အသီးအရွက်စုံ ဗီယက်နမ်ဆန်ပြားလိပ်



ကျမနဲ့ ထိုင်း - ဗီယက်နမ် ကပြားအမျိုးသမီးတယောက် ရင်းနှီးကာ မိတ်ဆွေဖြစ်ကြတော့၊ အမျိုးသမီးတွေ သဘာဝ မိမိတို့ဝါသနာပါရာ နှစ်သက်ရာ အကြောင်းအရာတွေကို စကားစပ်မိပြီး ပြောဆိုဖြစ်ကြပါတယ်။

ကျမမိတ်ဆွေဟာ အချက်ပြုတ်ကိစ္စမှာ ၀ါသနာကြီးသူဖြစ်တာကြောင့်၊ တခြားအလှအပရေးရာတွေထက်ပဲ မိမိလူမျိုးရဲ့  ရိုးရာအစားအစာတွေ၊ ချက်နည်းပြုတ်နည်းတွေ၊ မုန့်လုပ်နည်းတွေ၊ အသီးအရွက်၊ ဟင်းခပ် အမွှေးအကြိုင် တွေနဲ့ ခေါ်ဝေါ်သုံးစွဲကြပုံတွေ အကြောင်းကိုပဲ အများဆုံး ပြောဖြစ်ဆိုဖြစ်ကြပါတယ်။ ပြီးတော့ ရံဖန်ရံခါဆိုသလို ကိုယ့်ရိုးရာအစားအစာတွေကို အပြန်အလှန် ချက်ပြုတ်ကျွေးတတ်ကြပါတယ်။

ဒီလို စားသောက်ကြပြီဆိုရင် ကျမမိတ်ဆွေက သူချက်ပြုတ်ထားတဲ့ ထိုင်းအစားအစာတွေ၊ ဗီယက်နမ် အစားအစာ တွေဟာ ဘယ်သို့ဘယ်ပုံ လုပ်ကိုင်ထားတာ၊ အာဟာရတန်ဘိုး ဘယ်လိုရှိတာ၊ ဗီတာမင် ဘယ်နှမျိုးပါဝင်တာ၊ သူတို့ နိုင်ငံရဲ့ ဒေသအလိုက် ချက်ပြုတ်ပုံချက်ပြုတ်နည်းက ဘယ်လိုကွာခြားတာ စသဖြင့် အမြဲ စိတ်ရှည်ရှည်နဲ့ ရှင်းပြလေ့ ရှိပါတယ်။

ဒီလို ဆွေးနွေးကြပြီဆိုရင် ကျမအနေနဲ့ မြန်မာဟင်းလျာတွေနဲ့ ထိုင်း၊ ဗီယက်နမ် ဟင်းလျာ တွေကို အမြဲနှိုင်း ယှဉ် ကြည့်လေ့ရှိပါတယ်။ ကျမတို့ မြန်မာတွေအနေနဲ့ ဟင်းဆို ဆီပြန်မှ ကောင်းတယ်ဆိုတဲ့၊ အတွေးဟာတကယ်တော့ ကျန်းမာရေးအရ အများကြီး အန္တရာယ်ပေးနိုင်တယ်ဆိုတာမြင်မိလာတယ်။

မိဘဘိုးဘွားတွေလက်ထက်က နှမ်းဆီ၊ ပဲဆီ စတဲ့သဘာဝဆီနဲ့ ဆီပြန်ဟင်း ချက်ပြုတ်စားသောက်တာ၊ ကျန်းမာရေး ထိခိုက်မှု မရှိနိုင်ပေမယ့်၊ အခုခေတ်လို ၀ိသမလောဘသားတွေ တင်သွင်းလာတဲ့ စားအုန်း ဆီ၊ တရုတ်ကလာတဲ့ဆီ၊ ရောဆီ စတဲ့ ဆီပေါင်းစုံ ခေတ်ကြီးမှာတော့ ရင်လေးစရာပါ။

