ဒေလီမြို့က လမ်းဘေး သွားဆရာဝန်များ
အိန်္ဒိယနိုင်ငံရဲ့ မြို့တော်ဒေလီမှာ လမ်းဘေးသွား ဆရာဝန်တွေ အများအပြား ရှိနေတယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြထား ပါတယ်။ လမ်းဘေးက သွားဆရာဝန်တွေ အသုံးပြုတဲ့ပစ္စည်းတွေဟာ ခေတ်မီခြင်း မရှိတော့ပါဘူး။ ဒါအပြင် သွားဆရာဝန် တစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ ပညာ အရည်အချင်း မျိုးလည်း မရှိကြပါဘူး။ ဆေးခန်းလည်း မရှိသလို လူနာတွေ လာရောက် ကုသရာမှာလည်း ထိုင်ဖို့ ခုံလည်း မရှိပါဘူး။ ဒါ့အပြင် ဘာအီ လက်ထရောနစ် ပစ္စည်းကိုမှလည်း တပ်ဆင်ထားခြင်း မရှိပါဘူး။ ဒါပေမယ့် ဒေလီမြို့ဆင်းရဲသား အများစုဟာ ငွေကြေး အကုန်အကျ နည်းတဲ့ လမ်းဘေး သွားဆရာဝန်တွေ ဆီမှာ ကုသမှုတွေ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။ အိန်္ဒိယမှာ ဒေလီမြို့တစ်မြို့တည်း သာမက နေရာ အနှံ့အပြား မှာ လမ်းဘေးသွား ဆရာဝန်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသက်(၆၇)နှစ်ရှိပြီဖြစ်တဲ့ လမ်းဘေး သွားဆရာဝန် ဆူရင်ဒါဆင်းက သူ့အနေနဲ့ ဒီပညာရပ်ကို ဖခင်ဖြစ် သူထံက အမွေရခဲ့ခြင်းဖြစ်ကြောင်း၊ မိမိသည် ယခုအလုပ်ကို နှစ်ပေါင်း(၄၀)နီးပါး လုပ်ကိုင်ခဲ့ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ဆူရင်ဒါဆင်းက ကျွန်တော် ဒီအလုပ်ကို လုပ်တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ တစ်နေ့ကို လူနာ (၁၅)ဦး လောက် လာရောက် ကုသလေ့ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အသက်ကြီးလာ တာမို့ အရင်ကလို ကုသမှုမျိုး မပြုလုပ်ပေးနိုင် တော့ပါဘူး။ ကျွန်တော့်ရဲ့ ၀င်ငွေက တစ်လကို ပေါင်(၂၅) အထိရှိပါတယ်။ ကျွန်တော်တို့ ဆီကို ဆင်းရဲသား တွေ အများဆုံးလာရောက်ကြ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အလွန်ဈေးကြီးတဲ့ သွားဆေးခန်းတွေကို မသွားရောက်နိုင်လို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ ကုသမှုကို ဆင်းရဲသားတွေ ကတော့ နှစ်သက်သဘောကျပါတယ် လို့ ပြောသွားခဲ့ပါတယ်။ သွားတစ်ချောင်းကို နုတ်ရင် ကုန်ကျ စရိတ်က ပေါင်ဝက်နီး ပါးသာရှိပါတယ်။ သွားတစ်ချောင်း အသစ်စိုက်မယ် ဆိုရင်လည်း ကုန်ကျစရိတ်က ပေါင် (၁ ဒသမ ၅၀) သာ ရှိပါတယ်။
သွားဖုံး တစ်ခုလုံးကို လဲမယ်ဆိုရင် ကုန်ကျစရိတ်က ပေါင်(၁၅)သာ ရှိပါတယ်။ ဒါအပြင် တစ်နှစ်အာမခံ လည်း ရရှိဦးမှာ ဖြစ်ပါတယ်။ နောက်ပြီး အခြားကုသကြေးတွေကိုလည်း ပေးရမှာ မဟုတ်ပါဘူး။ ဒီလို ဈေးနှုန်း သက်သာမှုကြောင့် ဆင်းရဲသားတွေဟာ လမ်းဘေးသွား ဆရာဝန်တွေကို အားကိုး နေရတာ ဖြစ်ပါတယ်။ ဆေးရုံနဲ့ ဆေးခန်းတွေကို သွားရောက် ကုသမယ်ဆိုရင် ကုန်ကျစရိတ်က အမြောက်အမြား ရှိသွားမှာ ဖြစ်ပါတယ်။ အိန်္ဒိယနိုင်ငံက ကျန်းမာရေး အဖွဲ့အစည်းတွေ ကတော့ ဒီလိုကုသမှုမျိုးကို ကန့်ကွက် ခဲ့ကြပေမယ့် ထိရောက်တဲ့ တားဆီးပိတ်ပင်မှု မျိုးကို ပြုလုပ်နိုင်ခြင်း မရှိသေးဘူလို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆင်းရဲသားတွေဟာ နှစ်ပေါင်းများစွာ ကတည်းက လမ်းဘေး သွားဆရာဝန် တွေကို ယုံကြည်မှုရှိစွာနဲ့ ကုသမှုခံယူနေ တာကြောင့် ဖြစ်ပါတယ်။

ref;The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook