"The power of forgiveness...."

၁၉၇၂ ခုနှစ်၊ ဇွန်လ ၈ ရက် ဗီယက်နမ်စစ်ပွဲအတွင်း တောင်ဗီယက်နမ်တပ်များက နိုင်ငံမြောက်ပိုင်းရှိ ထရန်းဘန်း (Trang Bang) မြို့ပေါ်ကို မီးလောင်ဗုံးတစ်လုံး ကြဲချခဲ့တယ်။ အဲဒီအချိန်က ဓာတ်ပုံဆရာ Nick Ut ဆိုသူလည်း ထိုနေရာမှာ ရှိနေခဲ့တယ်။ တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာတွေရပြီး အော်ဟစ်ငိုယိုကာ ထွက်ပြေးလာတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အမိအရ ရိုက်ယူနိုင်ခဲ့တယ်။ ပုံထဲမှာ ကလေးငယ်ဟာ တောင်ဗီယက်နမ်တပ်တွေ ကြဲချခဲ့တဲ့ မီးလောင်ဗုံးဒဏ်ကို မချိမဆံ့ ခံစားနေရပြီး ထိတ်လန့်တုန်လှုပ်မှုတွေနဲ့အတူ ရွာထဲကနေ ထွက်ပြေးလာတာ ဖြစ်တယ်။ သူမရဲ့ အဝတ်အစား အားလုံးမှာလည်း မီးလောင်ကျွမ်းသွားခဲ့တယ်။ ဒီကလေးငယ်ဓာတ်ပုံဟာ နောက်ပိုင်း ကမ္ဘာကျော်လာပြီး ပူလစ်ဇာ (Pulitzer) ဓါတ်ပုံဆုကို ရရှိခဲ့တယ်။ ဓါတ်ပုံဟာ ဗီယက်နမ်စစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေ၊ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စစ်ပွဲအနိဌာရုံတွေနဲ့ ပတ်သက်ပြီး လူအများရဲ့စိတ်ကို နိုးထလာစေခဲ့သည်။

ဓာတ်ပုံထဲက မိန်းကလေးငယ်ဟာ Phan Thi Kim Phúc ဆိုသူဖြစ်ပြီး သူမကို 'ကင်မ်' လို့ ခေါ်ကြတယ်။ အဲဒီအချိန် သူမရဲ့ အသက် ၉ နှစ်သာ ရှိသေးတယ်။ အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိခဲ့တယ်။ သူမ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေကတောင် မှတ်ချက်ပေးကြတယ်။ ကင်မ်ဟာ ဆေးရုံမှာ ၁၄ လကြာ ခွဲစိတ်ကုသမှုတွေကို ခံယူခဲ့ရတယ်။ အဲဒီနောက် နှစ်ပေါင်းများစွာကြာအောင် ကုသမှုတွေကို ဆက်လက် ခံယူခဲ့ရတယ်။ ကျန်းမာရေး တိုးတက်လာပြီးတဲ့ နောက်မှာတော့ သူမရဲ့ ရွာသို့ပြန်ပြီး မိသားစုနဲ့အတူ ပုံမှန်ဘဝအတိုင်း ဆက်လက် နေထိုင်ခဲ့တယ်။

ကင်မ် ကောလိပ်တက်နေစဉ် လက်မောင်းမှာ မီးလောင်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရထားတဲ့ လူတစ်ဦးနဲ့ တွေ့ဆုံခဲ့တယ်။ သူက စစ်ပွဲအတွင်း မီးလောင်နေတဲ့ အဆောက်အဦးက တစ်စုံတစ်ဦးကို ကယ်တင်ဖို့ ကြိုးစားနေတုန်း လက်မောင်းမှာ မီးစွဲလောင်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုတယ်။

အသိမိန်းကလေးတစ်ဦးက ကင်မ်ရဲ့ အရုပ်ဆိုးအကျည်းတန်နေတဲ့ မီးလောင်အမာရွတ်တွေကို ကြည့်ပြီး သူမကို ချစ်ကြိုက်မယ့်သူ ရှိမှာမဟုတ်ဘူးလို့ လှောင်ပြောင် ပြောဆိုခဲ့တယ်။ ဒီအချိန်မှာ သူမရဲ့ အမာရွတ်တွေဟာ ဘယ်လောက်ထိ ဆိုးရွားနေသလဲဆိုတာ စဉ်းစားလာမိခဲ့တယ်။ ဒါဟာ သူမရဲ့ စိတ်ပိုင်းဆိုင်ရာကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ ၃ ရက်လုံးလုံး မအိပ်နိုင်၊ မစားနိုင်၊ ကျောင်းစာတွေ မလေ့လာနိုင် ဖြစ်ခဲ့ရတယ်။

နောက်ဆုံးမှာတော့ တရားမှတ်ခြင်း၊ မိမိကိုယ်ကို အားပေးစကား ပြောခြင်းဖြင့် သူမရဲ့စိတ်ကို တည်ငြိမ်အောင် စုစည်းနိုင်ခဲ့တယ်။ သူမအနေနဲ့ ဘဝကြင်ဖော်တစ်ဦးကို ရှာတွေ့ခဲ့မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ဒါပေမယ့် သူမ အမှန်တစ်ကယ် ရှာတွေ့ခဲ့တယ်။ နောက်ဆုံး သူတို့လက်ထပ်ခဲ့ကြပြီး သား ၂ ယောက် ထွန်းကားခဲ့တယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူကတော့..."ဒီမီးလောင်ဒဏ်ရာတွေကြောင့် သူ့မကို ပိုပြီးချစ်ခဲ့တယ်..." လို့ ပြောဆိုခဲ့တယ်။

