အပူငြိမ်းအေးစေတဲ့ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး

ဗုံလုံသီးပင်တို့ သည် တစ်နှစ်ပတ်လုံး အသီး သီးသော အပင်ဖြစ်ကာ၊ အကြီးမြန်သော နွယ်ပင် တစ် မျိုးဖြစ်၏။ အပူပိုင်းဒေသတွင် ကောင်းစွာ ဖြစ်ထွန်းကြပြီး၊ မှန်ကူကွက် သစ်သားဘောင်ဖြင့် တိုင်ထူ စိုက်ပျိုးပေးပါက၊ အပင်ဖြစ်ထွန်းမှု မြန်ဆန်ပါတယ်။ ဗုံလုံသီးတို့ သည် အုပ်မိုး ထားသော အရွက်များအောက်မှ တွဲလောင်းကျ၍ သီးခြင်းဖြစ်၍ အမှတ်တမဲ့ ကြည့်ပါက မြွေနှင့် ခပ်ဆင်ဆင် တူခြင်း၊ အလွန်အမင်း အလျားလိုက် ရှည်ထွက်ကာ အသီးသီးခြင်း၊ တစ်ခါတစ်ရံတွင် အလျားလိုက် မရှည်ဘဲ အသီး၏ အဖျားစွန်း တစ်ဘက်မှ နောက်အဖျား စွန်းတစ်ဘက်ထိ မိမိကိုယ်ကို ခွေပတ်တွန့် လိမ်စွာ အသီးသီးခြင်း၊ အစိမ်းရောင် အသီးပေါ်တွင် အစိမ်း နုရောင် (သို့ မဟုတ်) အဖြူရောင် အကြောင်အကျား များပါရှိခြင်း စသည်တို့ ကြောင့် အချို့ အရပ်ဒေသများတွင် ဗုံလုံသီးကို ပဲလင်းမြွေသီးဟု ခေါ်ဆိုကြပါ တယ်။

အသီးရင့်လာပါက၊ အထဲရှိအစေ့များလဲ ရင့်မာလာ တတ်သဖြင့်၊ နုချိန်မှာခူးဆွတ် စားသင့်ပါတယ်။ အသီးသာမက၊ အရွက်ကိုလဲ ဟင်းချက်စားနိုင်ပါတယ်။ မလတ်ဆတ်သော အရွက်တွင် အလွန်စူး ရှသော အနံ့ အသက် ဆိုးများထွက်ရှိ၏။ အသီး၏ အရသာမှာ ချိုပေါ့ပေါ့ အရသာရှိပါတယ်။ နု၍ လတ်ဆတ် သော အသီးတွင် အရည်ဓာတ်မြောက်များစွာ ပါရှိသောကြောင့် အပူပေးချက် ပြုတ်ရာ၌ လျှင်မြန်စွာ ကျက်လွယ်၏။ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးကို ငါး၊ပုစွန် (သို့ မဟုတ်) မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုး တို့ ဖြင့် အစာသွပ်ချက်၍ သော်လည်းကောင်း၊ နှပ်၍သော်လည်းကောင်း၊ ကြော်၍သော် လည်းကောင်း၊ အသီးနှင့်အရွက်နုတို့ကို ပြုတ်ကာ ငပိရည်အတို့ အမြှုပ်အဖြစ်လည်းကောင်း၊ အရွက်ကို ဟင်းချို/စွပ်ပြုတ်/ကြော်ချက် ချက်၍သော်လည်းကောင်း၊ အမျိုးမျိုး ချက်ပြုတ် စားသောက်နိုင်ပါတယ်။

< ဗုံလုံသီးနှင့်ကျန်းမာရေး >

ဗုံလုံသီးထဲမှာ လူသားတို့ အတွက် ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ ဗီတာမင် နှင့်သတ္တုဓာတ်တို့  အမြောက် အများပါရှိလို့ ၊ အထူးသဖြင့် အိန္ဒိယရိုးရာ ကျေးလက်ကုထုံးများတွင် ဗုံလုံသီး နှင့် အရွက်တို့  ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျှက်ရှိ နေကြပါတယ်။ ဆေးသုတေသီများ၏ ဓာတ်ခွဲ စမ်းသပ်ချက် မျာအရ၊ ၁၀၀ ဂရမ်ရှိသော ဗုံလုံသီးထဲတွင် ကယ်လိုရီ ၁၈၊ အစိုဓာတ် ၉၄.၆%၊ ပရိုငတ်း ၀.၅%၊ အဆီ ဓာတ် ၀.၃%၊ အမျှင်ဓာတ် ၀.၈%၊ ကစီဓာတ် ၃.၃ %၊ ကယ်လ် စီယမ် ၂၆ မီလီဂရမ်၊ မီးစုန်း ၂၆ မီလီ ဂရမ်၊ သံဓာတ် ၀.၃ မီလီဂရမ်၊ ကယ်ရိုတင်း ၉၆ မီလီဂရမ်၊ သီအာမင် ၀.၀၄ မီလီဂရမ်၊ ရီဘိုဖလာဗင် ၀.၀၆ မီလီဂရမ်၊ နီအာစင် ၀.၃ မီလီဂရမ် တို့  အသီးသီးပါရှိကြလို့  လူသားးတို့ ကျန်းမာရေးကို များစွာ အထောက်အကူ ပြုစေတယ်လို့ ဆိုပါတယ်။

