အားဖြည့်ပေးပါ...

ဇွန်လ ၂၈ ရက် စနေနေ့။ သုံး၊ လေးရက်စွေပြီး ရွာနေသော မိုးကသည်မနက်မှာ သဘောကောင်းစွာ ကြည်လင်နေသည်။ သည်ကနေ့ ‘‘ကျောင်းသား ဟောင်းများ ပညာရေး အထောက် အကူပြုအဖွဲ့၊ ဒေးဒရဲမြို့’’ က ဆင်းရဲနွမ်းပါးသော အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ များအား ဗလာစာအုပ်နှင့် အခြားကျောင်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းမည့် အခမ်းအနားရှိသည်။ ကျင်းပ မည့်နေ ရာက ထိုအဖွဲ့၏ နာယက ဆရာတော် သီတင်းသုံးရာ မင်္ဂလာကံ ကျောင်းတိုက်ဝင်း အတွင်းက ‘‘သာဓုနယ’’တန်ဆောင်း တော်ကြီး အတွင်းမှာ။ ထိုအခမ်းအနားတွင် ကျွန်တော် စကားပြောဖို့ အစီအစဉ် တစ်ခုပါသဖြင့် အခမ်းအနား မစမီ တစ်နာရီလောက်ကြိုပြီး ရောက်သွားသည်။

ကျွန်တော်ရောက်သွားချိန် တွင် ဦးဆောင်ကျင်းပသည့် အဖွဲ့မှ လူကြီးများ၊ လူငယ်များက ထောက်ပံ့ပေး အပ်မည့် ပစ္စည်းများကို အခမ်းအနားရှေ့ခုံတန်း ရှည်ကြီးပေါ်မှာ စီစီရီရီချထားနေကြသည်။ ထောက်ပံ့ ပစ္စည်းများတွင် ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ် လေးဒါဇင်၊ ဘောလ်ပင်၊ ခဲတံ၊ ပေတံ၊ ကွန်ပါဘူး၊ ထီးနှင့် အထက်တန်းကျောင်းသားများအတွက် အုန်းပင်တံဆိပ် ကျောင်းစိမ်းလုံချည်တစ်ထည်စီပါသည်။ ဤသည်တို့ကို လွယ်အိတ်တစ်လုံးစီနှင့် စုထည့်ထားသည်။ အလယ်တန်းကျောင်းသားတစ်ဦးအတွက် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၅၀၀၀နှင့် အထက်တန်းကျောင်းသားတစ်ဦးအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် ၂၀၀၀၀ရှိသည့် ကျောင်းသုံး ပစ္စည်းများဖြစ်သည်ဟု သိရ သည်။ အထက်တန်းအဆင့် ကျောင်းသား ၁၈ ဦး၊ အလယ် တန်းဆင့်ကျောင်းသား ၅၇ ဦး စုစု ပေါင်းနွမ်းပါးကျောင်းသား ၇၅ ဦးကို ထောက်ပံ့ပစ္စည်း ပေးအပ်မည်ဟု ဦးဆောင်စီစဉ်သူများက ရှင်းပြပါသည်။