အချိန်ကြာမြင့်စွာ နာကျင်မှုဝေဒနာ ခံစားနေရတာကိုကြည့်ပြီး သူမအနေနဲ့ စစ်ပွဲကို နာကျည်းမုန်းတီးမိကြောင်း ကင်မ်က ဝန်ခံခဲ့တယ်။ သူမကို ဘာကြောင့် ဒီလိုလာဖြစ်ရသလဲ ဆိုတဲ့မေးခွန်းကိုလည်း မကြာခဏ ထုတ်နေမိတယ်။ ဒါပေမယ့် စိတ်အေးချမ်းမှု ရရှိဖို့အတွက် ဒီလို အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို ကျော်လွှားဖို့ လိုတယ်ဆိုတာ မကြာခင်မှာပဲ ကင်မ် သဘောပေါက်ခဲ့တယ်။ ကောင်းတဲ့အရာတွေ ဆက်ပြီး လုပ်ဆောင်နိုင်ဖို့ သူမအနေနဲ့ ခွင့်လွှတ်ဖို့ လိုအပ်တယ်ဆိုတာ သိလာခဲ့တယ်။ အဲဒီနောက် ဖြစ်ပျက်ခဲ့တာတွေအတွက် တာဝန်ရှိသူတွေ အားလုံးကို ခွင့်လွှတ်ခဲ့ပြီး စိတ်ငြိမ်းချမ်းမှုကို ရယူခဲ့တယ်။

၁၉၉၆ ခုနှစ်၊ စစ်ပြန်များနေ့မှာ ဗီယက်နမ်စစ်ပြန်တွေဟာ ဝါရှင်တန်မှာရှိတဲ့ ဗီယက်နမ်စစ်ပွဲ အမှတ်တရအောက်မေ့ပွဲမှာ လာရောက်စုဝေးခဲ့ကြတယ်။ အဲဒီနေရာမှာ ကင်မ်လည်း ရှိနေခဲ့တယ်။ အခမ်းအနားမှာ သူမအနေနဲ့ တိုက်ခိုက်မှုတွေကနေ အသက်ရှင် လွတ်မြောက်ခဲ့တဲ့အကြောင်း၊ တာဝန်ရှိသူတွေကို အမျက်ဒေါသ မဖြစ်တော့ပဲ သူတို့ကို ခွင့်လွှတ်နိုင်ဖို့ ခွန်အားတွေ ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့အကြောင်း ပြောကြားခဲ့တယ်။ ကင်မ် စကား​ပြောကြားနေစဉ် ရုတ်တရက်ဆိုသလိုပဲ လူအုပ်ကြီးထဲမှ လူတစ်ယောက်က မတ်တပ်ထရပ်လိုက်ပြီး သူမဆီကို ဦးတည်ပြီး သွားလိုက်တယ်။ သူကတော့ ထရန်းဘန်းမြို့ပေါ်ကို မီးလောင်ဗုံး ကြဲချခံတဲ့ လေယာဉ်မှူး ဂျွန်ပလာမာ...။ သူက အဲဒီတိုက်ခိုက်မှုအပေါ် သူ့အနေနဲ့ တာဝန်ရှိကြောင်းနဲ့ စိတ်မကောင်းကြောင်း သူမကို ပြောခဲ့တယ်။ ကင်မ်က စင်မြင့်ပေါ်ကနေ ဆင်းလာပြီး သူ့ကို သိုင်းဖက်လိုက်တယ်။ ပြီးတော့ သူ့ကို ခွင့်လွှတ်လိုက်ပြီဆိုတဲ့အကြောင်း ပြောလိုက်တယ်။

ကင်မ်ဟာ သူမရဲ့ မြင့်မားတဲ့ ရည်ရွယ်ချက်တွေ ကြောင့်သာ အန္တရာယ်တွေကနေ ဆက်လက် ရှင်သန်နိုင်ခဲ့တယ်။ အခြားသူတွေကို ကူညီတတ်ဖို့နဲ့ ခွင့်လွှတ်တတ်ဖို့ ကြိုးပမ်းရာမှာ ဒီအဖြစ်အပျက်တွေက သူမကို သင်ခန်းစာပေးခဲ့တယ်လို့လည်း ယုံကြည်ခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ သူမဟာ စစ်ဘေးစစ်ဒဏ်သင့်တဲ့ ကလေးငယ်တွေကို ကူညီဖို့ Kim Phuc ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တယ်။ အဲဒီနှစ်ထဲမှာပဲ သူမဟာ ယူနက်စကို (UNESCO) ရဲ့ ချစ်ကြည်ရေးသံအမတ် ဖြစ်လာခဲ့တယ်။ ကင်မ်ဟာ လူအများကို ကူညီရတာတွေ၊ ဆေးရုံတွေမှာရှိတဲ့ စစ်ဘေးစစ်ဒဏ်သင့်တဲ့ ဘဝတူကလေးငယ်တွေထံ သွားရောက်လည်ပတ်ပြီး သူတို့ကို အားပေးစကားပြောရတွေကို နှစ်သက်ခဲ့တယ်။

ခွင့်လွှတ်တတ်ဖို့ ခွန်အား၊ အကောင်းမြင်တတ်တဲ့ စိတ်သဘောထားတွေနဲ့အတူ တွေ့ဆုံသူတိုင်းကို အားပေးနှစ်သိမ့်ခြင်း၊ ကူညီဖေးမခြင်းတွေဟာ သူမရဲ့ မဆုပ်မနစ် ကြိုးပမ်းအားထုတ်မှုများသာ ဖြစ်ပါတယ်.......။









ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...