The most respected president in the world...

အလုပ်အကျွေးပြုမယ့် ဝန်ထမ်းအမြောက်အများရှိတဲ့ အိမ်ကြီးတစ်လုံးမှာ နေထိုင်ဖို့ ငြင်းဆန်ခဲ့သူ...

အဲဒီအစား ဟင်းသီးဟင်းရွက်တွေ၊ ပန်းတွေ စိုက်ပျိုးထားတဲ့ ခြံဟောင်းတစ်ခုမှာ ဇနီးဖြစ်သူနဲ့အတူ နေထိုင်ဖို့ ရွေးချယ်ခဲ့သူ...

ဇိမ်ခံကားအစား သူရဲ့ယာဉ်အဟောင်းကိုပဲ အသုံးပြုပြီး သူသာလျှင် သူ့ကားရဲ့ ဒရိုင်ဘာဖြစ်သူ...

ဆင်းရဲနွမ်းပါးသူတွေနဲ့ အသေးစား လုပ်ငန်းတွေကို ကူညီဖို့ သူရဲ့ ပိုင်ဆိုင်မှု ၁၀ ခုအနက် ၉ ခုကို ပေးကမ်းခဲ့သူ...

ဒဏာရီဇတ်လမ်းတစ်ပုဒ်နဲ့ တူပေမယ့် တကယ်တမ်းတော့ ဖြစ်ရပ်မှန် တစ်ခုပါ... ကမ္ဘာပေါ်မှာ ဒီလိုခေါင်းဆောင်မျိုး အမှန်တကယ် ရှိခဲ့ပါတယ်... သူကတော့ ဥရုဂွေးနိုင်ငံရဲ့ သမ္မတဟောင်း ဟိုဆေး မူဂျီကာ ပဲ ဖြစ်ပါတယ်...

စပိန်နိုင်ငံက သတင်းစာတစ်ခုဖြစ်တဲ့ El Mundo က ဥရုဂွေးသမ္မတ မူဂျီကာ နဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးတစ်ခုကို ၎င်းရဲ့သတင်းစာမှာ ဖော်ပြခဲ့ပြီးတဲ့နောက် သူ့ရဲ့အကြောင်းဟာ ကမ္ဘာတစ်ဝှမ်း လူသိများလာခဲ့တယ်...

သတင်းစာနယ်ဇင်းတွေနဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်ပြသမှု အများစုမှာ သူရဲ့ ကျိုးနွံသော လူတစ်ဦးဘဝကနေစလို့ ပြောက်ကျားသူရဲကောင်း၊ ဥပဒေပြုအမတ်၊ နောက်ဆုံး သမ္မတတစ်ဦး အဖြစ်သို့ တက်လှမ်းခဲ့ပုံတွေကို ရေးသား ပုံဖော်ခဲ့ကြတယ်...

၁၉၆၀ ပြည့်နှစ်တုန်းက သမ္မတ မူဂျီကာ ဟာ အဲဒီအချိန် နိုင်ငံကို ချုပ်ကိုင်ထားတဲ့ အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ Tupamaros ပြောက်ကျားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်... နောက်ပိုင်းမှာ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရတယ်... ထောင်ကျတဲ့အချိန်အများစုမှာ သူ့ကို သီးသန့်ခွဲထုတ်ပြီး ရက်ရက်စက်စက် တိုက်ပိတ်ထားခဲ့တယ်... ၁၉၈၅ ခု နိုင်ငံအတွင်း ဒီမိုကရေစီပြန်လည်ထူထောင်ပြီးနောက်ပိုင်း နိုင်ငံရေးလောကထဲ ၀င်ရောက်ကာ MP ကတစ်ဆင့် နောက်ပိုင်း အထက်လွှတ်တော်အမတ်တစ်ဦး ဖြစ်လာခဲ့တယ်...

၂၀၀၅ ကနေ ၂၀၀၈ အထိ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်... ၂၀၀၉ နောက်ပိုင်းမှာ သမ္မတ ဖြစ်လာခဲ့တယ်...

၂၀၁၀ ခုနှစ် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်ကစပြီး အသက် ၇၈ နှစ် အရွယ်ရှိ သမ္မတ မူဂျီကာဟာ သူ့လစာရဲ့ ၉၀ ရာခိုင်နှုန်းကို လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ လှူဒါန်းခဲ့တယ်... သူအတွက် လစဉ်အသုံးပြုဖို့ အမေရိကန်ဒေါ်လာ $1,225 လောက်သာ ကျန်ရစ်တယ်...

သူ့မှာ ဘဏ်အကောင့်မရှိဘူး... အကြွေးလည်းမရှိဘူး... သူ့ပိုင်ဆိုင်မှုဆိုလို့ သူစီးနေတဲ့ Volkswagen Beetle ကားအဟောင်း တစ်စီးသာ ရှိတယ်... သူနေထိုင်တဲ့ နေရာကလည်း သူ့ဇနီးပိုင်ဖြစ်တယ်...

အခုလို ရိုးရှင်းပြီး ခြိုးခြံချွေတာတဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းဖို့ ဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဖြစ်တယ်လို့ သူက ပြောတယ်...

သူ့ကို အဆင်းရဲဆုံးသမ္မတလို့ ခေါ်ပေမယ့် သူ့အနေနဲ့ ဆင်းရဲတယ်လို့ မခံစားရကြောင်း...၊ ဆင်းရဲတဲ့လူဆိုတာ အကုန်အကျများတဲ့ လူနေမှုပုံစံကို ထိန်းသိမ်းဖို့ ကြိုးစားပြီး အမြဲတမ်း ပိုပိုပြီးလိုချင်နေကြတဲ့ သူတွေသာဖြစ်ကြောင်း သူက ပြောတယ်...

နောက်ပြီး သူက ဆက်ပြောတယ်... "ဒါကတော့ လွတ်လပ်ခွင့်ပဲ... ခင်ဗျားမှာ ပိုင်ဆိုင်မှုတွေ အများကြီး မရှိဘူးဆိုရင် ခင်ဗျားဘဝတစ်လျှောက်လုံး အဲဒါတွေရဖို့ ကျွန်တစ်ယောက်လို အလုပ်လုပ်စရာ မလိုဘူး... ဒါဆိုရင် ခင်ဗျားအတွက် ကိုယ်ပိုင်အချိန်တွေ အများကြီးရလိမ့်မယ်..."

သူ့အစိုးရလက်အောက် ဥရုဂွေးနိုင်ငံဟာ အကျင့်ပျက်ခြစားမှု နည်းပါးလာတဲ့အတွက် လူသိများလာခဲ့တယ်... Transparency International ရဲ့ ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွေအရ ဥရုဂွေးနိုင်ငံဟာ လက်တင်အမေရိကမှာ ချီလီပြီးရင် ဒုတိယအကျင့်ပျက်ခြစားမှု အနည်းဆုံး နိုင်ငံဖြစ်တယ်လို့ ဆိုတယ်...

သမ္မတမူဂျီကာရဲ့ မိမိကိုယ်ကို နှိမ့်ချတဲ့ နေထိုင်မှုတွေကြောင့် ဥရုဂွေးပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများကိုလည်း သက်ရောက်မှုနည်းတဲ့ လူနေမှုဘဝပုံစံတွေကို ကျင့်သုံးဖို့ သူက တိုက်တွန်းခဲ့တယ်........။



Peace ✌️✌️

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...