ခေါင်းဆောင်နှင့် အချိန်စီမံမှု

ခေါင်းဆောင်တိုင်းအတွက် အချိန်ကို စီမံခန့်ခွဲမှုဟာ အလွန် အရေးပါတဲ့ ကိစ္စတစ်ခုပါ။ အံ့သြစရာ ကောင်းလောက်အောင် ထိပ်တန်းခေါင်းဆောင် ကြီးတွေဟာ အလုပ်ကိုပဲ ဖိလုပ်နေတဲ့ သူတွေ ရှားပါတယ်။ အလုပ်လုပ်တဲ့ အချိန်ကို လုပ်တယ်၊ လေ့လာသင်ယူတဲ့ အချိန်ကို သေချာဖယ်ထား တယ်၊ ကိုယ်ကျန်းမာဖို့ စိတ်ကျန်းမာဖို့ အချိန်ကိုလည်း သီးသန့် ဖယ်ထားလေ့ရှိ ပါတယ်။ အချိန်ပြည့် အလုပ်ခွင်မှာပဲ အလုပ်စွဲသမား (workaholic) အဖြစ် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ကို မထား ပါဘူး။

ကျွန်တော်လေ့လာဖူးသမျှ ခေါင်းဆောင်တိုင်းလိုလို လုပ်ငန်းခွင်မှာပဲ အချိန်တော်တော်များများကို မြှုပ်နှံ ထားကြတာ မဟုတ်ပါဘူး။ ခေါင်း ဆောင် ကြီးတွေ အချိန်ကို ဘယ်လိုစီမံကြသလဲ၊ များပြားလှတဲ့ ဖြေရှင်းစရာ၊ လုပ်ဆောင်စရာ၊ ညွှန်ကြားစရာတွေ တစ်ပုံတစ်ပင် ရှိနေပေမယ့် အားလပ်ချိန်ကို ဘယ်လို စီမံထားကြသလဲ၊အဲ့ဒီအားလပ်ချိန်မှာ သူတို့ ဘာတွေလုပ်ဆောင် ကြသလဲဆိုတာ စူးစမ်းကြည့်မိပါတယ်။

ဒီလိုလေ့လာကြည့်တော့ လုပ်ငန်းနဲ့မဆိုင်တဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေ အကြောင်းသိလာပြီး ဒီခေါင်းဆောင်ကြီးတွေရဲ့ အချိန်အပေါ်မှာ သုံးတတ်၊ စီမံခန့်ခွဲတတ်ပုံကို အံ့သြချီးကျူးခဲ့မိပါတယ်။ အစက ခေါင်းဆောင် ဆိုသူတွေဟာ အလုပ်ထဲမှာပဲ အာရုံအပြည့် စူးစိုက်ထားရမယ်လို့ ထင်ခဲ့ပါတယ်။ ခေါင်းဆောင်မှန်ရင် သူများထက်ပိုပြီး အလုပ်ချိန်ပို လုပ်နိုင်ရမယ်လို့ ထင်ခဲ့မိပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ အလုပ်လုပ်ချိန်ထက် ပိုပြီးအစွမ်း ထက်တဲ့ အချိန်တစ်ခုဟာ ဘာလဲဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။

ခေါင်းဆောင်တိုင်းလိုလိုမှာ လုပ်ငန်းအဖွဲ့အစည်းရဲ့ ပြင်ပဖြစ်တဲ့ သူတို့ ရဲ့ ကိုယ်ပိုင်ပုဂ်္ဂိုလ်ရေးဘ၀ ကိုလည်း အချိန်ပေးဖို့ ကောင်းစွာ စီမံထားပါတယ်။ သူတို့ဟာ လုပ်ငန်းဘ၀နဲ့ ပုဂ်္ဂိုလ်ရေးဘ၀ကို သင့်တင့် မျှတစွာ ချိန်ဆ စီမံနိုင်ကြပါတယ်။ ဒီလိုပြောတော့ အလုပ်ချိန်ဟာ အရေးမကြီးဘူး၊ ဦးစားပေး အစီအစဉ်မှာ လုပ်ငန်းကိစ္စက ထိပ်ကမပါဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လုပ်ငန်းအပေါ် သူတို့ ထက်သန်မှုမရှိ၊ သူတို့ဘ၀ကို မြှုပ်နှံ မထားဘူးလို့လည်းဆို တာမဟုတ်ပါဘူး။ လုပ်ငန်းလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်ကို ခွဲခြားသိပြီးထိရောက် စွာအသုံးချနိုင်မှုကို ဆိုချင်တာဖြစ်ပါတယ်။