အခမ်းအနားစချိန်နီးလာ သည်နှင့် အလှူရှင်များ၊ ကျောင်း သားများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြား ထားသူများ တဖွဲဖွဲ ရောက်လာကြသည်။ အချို့မိဘများက ဘုန်းကြီးကျောင်းဝင်းအတွင်း ၀င်လာရာ၌ ဖိနပ်ပင် ချွတ်စရာမလို။ အကြောင်းကား ချွတ်စရာဖိနပ်ပင်ပါမလာသောကြောင့် ဖြစ်၏။ အချို့မိဘများက ခပ်နွမ်းနွမ်းမျက်နှာသုတ်ပ၀ါကို ခေါင်းမှာပတ်ပေါင်းထားကြ၏။ တွေ့ဖူးသမျှ အခမ်းအနားများတွင် အရိုးရှင်းဆုံးအခမ်းအနားဟု ဆိုရမည်။ ရှေ့တွင် အခမ်းအနားဆိုင်ရာ စာတမ်းတစ်ခုမှလွဲ၍ အလှပန်း အိုးတွေ ဘာတွေချထားတာမတွေ့ရ။ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတွင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲမှူးနှင့် မြို့နယ်ပညာရေးမှူး လောက်သာ ဌာနဆိုင်ရာများမှ တွေ့ရသည်။ အခမ်းအနားအ တော်များများတွင် တွေ့ရတတ် သည့်အ၀ါတွေ၊ အပြာတွေ မတွေ့ရတာကဖြင့် မျက်စိအေးလှသည်။ သို့သော်ပညာရေးနှင့် သက်ဆိုင် သည့် နွမ်းပါးကျောင်းသား ထောက်ပံ့သည့် အခမ်းအနားတွင် မြို့ပေါ် အ.ထ.က များမှ ကျောင်းအုပ်ကြီးများကို မတွေ့ရသည်ကတော့ စိတ်မကောင်းစရာပင်။

အခမ်းအနားစတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောသည်။ ပညာရေး၌ အားပေး ကူညီထောက်ပံ့သည်မှာ ကောင်း သောအလုပ်ဖြစ်၍ သူတို့အုပ်ချုပ် ရေးပိုင်းကလည်း ပူးပေါင်းပါဝင် မည့်အကြောင်း၊ ကျောင်းသား ဟောင်းများအဖွဲ့တွင် လိုအပ် ချက်ရှိသည်များကို ၀ိုင်းဝန်းဖြည့် ဆည်းသွားမည့်အကြောင်း ထည့် သွင်းပြောကြားသွားသည်။ သည့် နောက်ကျောင်းသားဟောင်းများ အဖွဲ့မှ နာယကတစ်ဦးကပြောသည်။ သည့်နောက်တွင် ကျွန် တော် စကားပြောရမည့်အလှည့်။ ကျွန်တော်က မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ပံ့ပိုးကူညီမည်ဟူသော စကားကြားရ၍ ၀မ်းသာကြောင်း၊ အပြောမဟုတ်ဘဲ လက်တွေ့ကျကျကူညီပေးဖို့လိုကြောင်း၊ ရန်ပုံငွေများများရှိလျှင်သည့်ထက်ပို၍ အရေအတွက်များများ ထောက်ပံ့နိုင်မည်ဖြစ်၍ မြို့နယ်အနေဖြင့်ရန်ပုံငွေများများရအောင် ကူညီပေးစေ လိုကြောင်း ကျောင်းသားဟောင်းများကိုယ်စား ပြောပေးလိုက်သည်။

သည့်နောက်တွင် အလှူရှင် များကိုယ်တိုင် အလှူခံပုဂ္ဂိုလ် ကျောင်းသားတစ်ဦးချင်းကို လှူ ဒါန်းပစ္စည်းများ ကိုယ်တိုင်ကိုယ် ကျပေးအပ်လှူဒါန်းသည်။ ကျောင်းသားကလေးငယ်တွေ တစ်ဦးချင်းထပြီး အလှူပစ္စည်း လက်ခံယူနေကြသည့်မြင်ကွင်းက ကြည်နူးစရာကောင်းလှသည်။ အလှူရှင်များကလည်း အမှန်တကယ် ဆင်းရဲနွမ်းပါးသူများကို လှူ ဒါန်းခွင့်ရကြသဖြင့် ၀မ်းမြောက်ဝမ်းသာရှိနေကြသည်။ ဂုဏ်ပကာသနမပါ။ ရိုးရိုးရှင်းရှင်းနှင့် ကုသိုလ်လည်းရ၊ အကျိုးလည်းရှိသည့် အလှူပွဲအခမ်းအနားလေးက နံနက် ၉ နာရီမှာ စ၍၁၀ နာရီခွဲ သာသာတွင် ပြီးဆုံးသွားလေ၏။