ကျမတို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့ ဗီယက်နမ်တို့က ဟင်းတွေကို ကြည့်လိုက်ရင် ဆီဆိုတာ မပါသလောက် ပါပဲ။ ဒါကြောင့်လည်း သူတို့ရဲ့ ရိုးရာအစားအစာတွေဟာ ကျန်းမာရေးနဲ့ ညီညွတ် တာကြောင့် ကမ္ဘာ့နေရာ တော်တော်များများမှာ နေရာယူနိုင်လာကြတာပဲ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ဒီတပတ်တော့ ဧရာဝတီဂျာနယ် အစားအသောက်ကဏ္ဍမှာ စာဖတ်ပရိတ်သတ်ကြီးကို ဆီ လုံးဝမပါဝင်ဘဲ ကျန်းမာရေးနဲ့ညီညွတ်ပြီး လူကြိုက်များလှတဲ့ Goi Cuon( ဂွိုင်ကောန်း) လို့ ခေါ်တဲ့ ဗီယက်နမ် အစားအစာလေးနဲ့ မိတ်ဆက်ပေးရင်း၊ ကိုယ်တိုင်လုပ်ကြည့်နိုင်ဖို့ ညွှန်းပေးချင်ပါတယ်။

လာအို၊ ကမ္ဘောဒီးယား ၊ထိုင်းနိုင်ငံတို့မှာတော့ ဂွိုင်ကောန်းကို ဗီယက်နမ် spring roll လို့ ခေါ်ကြပါတယ်။ အသီးရွက်စုံ ပါတဲ့ ဆန်ပြားလိပ်လို့ ပြောရမယ့် အစားအစာတမျိုးပါ။

ဗီယက်နမ်ဆန်ပြားလိပ်ဟာ အချိန်လည်း အများကြီးပေးစရာ မလိုတဲ့အပြင်၊ ပြင်ဆင်ပြုလုပ်ချိန် မိနစ် ၃၀ လောက် သာကြာပြီး၊ အဆာပြေသရေစာအဖြစ် စားလို့ကောင်းတဲ့ အစာလေးတခုဖြစ်တဲ့အပြင် ကျန်းမာ ရေးနဲ့ ညီညွတ် တာကြောင့် စာဖတ်ပရိတ်သတ်တွေလည်း နှစ်သက်မယ်လို့ ထင်ပါတယ်။

ကိုယ်ခန္ဓာအလေးချိန်ကျချင်သူတွေ၊ အဆီမတက်ချင်သူတွေအတွက် သင့်တော်သလို ဆီပြန်ဟင်း၊ ငါးပိ ရည်၊ ချဉ်ရည်ဟင်းတွေကို နေ့တိုင်းစားနေရတာ ငြီးငွေ့နေတဲ့သူတွေအတွက်လည်း တမျိုးတဘာသာ ဆန်းသစ်တဲ့ အရသာကို ရရှိစေမယ်ထင်ပါတယ်။

ပုံမှန်စားနေကျ ကော်ပြန့်လိပ်တို့၊ ဖက်ထုပ်တို့လို ဂျုံနဲ့ ပြုလုပ်ထားတဲ့ထုတ်တဲ့ အရွက်မဟုတ်ဘဲ၊ ဆန်နဲ့ ပြုလုပ်ထားတဲ့ Rice paper ဖြစ်ပြီး၊ ဆူပါမားကက်ကြီးတွေမှာ ၀ယ်ယူနိုင်မှာပါ။

အသီးအရွက်ထည့်ဖို့ စီစဉ်တဲ့အခါမှာ မဖြစ်မနေ အဓိကပါဝင်ရမယ့် အရာတွေကတော ကြက်သွန်ြမိတ်၊ နံနံပင်၊ ပူစီနံ၊ ပင်စိမ်း အစရှိတဲ့ ဟင်းခတ်အမွှေးကြိုင်တွေနဲ့အတူ ဆလပ်ရွက်၊ မုန်လာဥနီ၊ သခွားသီး တို့ပဲဖြစ်ပါတယ်။

အသားအနေနဲ့ကတော့ ပုဇွန်ကျားကိုသုံးထားပေမယ့်၊ မိမိနှစ်သက်သလို ၀က်သား ကြက်သားတို့ကို အစားထိုး အသုံး ပြုနိုင်ပြီး၊ သက်သတ်လွတ်စားတဲ့ သူတွေအတွက်ကတော့ တို့ဖူး၊ ပဲပြားတို့ ထည့်ကာ စားသောက်နိုင်ပါတယ်။

ဗီယက်နမ်ဆန်ပြားလိပ် ပြုလုပ်ဖို့ လိုအပ်တဲ့အရာတွေကတော့ လူ ၄ယောက်စာအတွက် ဆိုရင်

ဆန်ပြားလိပ်အရွက် (rice paper) ၈ခု
ဆလပ်ရွက် ၈ရွက်
မုန့် ဟင်းခါးဖတ် ၁၀ကျပ်သား
သခွားသီး ၁လုံး (အခွံနွှာပြီး အရှည်လိုက်ပါးပါးလှီးထားပါ)
မုန်လာဥနီ ၁လုံး(အရှည်လိုက်အချောင်းလေးများလှီးထားပါ)
နံနံပင် ၁၀ညွန့် (အညွန့်ချည်းဖြတ်ထားပါ)
ပူစီနံ ၁၀ညွန့်( အညွန့်ချည်းဖြတ်ထားပါ)
ပင်စိမ်း ၁၀ညွန့် ကိုလည်း အညွန့်ချည်းဖြတ်ထားပါ။
ကြက်သွန်မြိတ် ၁၀ချောင်း (အရင်းပိုင်းယူထားပါ)
ပုဇွန်ကျား ၁၅ကျပ်သား

တို့ဖြစ်ပါတယ်။

အရင်ဦးဆုံး ပုဇွန်ကိုခေါင်းဖြုတ်၊ အခွံနွှာပြီး ချေးချောင်းထုတ်ကာ သန့်စင်ထားပါ၊ ရေနည်းနည်းကို ပွက်ပွက်ဆူအောင် တည်ပြီး ဆား လက်ဖက်ရည် ၁ ဇွန်းလောက်ထည့်ကာ၊ ဆေးကြောထားတဲ့ ပုဇွန်ကို ထည့်ပြီးတာနဲ့ မီးပိတ်လို့ ချက်ချင်းဆယ်ယူပြီး ပန်းကန်တချပ်ထဲ ထည့်ပါ။

အေးသွားတဲ့အခါမှာ ပုဇွန်ကို အရှည်လိုက် ၂လွှာ ပိုင်းလိုက်ပါ။

အသီးအရွက်တွေကိုလည်း ရေစင်အောင်ဆေးပြီးပန်းကန်တခုထဲ ထည့်ထားရမှာဖြစ်သလို မုန့်ဟင်းခါး ဖတ် ကိုလည်း ပန်းကန်ပြားထဲထည့်ထားပါ။

ကဲ- အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် စပြီး လိပ်ကြပါစို့။

အရင်ဆုံး ပန်းကန်စောက်ကြီးကြီးတခုထဲမှာ ရေနွေးကြက်သီးနွေး အနေလောက်ကိုထည့်ပြီး၊ ဆန်ပြား (rice paper)ကို၁၀ စက္ကန့်ခန့် စိမ်လိုက်ပါ။

ပြီးရင် ဆယ်ယူကာ ပန်းကန်ပြားတချပ်ထဲမှာတင်လိုက်ပါ၊ ဆန်ပြား အနည်းငယ်မာနေသေးရင်လည်း စုပ်ယူထား တဲ့ရေကြောင့် မကြာခင်မှာ ပျော့ပျောင်းသွားပါလိမ့်မယ်။