1. ဗုံလုံသီးသည် ချွဲ၊ သလိပ်၊ ပြည်တို့ကို ပျော်စေနိုင်စွမ်းရှိပြီး၊ အဆုတ်နာ/တီဘီနာ ဝေဒနာရှင်များကို များစွာ ကောင်းကျိုး ပြုပါတယ်။ ဗုံလုံသီးပင် အရွက်ကလည်း ညချွေးထွက်လွန်ခြင်းနှင့်အဆုတ် တီဘီရောဂါ တို့ ကို သက်သာစေပါတယ်။

2. ဗုံလုံသီးထဲတွင်ပါရှိသော ရေဓာတ် နှင့် သတ္တုဓာတ်များက၊ အရေပြားခြောက်သွေ့ မှုကို သက်သာလျော့ နည်းစေသည့် အပြင် ခန္ဓာကိုယ်၏ အရေဓာတ်ထုပ်လုပ်မှုကိုလဲများစွာ အထောက်အပံ့ ပေးပါတယ်။ အပူငြိမ်းကာ ခန္ဓာကိုယ်တွင်းကို အေးမြစေလို့ ၊ ပူပြင်းသော နွေရာသီတွင် များများစားပေးသင့်ပါတယ်။

3. အသည်းကို လွန်စွာကောင်းကျိုးပြုပါတယ်။

4. ဗုံလုံသီးသည် နှလုံးအား ကောင်းစေတဲ့အတွက်၊ နှလုံးဝေဒနာသည်များ စားပေးသင့်ပါတယ်။ နှလုံးပုံမှန် အလုပ်မလုပ်နိုင် ခြင်းကြောင့် နှလုံးခုန်မမှနှ်တော့ဘဲ ရင်တုန်ပန်းတုန်ဖြစ်လာပါက၊ ဗုံလုံရွက် လတ်လတ် ဆတ်ဆတ်များကို အရည်ညှစ်ပြီး စားပွဲတင် ဇွန်း (၁)ဇွန်း မှ (၂)ဇွန်း အထိ တစ်နေ့ လျှင် ၃-ကြိမ် သောက်သုံးပေးရုံမျှဖြင့် နှလုံးကိုပြန်လည်၍ ပုံမှန် အလုပ်လုပ် လာစေနိုင်၏။

5. ကိုယ်ပူ အပြင်းဖျားနာခြင်းတို့ အတွက် ဗုံလုံသီး နှင့် အရွက်တို့ က အသက်ကယ်ဆေးကဲ့သို့ အား ကိုးလောက်ပါတယ်။ ဗုံလုံသီး နှင့်အရွက်တို့ ကို ကျိတ်ချေ၍ ပျားရည်ဖြင့် ရောသောက်ပေးပါက၊ ဖျားနာ ခြင်းကို ယူပစ်သလို ပျောက်ကင်းစေပါတယ်။ ထို့ ပြင်ဗုံလုံသီးအရွက် နှင့် နံနံပင်တို့ ကို ၁၂ ဂရမ်စီ ဆတူရော၍ ရေအေးထဲတွင် တစ်ညစိမ်ထားပါ။ ထိုညသိပ်ရေကို အဖျားလုံးဝ မကျနိုင်ဘဲ အပြင်းဖျားနာ နေသည့် ဝေဒနာသည်များကို ခန္ဓာကိုယ်အနှံ့  လိမ်းကျံပေးနိုင်ပါတယ်။

6. ဗုံလုံသီးထဲတွင် ပါရှိသော အမျှင်ဓာတ်များက ကလူးကို့ စ်ပမာဏကို ထိန်းသိမ်း ပေးနိုင်သောကြောင့်၊ ဆီးချိုရောဂါကို ကျစေပါတယ်။ အထူးသဖြင့် တရုပ်တိုင်းရင်းဆေး ကုထုံးတွင် ဗုံလံသီးပင်၏ အမြစ်ဖြင့် ဆီးချိုရောဂါကို ကုသလေ့ရှိကြပါတယ်။

7. ဗုံလုံရွက်ကို နံနံစေ့နှင့်ရောကာ အပူပေးပြုတ်ထားသည့် အရည်ကို တစ်နေ့ လျှင် (၃)ကြိမ် ခန္ဓာကိုယ် အနှံ့ လိမ်းကျံပေး ခြင်းဖြင့် အသဲရောင် အသားဝါကို ကောင်းစွာ ကုသနိုင်ပါတယ်။

