပြီး ဘုရင်ရဲ့ပခုံးပေါ်လက်တင်လိုက်တယ်။ Edward ခေါင်းထောင်ကြည့်တယ်။

“ကျေးဇူးပဲ… Winston… မင်းက ကိုယ့်ရဲ့သူငယ်ချင်းကောင်းပါ”

“ကျေးဇူးတင်ပါတယ် အရှင်.. အရှင်ဟာ ဘုရင်မင်းမြတ်ကောင်းတစ်ပါးပါ”

နောက်တစ်နေ့မနက် ၁ဝနာရီမှာ Edward အိပ်ခန်းထဲက ဖုန်းမြည်လာခဲ့ပါတယ်။

“သူတို့ အဆင်သင့်ဖြစ်ပြီ.. အရှင်ကို စောင့်နေကြပါတယ်… အရှင်” ဖုန်းထဲကနေ အသံတစ်သံလွှင့်လာပါတယ်။

ဘုရင်က လှေကားပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းခဲ့တယ်။ သူ့ရှေ့မှာ တံခါးတစ်ချပ်ပွင့်နေခဲ့ပါတယ်။ တစ်မိသားစု လုံး သူ့ကို စောင့်နေခဲ့ကြတယ်။ သူ့မယ်တော်က တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားပြီး ပြတင်းပေါက် ဘေးမှာ ထိုင်နေခဲ့ပါတယ်။ ညီတော်က မယ်တော်ဘေးမှာ ရပ်နေခဲ့ပါတယ်။ “သူတို့အချင်းချင်း ဘယ်လောက် ချစ်ခင်ရင်းနှီးလိုက်သလဲ” လို့ ဘုရင်တွေးနေခဲ့မိတယ်။

အခန်းအလယ်မှာ စားပွဲခုံလေးတစ်ခုံရှိနေပါတယ်။ စားပွဲပေါ်မှာ စာရွက်တစ်ရွက်တင်ထားပါတယ်။ Edward ထိုင်လိုက်ပြီး စာကိုဖတ်လိုက်ပါတယ်…

“ကျွန်တော် Edward VIII အင်္ဂလန်ဘုရင်၊ အိန္ဒိယဘုရင်၊ သြစတေးလျဘုရင်၊ နယူးဇီလန်ဘုရင်၊ ကနေဒါဘုရင်၊ ကင်ညာဘုရင်၊ နိုင်ဂျီးရီးယားဘုရင်၊ ဗမာဘုရင်၊ မလေးရှားဘုရင်၊ စင်ကာပူဘုရင်နဲ့ အခြား ၃၂နိုင်ငံက ဘုရင်တွေ ဒီကနေ့မှာ ဘုရင့်အရိပ်အရာကို ညီတော်George ထံ ကျွန်တော်လွှဲအပ်ပါတယ်။

ဘုရားသခင် သူနဲ့အတူရှိပါစေ… ပြည်သူလူထု သူနဲ့အတူရှိပါစေ။

၁၉၃၆ခုနှစ် ဒီဇင်ဘာလ ၁ဝရက်”

Edward က ဘောလ်ပင်တစ်ချောင်းထုတ်ပြီး စာရွက်အောက်မှာ သူ့နာမည်ကိုထိုးလိုက်ပါတယ်။ အဲဒီနောက် ထရပ်ပြီး ညီတော်ရဲ့လက်ကို နမ်းလိုက်ပါတယ်။

“ဒီလိုဖြစ်ပျက်လိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးခဲ့မိဘူး.. ဒါဟာ ကျွန်တော့်ဘဝမှာ အဆိုးဝါးဆုံးနေ့တစ်နေ့ပါ” လို့ ညီတော် George က ပြောတယ်။

မယ်တော်ဘေးနား Edward လျှောက်သွားလိုက်တယ်။

“မင်းကိုမနမ်းခင် မယ်တော်မှာပြောစရာစကားရှိတယ်။ သား လူလေး… မင်းကို မယ်တော်လုံးဝ နားမလည် ခဲ့ဘူးကွာ။ ဒီကနေ့မနက်မှာ မင်းဟာ ဘုရင်ဖြစ်နေတုန်းပဲ.. ဒါပေမယ့် အခုညမှာ မင်းဟာ သူခိုးတစ်ယောက်လို အင်္ဂလန်ကနေ ထွက်ပြေးသွားတော့မယ်။ တစ်ယောက်တည်း.. ဒေါသမပြယ်.. ကြောက်ရွံ့စိတ်မပြယ်နဲ့ မင်းကိုယ်မင်း လွတ်လပ်ပြီလို့ ထင်နေခဲ့တယ်။ ဒါပေမယ့် မင်းမလွတ်လပ်ဘူး… မင်းဘယ်တော့မှ လွတ်လပ်မှာ မဟုတ်ဘူး။

လူတိုင်းက ကိုယ့်မိသားစုကို လိုအပ်ကြတယ်။ လူတိုင်း ကိုယ့်မိသားစုဘဝကို ပိုင်ဆိုင်လိုကြတယ်။ ဒါပေမယ့် ဒီညမှာ မင်းဟာ နှစ်ခုစလုံးကို ဆုံးရှုံးသွားခဲ့ပြီ။

