ကလေး တစ်ထောင်လျှင် ခြောက်ဆယ်ကျော် ဝမ်းရောဂါကြောင့် နှစ်စဉ်သေဆုံးနေ


တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းက ကလေးများကို ၀မ်းရောဂါဖြစ်ပွားစေသည် ( ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) )

ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ကလေးသူငယ်ဦးရေ တစ်ထောင်လျှင် ၆၆ ဦး ပုံမှန် သေဆုံးနေရပြီး အသက်ငါးနှစ်အောက် ကလေးသူငယ်များမှာ အဆိုပါရောဂါကြောင့် အများဆုံး သေဆုံးနေကြောင်း Save the children က သုတေသနပြုနေကြောင်း သတင်းရရှိသည်။

အဆိုပါရောဂါသည် မြန်မာ နိုင်ငံတွင် ဖြစ်ပွားမှုအများဆုံးဖြစ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသားအဆင့် ကလေးသူငယ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ မဟာဗျူဟာစီမံကိန်း၏ လေ့လာချက်အရ ငါးနှစ်အောက် ကလေးသူငယ်သေဆုံးမှု၏ ၂၅ ရာခိုင်နှုန်းမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဖြစ်ကြောင်း သိရသည်။

‘‘ကလေး၊ လူကြီးဖြစ်ပွားနှုန်းက အတူတူပဲ။ ဒါပေမဲ့ သေဆုံးနှုန်းက ကလေးတွေ ပိုများတယ်။ ဘာကြောင့်လဲ ဆိုတော့ ကလေးတွေရဲ့ ကိုယ်ခံအားခြေအနေရယ်၊ နောက်တစ်ခုက ကလေးတွေရဲ့ အပြုအမူ၊ သူတို့ကိုပံ့ပိုးနေတဲ့ လူကြီးမိဘတွေရဲ့ အပြုအမူ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ ပတ်ဝန်းကျင် သန့်ရှင်းမှုတွေကြောင့် သူတို့မှာ လူကြီးတွေ ထက်စာရင် သေဆုံးမှုကပိုများနေတယ်’’ဟု ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးပညာအရာရှိ ဒေါ်အိအိဆွေကဆိုသည်။

အသက်ငါးနှစ်ကလေးများထဲတွင် အသက်ခြောက်လမှ ၂ နှစ်ကြားရှိ ကလေးများ၌ ပိုမို အဖြစ်များ၍ ယင်းရောဂါဖြစ်စေသည့် အကြောင်းရင်းများမှာ လက် မသန့်ရှင်းခြင်း၊ ရေ မသန့်ရှင်းခြင်း၊ အိမ်သာ မသန့်ရှင်းခြင်း၊ ပတ်ဝန်းကျင် မသန့်ရှင်းခြင်းနှင့် အစားအစာ မသန့်ရှင်းခြင်းတို့ကြောင့်ဖြစ်ပြီး ၎င်းတို့ထဲမှ လက် မသန့်ရှင်းခြင်းသည် အဓိကဖြစ်ပွားစေသည့် အကြောင်းအရာဖြစ်ကြောင်း သိရသည်။

‘‘အဓိကကတော့လက်ပေါ့။ လူတွေကတော့ လက်ကို ဆေးကြောတာပဲပေါ့။ ဒါပေမဲ့ လက် ဆေးတဲ့နေရာ မှာ တကယ့်ကို စနစ်တကျပုံစံနဲ့ လက်ဆေးတာ မဟုတ်ဘူးဆိုရင် သူ့ရဲ့ လက်မှာရှိတဲ့ချေးတွေလည်း စင်ကြယ်သင့်သလောက် စင်ကြယ်မှာမဟုတ်ဘူး’’ဟု ၎င်းကပြောကြားသည်။

မြို့ပြနှင့်ကျေးလက်ဒေသများတွင် ကျန်းမာရေးဦးစီးဌာန၏ လေ့လာသုတေသနပြုချက်အရ အိမ်သာမှ ဆင်းပြီး လက်မဆေးသူ ရာခိုင်နှုန်းမှာ ၄၉ ရာခိုင်နှုန်း၊ ရေဖြင့်ဆေးကြောသူ ရာခိုင်နှုန်းမှာ ၄၈ ရာခိုင်နှုန်း ရှိပြီး စနစ်တကျ ဆပ်ပြာဖြင့် ဆေးကြောသူ ရာခိုင်နှုန်းမှာ နှစ် ရာခိုင်နှုန်းသာရှိကြောင်းသိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကလေးသူငယ်များ ဖြစ်ပွားနှုန်း အမြင့်ဆုံးရောဂါမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဒုတိယမှာ အဆုတ်ရောင်ရောဂါနှင့် တတိယမှာ ငှက်ဖျားရောဂါတို့ဖြစ်ကြောင်း သိရသည်။


7Day Daily
No.433 Tuesday, July 8, 2014 
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...