ထိုအခမ်းအနားမှ အပြန် တွင် ကျွန်တော့်ခေါင်းထဲမှာ တွေး စရာတွေ တစ်သီကြီးပါလာခဲ့ သည်။ ပညာ သင်ကြားရေးကို ထာဝရစိန်ခေါ်နေသည့် ဆင်းရဲနွမ်းပါးမှုပြဿနာ။ နိုင်ငံတော်က မူလတန်းနှင့် အလယ်တန်း ပညာရေးကို အခမဲ့စနစ်သတ်မှတ် ဆောင်ရွက်ပေးနေသော်လည်း ထိုအခမဲ့ ပညာရေးစနစ်ကိုပင် လက်လှမ်း မမီနိုင်အောင် ဆင်းရဲနွမ်းပါးသည့် ကလေးတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိနေပါသည်။ ဆင်းရဲနွမ်းပါးလွန်း၍ ကျောင်းခန်းထဲ ရောက်မလာနိုင်သည့် ကလေးတွေအများကြီးရှိ နေပါသည်။ ထိုနည်းတူချမ်းသာကြွယ်ဝသည့် သူဌေးတွေလည်း မြို့တိုင်း၊ မြို့တိုင်းမှာရှိကြပါသည်။ သူတို့၏ သားသမီးများကို သိန်းလေးငါးဆယ်အကုန်ခံ၍ မြို့ကြီးပြကြီးများရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများဆီ ပို့နိုင်ကြပါသည်။ သူတို့အတွက် ငွေကျပ်တစ်သောင်းခွဲ၊ နှစ်သောင်းဟူသည် ကလေးမုန့်ဖိုးလောက်ပဲရှိပါ၏။

နိုင်ငံတော်အစိုးရက အခမဲ့ ပညာရေးစနစ်ဟု အမည်တပ် လျက် ပြဋ္ဌာန်းစာအုပ်နှင့် ဗလာ စာအုပ် ခြောက်အုပ်(အလယ် တန်းမပါ) လောက်ကို အခမဲ့ပေး ရုံဖြင့် အခြားကုန်ကျစရိတ်များ (လွယ်အိတ်၊ ကွန်ပါဘူး၊ ထီးစ သည်)အတွက် မတတ်နိုင်၍ သူတို့သားသမီးများကို ကျောင်းသို့မပို့ တော့သည့် မိဘများလည်းရှိပါ သည်။ ယခုကျောင်းသားဟောင်း များအဖွဲ့က ကျောင်းသားတစ်ဦး လျှင် ကျပ်တစ်သောင်းခွဲ၊ နှစ် သောင်းဖိုးမျှ ထပ်မံ ပေးလိုက်ရုံဖြင့်သည် ကလေးတွေ တစ်နှစ်၊ တစ်