ခေါင်းဆောင်နဲ့ အားလပ်ချိန်

ခေါင်းဆောင်ကြီးများလောကမှာ အလုပ်ကို လေးစားတန်ဖိုးထား စိတ်က အရေးကြီးပါတယ်။ တော်တော်များများ အောင်မြင်တဲ့ ခေါင်း ဆောင်တွေဟာ အလုပ်ချိန်နဲ့ အားလပ်ချိန်ကို ခွဲခွဲခြားခြား သိရှိထားပါ တယ်။ ခေါင်းဆောင်လောကမှာ အားလပ်ချိန်ပေးမှု အခန်းကဏ္ဍဟာ သိပ်ကို အရေးပါလှပါတယ်။ လုပ်ငန်းခွင် အကြီးအကဲတွေနဲ့ ပတ်သက်လို့ အလုပ်ချိန် နဲ့ အားလပ်ချိန် အပြုသဘောရှုမြင်တတ်ဖို့ အရေးကြီးပါတယ်။ ဒါကို အလုပ် လုပ်ချိန်နဲ့ အားအားယားယား နေထိုင်ချိန်လို့ တချို့တွေက မြင်ကြပါတယ်။

လုပ်ငန်းအကြီးအကဲဆိုတာ ဂေါက်ရိုက်ရင်း လုပ်ငန်းကိစ္စ သဘောတူညီမှုတွေကို ရယူတတ်ကြတယ်။ တချို့က အလုပ်ကိစ္စပြောဆို ညှိနှိုင်းဖို့ နေ့လယ်စာ ထွက်သွားပြီး ရုံးကိုနောက်ကျမှ ပြန်လာတတ်ကြ တယ်။ အလုပ်ကို အကြောင်းပြပြီး အလကား အားအားယားယား အချိန်ဖြုန်းတတ် ကြတယ်လို့ လူအများက ရှုမြင်တတ်ကြပါတယ်။ ဒါကြောင့် ခေါင်းဆောင်ကြီးတွေဟာ အလုပ်ဆိုတာနဲ့ အားလပ်မှု ဆိုတာကို ဘယ်လို ခွဲခြားစီမံပြီး အလုပ်လုပ်ဆောင်ကြသလဲဆိုတာကို စိတ်ဝင်စားခဲ့ တာဖြစ်ပါတယ်။

အလုပ်လုပ်ချိန်နဲ့ အားလပ်ချိန်ယူတာတွေဟာ ခေါင်းဆောင်တွေ အပေါ် ဘယ်လို စိတ်အနေအထားတွေ ဖြစ်လာစေသလဲ၊ ဆုံးဖြတ်ချက်တွေ ဘယ်လိုမှန်ကန်လာစေသလဲ၊ တီထွင်ဖန်တီးတာနဲ့ တခြားထူးခြားတဲ့ ခေါင်းဆောင်တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ ဘယ်လောက်အထောက် အကူပြုသလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ လုပ်ငန်းလောက ရဲ့ထိပ်တန်း ခေါင်းဆောင်တွေဟာ အလုပ်ကို ဘယ်လို အချိန် သတ်မှတ်ပြီး လုပ် ဆောင်ကြသလဲ၊ အဓိပ်္ပာယ်ပြည့်ဝတဲ့ ကိုယ်ပိုင်အားလပ်ချိန်ကို ကိုယ့်ဘ၀ အတွက် တည်ဆောက်ဖို့ ဘယ်လိုအချိန်ပေးကြသလဲဆို တာ ခေါင်းဆောင် လုပ်မယ့်သူတိုင်း သိရှိနားလည် ထားသင့်ပါတယ်။

ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်မူဟန်အတိုင်း လွတ်လွတ် လပ်လပ်ရပ်တည်လိုတဲ့ သဘော ရှိကြပါတယ်။ ခေါင်းဆောင်တွေကို ကြည့်လိုက်ရင် လုပ်ငန်းတာဝန်တွေ ပိနေသလို၊ လုပ်ငန်းဘောင် ထဲမှာပဲ အသက်ရှင်နေရသလို ထင်စရာရှိပေမယ့် သူတို့ဟာ မနက်(၉)နာရီက ညနေ(၅)နာရီအထိ ပုံမှန်အလုပ်ဆင်းကြရတဲ့ အောက်ခြေလုပ်သားအ ဆင့်ဆင့်တွေထက်တော့ ပိုပြီးလွတ်လပ်တဲ့ သဘော ရှိနေပါတယ်။ ကိုယ့်အ လုပ်ကို ကိုယ်ကြိုက်တဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့နေရာကို ရွှေ့ပြောင်း လုပ်ကိုင်နိုင်တဲ့ သဘောရှိပါတယ်။

တစ်ခါတစ်ရံမှာ ခေါင်းဆောင်တွေဟာ အလုပ်လုပ်နေတာလား၊ အားအားယားယား နေနေတာလား ဆိုတာကို ဘေးလူတွေက တိတိကျကျ မပြောနိုင်ဘဲ ရှိတတ်ပါတယ်။ ဒီနေ့ခေတ် လုပ်ငန်းခေါင်းဆောင် တွေရဲ့ အနေအထားတွေ ဟာလည်း အလုပ်ချိန်နဲ့ အားလပ်ချိန်ကို နာရီကြည့်ပြီး သတ်မှတ် လို့မရနိုင် သလိုဖြစ်လာတဲ့ သဘောရှိပါတယ်။ ရာထူးအဆင့်ဆင့် ရှိတဲ့ ခေါင်းဆောင်တိုင်းအတွက် အလုပ်ချိန်နဲ့ အားလပ်မှုကို ခွဲခြားသိနေဖို့ အရေးကြီးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို အလုပ်လုပ်နေတယ် ဒါမှမဟုတ် အပန်းဖြေ အနားယူနေတယ်ဆိုတဲ့ သိမှတ်ခံစားမှုဟာ လူရဲ့အပြု အမူနဲ့ စွမ်းဆောင်ရည်တွေအပေါ် မတူညီတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေနိုင်လို့ပါပဲ။ လူမှုဆက်ဆံရေးနဲ့ မိသားစုအပေါ်မှာ အချိန်ပေးတတ်ပြီး ထူးထူးခြားခြား ဦးစီး ဆောင်ရွက်နိုင်တဲ့ သူတစ်ယောက်ဟာ အလုပ်ခွင်မှာ မထင်မရှား ဖြစ်နေတတ်သလို တခြားလူကတော့ အပြင်မှာ မထင်ရှား မထူးခြား၊ လုပ်ငန်းခွင်မှာ ထူးခြားတောက်ပြောင်နေတတ်ပါတယ်။ ဒါဟာ သူတို့နှစ်ယောက်ကြားက အလုပ်ချိန်နဲ့ အားလပ်ချိန်အပေါ် ခံယူပုံ ကွာခြား သွားလို့ပါပဲ။

ဒီလိုကွာခြားမှုဟာ လူနှစ်ယောက်ရဲ့ စိတ်နေသဘောထားကို ထင် ဟပ်စေပါတယ်။ တစ်ယောက်က အလုပ်ကိုချစ်တယ်၊ အားလပ်နေရတာ ကိုမုန်းတယ်။ နောက်တစ်ယောက်ကသူနဲ့ပြောင်းပြန်။ ဥပမာ ထင်ရှားအောင်ပြ ရမယ်ဆိုရင် တစ်ယောက်ကမနက်အလုပ်ဆင်း ရမှာကို ကြောက်တယ်၊ နောက် တစ်ယောက်က ညဘက်အလုပ်သိမ်းပြီး အိမ်ပြန်ရမှာကို ကြောက်တယ်ပေါ့။

ဒါပေမဲ့ အလုပ်လုပ်တဲ့ စိတ်နဲ့ အားလပ်စိတ်တွေရဲ့ ထူးခြားချက် က နေရာဌာန၊ အချိန်ကာလတွေနဲ့ မဆိုင်ဘဲ ကိုယ့်ကိုယ်ကို အလုပ်လုပ်နေ တယ်လို့ ခံစားမိသလား၊ အားအားယားယား လွတ်လွတ် လပ်လပ်နေရ တယ်လို့ ခံစားမိနေသလားဆိုတဲ့ စိတ်အခြေအနေပေါ်တွင်သာ မူတည်ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်တွေဟာ တခြားသူတွေထက် ထူးခြားသွားတဲ့အချက်က ကိုယ့်ကိုယ်ကို သိတာဖြစ်ပါတယ်။