ဒီလိုရေစိမ်တဲ့နေရာမှာ ကြာကြာစိမ်ရင်လည်း၊ အရမ်းပျော့သွားနိုင်တဲ့အတွက် ထုပ်ပိုးတဲ့နေရာမှာ ပေါက်ပြဲလွယ်လို့ ဆန်ပြားလိပ်(Spring Roll) မလှမပဖြစ်သွားမှာကို သတိပြုဖို့လိုပါတယ်၊



ပြီးရင် ဆန်ပြားအ၀ိုင်းရဲ့ ၃ ပုံ ၁ပုံလောက်မှနေပြီး ပထမဆုံး ဆလပ်ရွက်ကိုခင်းပါ။ နောက် မုန့်ဟင်းခါး ဖတ်ကိုတင်၊ အပေါ်ကနေ သခွားသီး၊ မုန်လာဥနီ၊ ပင်စိမ်း၊ ပူစီနံ၊ နံနံပင်တို့ကို အဆင့်ဆင့်တင်ပြီး၊ ဆန်ပြားဝိုင်းရဲ့ အလယ်လောက် မှာ ထက်ဝက်ပိုင်းထားတဲ့ ပုဇွန်ကျား ၄ ခြမ်းလောက်ကိုစီပြီးတင်ပါ။

ပုဇွန်ရဲ့ ဘေးက ကြက်သွန်မြိတ်ကို အရှည်လိုက်တင်ပြီးတဲ့နောက်မှာတော့ အလိပ်ကိုဖြည်းဖြည်းချင်း လိပ်သွားရပါ မယ်။ ဘေးနှစ်ဘက်မှာ ပိုနေတဲ့အစများတွေကို အထဲကိုသွင်းလို့ သေသပ်လှပစွာ ထုပ်ပိုးပြီး တဲ့နောက်မှာတော့ ကျန်းမာရေးနဲ့ညီညွတ်သလို အမြင်လည်းလှပတဲ့ အသီး အရွက်စုံ ဆန်ပြားလိပ် spring roll ကိုရရှိပါပြီ။

ဆန်ပြားလိပ် လိပ်တဲ့ နေရာမှာ အရွက်ကို တင်းတင်းကျပ်ကျပ်မဆွဲဘဲ အသာအယာလေးလိပ်သွားဖို့တော့ သတိ ပြုရပါလိမ့်မယ်။

ရရှိလာတဲ့ အသီးအရွက်စုံဆန်ပြားလိပ်ကို တွဲဖက်စားမယ့်၊ အချဉ်ရည်(Sauce) ပြင်ဆင်ပြုလုပ်ပုံကိုလည်း ပြောပြချင်ပါတယ်။

ငါးငံပြာရည် စတီးဇွန်း ၁ဇွန်း၊ သံပုရာရည် စတီးဇွန်း ၂ဇွန်း၊ ရေ စတီးဇွန်း ၂ဇွန်း၊ ကြက်သွန်ဖြူ ထောင်းပြီ သား ၁မွှာ၊ သကြား စတီးဇွန်း ၁ဇွန်း၊ ငရုတ်သီးဆော့စ် စတီးဇွန်း တ၀က်ထည့်ကာ အားလုံးကို ပန်းကန် လုံးတလုံးထဲထည့်ပြီး ရောမွှေလိုက်တာနဲ့ တွဲဖက်စားဖို့ ဆော့စ်ကိုရပါပြီ။

ဆန်ပြားလိပ်နည်းလည်း သိပြီ၊ အချဉ်ရည် လုပ်နည်းလေးတွေလည်း သိပြီဆိုရင်တော့၊ ဗီယက်နမ် spring roll ကို စာဖတ်သူတို့ရဲ့ မိသားစု၊ သူငယ်ချင်းအပေါင်းသင်းမိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ပါးပါးဝိုင်းဖွဲ့လို့ လက်တွေ့လုပ်ပြီး မြည်းစမ်းကြည့်လိုက်ကြတော့နော်။

မမသက် 

ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...