မင်းကို ငါချစ်တယ်။ ငါဟာ မင်းရဲ့မိခင်ပါ.. ဒါဟာ ပြောင်းလဲလို့ မရနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအမျိုးသမီးကို မင်းယူရင် ငါ့ကိုရင်ကွဲနာကျစေလိမ့်မယ်။ အခု သွားတော့… ဒါဟာ သိပ်ဝမ်းနည်းကြေကွဲစရာကောင်းပါတယ်”။

Edward က မိဖုရားရဲ့လက်ကိုနမ်းပြီး လှည့်ထွက်သွားခဲ့ပါတယ်။

နောက်တစ်နေ့မှာ ဝင်ဆာရဲတိုက်ဆီ Edward ပြန်ရောက်ခဲ့တယ်။ ရဲတိုက်ရဲ့အေးစက်စက် အခန်းငယ်လေး တစ်ခုထဲ သူဝင်သွားခဲ့တယ်။ အဲဒီအခန်းထဲကနေ BBC အသံလွှင့်လေဒီယိုကတဆင့် အင်္ဂလန်တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံးကို သူစကားပြောခဲ့ပါတယ်။

အောက်က သူပြောခဲ့တဲ့ စကားတွေဖြစ်ပါတယ်။

“ဒီညမှာ ခင်ဗျားတို့နဲ့ စကားပြောဖို့ ပထမဆုံးအကြိမ် ကျွန်တော်အခွင့်အရေးရလိုက်ပါတယ်။ ဒီညအစောပိုင်း အချိန်မှာ ဘုရင့်အရိပ်အရာကို ညီတော်Georgeဆီ ကျွန်တော်လွှဲအပ်ခဲ့ပါတယ်။ အခု George က ခင်ဗျားတို့ရဲ့ ဘုရင်ဖြစ်သွားပါပြီ။ သိပ်မကြာခင်မှာပဲ ဒီနိုင်ငံကခွာပြီး ပြင်သစ်ကို ကျွန်တော်သွားပါတော့မယ်။ ကျွန်တော့်ရဲ့နှလုံး သားက Wallis နဲ့ အတူရှိနေပါတယ်။ ကျွန်တော်ချစ်တဲ့ အမျိုးသမီးမရှိရင် ကျွန်တော်မရှင်သန်နိုင်ပါဘူး။

ကျွန်တော်ဘာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အင်္ဂလန်ကို ကျွန်တော်ထပ်တွေ့ချင်မှ တွေ့ရပါတော့ မယ်။ ဒါပေမယ့် ဒီည ပင်လယ်ကို ကျွန်တော်ဖြတ်သန်းနေချိန်မှာ အားလုံး ကျွန်တော့်ကိုသတိရကြပါ။

ဘုရားသခင် သင်တို့နဲ့အတူရှိပါစေ.. George ဘုရင် သက်တော်ရာကျော်ရှည်ပါစေ….”

ဝင်ဆာရဲတိုက်ကနေ Edward ထွက်ခွာပြီး ကားနက်ကြီးတစ်စီးထဲ ဝင်ရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်က ညသန်းခေါင်ဖြစ်ပြီး မိုးစတင်ရွာကျခဲ့ပါတယ်။

“ကျွန်တော့်ကို ဒီကနေ မြန်မြန်ခေါ်သွားစမ်းပါ.. မြန်လေ ကောင်းလေ..” ကားက ညအမှောင် မိုးရေကြားထဲ ဝင်ရောက်သွားခဲ့ပါတယ်။

“ဒါဟာ ဘယ်လိုညမျိုးတစ်ညပါလိမ့်… မိုးကောင်းကင်ကတောင် ငိုနေပြီလို့ ကျွန်တော်မျိုးထင်တယ်.. အရှင်” လို့ ကားမောင်းသူက ပြောပါတယ်။

မနက် ၁နာရီခွဲအချိန်မှာ Portsmouth ကို သူတို့ရောက်လာခဲ့ကြတယ်။ ကားပေါ်က Edward ဆင်းလိုက်တာနဲ့ အသံအသံကို သူကြားလိုက်တယ်။

“ဘုရင် လာပြီ…”

Edward ခြေလှမ်းရပ်လိုက်ပြီး ပင်လယ်ဖက်ဆီကို ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်မှာ ပါးလျလျ အေးစက်စက် အပြုံးတစ်ခု ထင်ဟပ်သွားခဲ့တယ်။

“ဘုရင် ဟုတ်လား… မဟုတ်ဘူး.. ကျွန်တော် ဘုရင်မဟုတ်ဘူး။ ကျွန်တော်က အချစ်ထဲပျော်ဝင်နေသူ တစ်ယောက်ပါ”

အဲဒီနောက် သဘောင်္ပေါ် သူလှည့်တက်သွားခဲ့ပြီး ညအမှောင်ထုထဲ ဝင်ရောက်ကွယ်ပျောက်သွားခဲ့ပါတယ်။

××××
အင်္ဂလိပ်မူရင်းဖတ်လိုသူအတွက် http://vk.com/doc28773765_231432051?hash=314b57fea542ed164a&dl=6e9058f7014fe9e62a

နိုင်းနိုင်းစနေ (Sept. 18. 2014)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...