8. ဗုံလုံသီးတွင် ရေဓာတ်ပါဝင်မှုများသောကြောင့် ကယ်လိုရီနဲသော ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ ဒါ့အပြင် ပြည့်စုံလုံ လောက်သော အာဟာရများကို ဖြည့်တင်းပေးနိုင်တာမို့  ခန္ဓာကိုယ် အလေးချိန် ထိန်းလိုသူများအတွက် အထူးသင့်တော် ပါတယ်။

9. အမျှင်ဓာတ် ကြွယ်ဝစွာပါရှိလို့ အစာချေစံနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ၀မ်းချုပ်ခြင်းအတွက် စိတ်မညစ်ပါနှင့်။ ဗုံလုံသီးသာမက၊ အရွက်၊ အမြစ် နှင့် အစေ့တို့ ကလဲ အူထဲတွင် ချောဆီအဖြစ် စွမ်းဆောင်ပေးကာ၊ ၀မ်းနူးစေပါတယ်။ လူကြီးဝမ်းချုပ်ခြင်းအတွက်၊ ဗုံလုံရွက်၊ အမြစ်နှင့် အစေ့တို့ ကို ညက်ညက်ဝါးစား ပေးနိုင်ပါတယ်။ ကလေးငယ်များ ၀မ်းချုပ်ခြင်းအတွက်၊ ဗုံလုံရွက်နှင့်အစေ့တို့ ၏ သတ္တုရည်ကို နံက်တိုင်း လက်ဘက်ရည် ဇွန်း (၁)ဇွန်းစီ တိုက်ကျွေးပေးခြင်းဖြင့် ၀မ်းမှန်စေပါတယ်။

10. ဦးရေပြားတွင် မှိုစွဲ၍ ဗောက်ထသူများအတွက် ဗုံလုံသီး သတ္တုရည်ဖြင့် ဦးရေပြားကိုနှိပ်နယ်ပေးခြင်း ဖြင့် မိမိဖာသာ အိမ်တွင်းဆေးမြီးတိုအဖြစ် ဗောက်များကင်းစင်အောင်ကုသနိုင်ပါတယ်။ ဗုံလုံရွက် သတ္တုရည်ဖြင့် ဦးရေပြားကို လိမ်းပေးရုံမျှဖြင့် ထိပ်ပြောင်ခြင်းကို သက်သာလျော့နဲစေပါတယ်။

11. ဗုံလုံသီးတို့ သည် ဆီးများ၊ လေသက်စေကာ၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို နှင်ထုတ်ပေးနိုင်စွမ်းရှိပါ တယ်။

<အထူးသတိပြုရန်>

(က) ဗုံလုံစေ့ဟာ ၀မ်းသက်စေတာ မှန်သောလဲ၊ ထိုအစေထဲ့တွင် အဆီဓာတ် ပါဝင်မှုမြင့်မားလို့  လွန်ကဲစွာ စားသုံးမိပါက အစာမကျေ ဗိုက်အောင့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။
( ခ) ဗုံလုံသီးပင် အမြစ်ဟာ ၀မ်းသက်စေလို့ ၊ ကိုယ်ဝန်သည်များ မစားသင့်ပါဘူး။ အဆင်မသင့်ရင် သားပျက်/သားလျော ဖြစ်စေပါတယ်။
( ဂ) ဗုံလုံသီးနဲ့ ပီလောပီနံတို့ တွဲမစားသင့်ပါဘူး။ အော့အန်တတ်ပါတယ်။

<မှတ်ချက်> ရင့်သော ဗုံလုံသီးများသည် ခါးသက်သက်ဖြစ်ကာ၊ အရသာလဲမရှိပါ။ ဒါကြောင့် လတ်ဆတ်ပြီး နုသောအသီးများကို အရွေးမမှားဘို့ လိုပါတယ်။
++++++++++++++++++++++++++++++++++++

ဗုံလုံသီးအပါအ၀င် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ အားလုံးတိုင်းတို့ တွင် သဘာဝမှရရှိသော ဆေးဘက်ဝင် အစွမ်းသတ္တိ ကိုယ်စီပါရှိကြသဖြင့် လူသားတို့ ကျန်းမာရေးကို များစွာအထောက်အပံ့ ဖြစ်စေပါတယ်။ သို့ သော် "တန်ဆေး၊လွန်ဘေး" ဆိုးရိုး စကားနှင့်အညီ ဘေးမဖြစ်ေ အာင်တော့ အသုံးချတတ်ဘို့ လိုအပ်ပါတယ်။ ထို့ ကြောင့် လူသားတို့ ကျန်းမာရေးကို သဘာဝ ပဋိဇီဝဆေးအဖြစ် အထောက်အပံ့ပေးသည့် ဗုံလုံသီးကို အကျိုးရှိရှိအသုံးချကာ စားသုံးနိုင်ကြပါစေကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)

ကိုးကားချက် (Home Remedies for Snake Gourd by H.K.Bakhru)

*promise.pauk*
---------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...