ကိုယ်က အလုပ်စားပွဲမှာ ကော်ဖီတစ်ခွက်နဲ့ ထိုင်ပြီး မျက်လုံးကိုမှိတ်၊ ကုလားထိုင်နောက်ကို မှီပြီး ထိုင်နေရင် တခြားအလုပ် လုပ်နေကြသူတွေက ဘယ်လိုမြင်မလဲ။ အမှန်တော့ ခေါင်းဆောင်တွေဟာ ဘယ်အချိန်မှာ ဘယ်လိုနေနေ သူဘာလုပ်နေတယ်ဆိုတာ သိပါတယ်။ သူဘာတွေ စဉ်းစားတွေးခေါ်နေ သလဲ၊ ပန်းတိုင်ကို ဘယ်လိုရောက်အောင် သွားမလဲ၊ ဘယ်လို အခက်အခဲတွေကြုံနိုင်သလဲ၊ ဘယ်လိုဖြေရှင်း မလဲဆိုတာသိ အောင်အား ထုတ်နေတတ်ပါတယ်။

ဒီလိုအချိန်ဟာ အားအားယားယား ထိုင်နေတာလား၊ အရေးကြီးတဲ့ အလုပ်ကြီးတစ်ခုကို လုပ်နေတာလား အပြင်ပန်းအနေနဲ့ မသိနိုင်ပါဘူး။ အောက်ခြေလူတွေက မော့ကြည့်ရင်တော့ ခေါင်းဆောင်ဆိုတဲ့ အလုပ် ဟာ အလုပ်လုပ်နေတာနဲ့ မတူဘူးလို့ ထင်မှာပါ။ ခေါင်းဆောင်တွေကို တခြားလူတွေနဲ့ ကွဲပြားသွားစေ တဲ့အချက်က ခေါင်းဆောင်တွေဟာ အလုပ်စိတ်ရှိနေချိန်မှာရော၊ အားလပ်စိတ် ရှိနေချိန်မှာပါ ကိုယ့် ရည်မှန်းချက် ပန်းတိုင်တွေဆီကို မပြတ်လျှောက်လှမ်း နေတတ်တာပါပဲ။

ခေါင်းဆောင်တွေနဲ့ ပြောဆိုကြည့်တဲ့အခါ အလုပ်လုပ်နေချိန် မှာ တောင် အားလပ်စိတ်၊ လွတ်လပ် ပျော်ရွှင်စိတ်ရှိတာဟာ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်တာနဲ့ တီထွင်ဖန်တီးမှုတွေ တိုးတက်ကောင်းမွန် စေတယ်လို့ ဆိုကြပါတယ်။ လုပ်ငန်းခေါင်းဆောင်ဟာ ရုံးခန်းထဲမှာ ရှိနေစဉ် သူ့စိတ်ဟာ အားလပ်ချိန်တွေမှာလို လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပါးမှုရှိ နေမယ်၊ ဒါ့အပြင် အားလပ်ချိန် ရုံးပြင်ပနေရာမျိုးတွေမှာလည်း အပန်းဖြေရင် အလုပ် ကိစ္စတွေဝင်လာပါက အလုပ်လုပ်ချိန်မှ မဟုတ်ဘဲ ဆိုတဲ့ တားဆီးပိတ်ပင်တာ မျိုးမလုပ်ဘဲ လက်ခံစဉ်းစားလုပ်ဆောင်မယ်ဆိုရင် ဒီအချိန် နှစ်မျိုးလုံးဟာ တကယ်ကိုထိရောက်နှစ်သက်စရာကောင်းတဲ့အချိန်၊တန်ဖိုး ရှိတဲ့အချိန်၊ ဦးနှောက်ရဲ့ တီထွင်ဖန်တီးနိုင် စွမ်းအားတွေ အားကောင်း လာစေမယ့် အချိန်တွေဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တိုင်းဟာ အချိန်ကို ဥာဏ်နဲ့ကောင်းစွာ စီမံနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Let's Fly Together!

ဖူးကျော်ဇင် (Future Wave)

JOB Seekers Journal vol.2,no.42 
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...