ရာသီဖြင့် စိတ်အေးချမ်းသာစွာ ပညာသင်ခွင့် ရသွားကြသည်။ နောင်နှစ်တွေမှာ ဆက်ပံ့ပိုးပေးနိုင်လျှင် အနည်းဆုံးအခြေခံပညာ ပြီးဆုံးသည်အထိ သူတို့လေးတွေ ပညာသင်ခွင့် ရသွားကြပေလိမ့်မည်။ ရန်ပုံငွေရှိ၍ မြို့ပေါ်ကျောင်းများသာမက ကျေးလက်တောရွာများမှ ဆင်းရဲနွမ်းပါး ကလေးများအထိ ပံ့ပိုးပေးနိုင်လျှင် အခြေခံပညာသင်ကြားခွင့် ဆုံးရှုံးသော ကလေးအရေအတွက် အလွန်နည်းပါး သွားပေ လိမ့်မည်။ တစ်ဖက်တွင်လည်း ယူနီဆက်အကူအညီဖြင့် ဆောင်ရွက်နေသော ကျောင်းပြင်ပ ပညာရေးနှင့် ပေါင်းလိုက်လျှင် ကလေးတိုင်း ပညာသင်ခွင့်ရကြပေမည်။ နိုင်ငံတော်အနာဂတ်သည် ထိုကလေးငယ် များ၏ ပညာတတ်ခြင်း၊ မတတ်ခြင်းအပေါ်တွင် လုံးဝတည်မှီနေပေရာ နွမ်းပါးကျောင်းသားများအား ကူညီထောက်ပံ့ခြင်းသည် ထိုကလေးများ၏ ပုဂ္ဂလိကဘ၀များသာမကနိုင်ငံ၏ အနာဂတ်အတွက်ပါ အရေးပါသော အလုပ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ကျွန်တော်ပြောလိုသည်မှာ မြို့တိုင်းရှိ ချမ်းသာကြွယ်ဝသည့် မိဘများက မိမိ၏သားသမီးများကို ငွေကုန်ကြေးကျခံ၍ ကိုယ်ပိုင် ကျောင်းများသို့ ပို့ဆောင်ကြသလို မိမိတို့အတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေနိုင်သည့် တစ်နှစ်စာ အတွက် ကျပ်တစ်သောင်းခွဲ၊ နှစ်သောင်းပံ့ပိုးပေးရုံဖြင့် မိမိတို့ သားသမီးများ နည်းတူ ဆင်းရဲနွမ်းပါးကလေး များလည်း ပညာသင်ခွင့်ရကြပေ မည်။ ကုသိုလ်လည်းရ၊ အကျိုးလည်း ရှိသည့် ပညာဒါနစစ်စစ် ဖြစ်ပေသည်။ နိုင်ငံအနှံ့က မြို့ တိုင်း၊ မြို့တိုင်းမှာ ဦးဆောင်သူ များလည်းရှိ၊ အလှူရှင်များက လည်း တက်တက်ကြွကြွလှူဒါန်း ဆိုလျှင် နိုင်ငံ၏အနာဂတ်နေ့ရက် များသည် ရွှေရောင်တောက်ပပေ လိမ့်မည်။

ကျွန်တော်တို့ငယ်စဉ်မူလ တန်းကျောင်းသားဘ၀က ‘‘လဲနေ သူ ထူပေးပါ’’ ‘‘အားငယ်သူ အား ပေးပါ’’ ဟူသော စာကြောင်းများ ကို သံကုန်ဟစ်၍ ဆိုခဲ့ဖူးပါသည်။ ယခုကာလတွင် ကလေးဘ၀က လို အော်ဟစ် ဆိုရုံမဟုတ်ဘဲ ချမ်း သာသူက ဆင်းရဲသူကို၊တတ်နိုင် သူက မတတ်နိုင်သူကို ကူညီ ထောက် ပံ့ခြင်းဖြင့် ပညာရေး၌ အားဖြည့်ပေးကြစေချင်ပါသည်။ ဤနည်းဖြင့် ကလေးများ၏ ဘ၀ ကိုလည်း မြှင့်တင်ပေးရာရောက် သလို နိုင်ငံ၏ အနာဂတ်ကိုလည်း ၀ိုင်းဝန်းတည်ဆောက်ရာ ရောက် ပါသည်။

နိုင်ငံအနှံ့က စာသင်ကျောင်း တွေမှာ ‘‘အားနည်းသူ’’ ဆင်းရဲ နွမ်းပါးကလေးတွေ များစွာရှိပါ သည်။ သူတို့သည် လရောင်ကို ငံ့ လင့်နေသော ကုမုဒြာပန်းများလို အားကြီးသူတို့၏ အားဖြည့်ပေးမှု ကို ငံ့လင့်နေကြပါသည်။ အား ဖြည့်ပေးပါ။ လှပမွှေးထုံသော ပန်းကလေးများအနာဂတ်မှာ ပွင့် လာကြပါ လိမ့်မည်။


7Day Daily
No.433 Tuesday, July 8, 2014
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...