ပြင်သစ် တောင်ပိုင်းတွင် မိဘတစ်ဦးက ကလေးငယ်များ ရှေ့တွင်ပင် ဆရာမကို ဓားဖြင့်ထိုးသတ်



ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ကျောင်းသားမိဘ တစ်ဦးက ဆရာမ တစ်ဦးကို ကျောင်းသူကျောင်းသား ကလေးငယ်များ ရှေ့မှောက်တွင်ပင် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။

အသက်(၃၄)နှစ်ရှိ ဖေဘီယန်နီ တာရဲလ်ကဲလ်မက်စ်သည် အယ်လ်ဘီမြို့ရှိ Edouard Herriot မူလ တန်းကျောင်းတွင် ဇူလိုင်(၄)ရက် နံနက်ပိုင်းက တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်သည်။ အသက်(၄၈)နှစ်ရှိ သံသယ တရားခံကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း သူမ၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲများက ဆိုသည်။

ပညာရေးဝန်ကြီး ဘင်နွိုက်ဟေမွန်က သံသယ တရားခံ အမျိုးသမီးသည် ပြင်းထန်သော စိတ်ကစဥ့်က လျား အခြေအနေမျိုး ကြုံနေရသည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။ ကျောင်းဆရာမ ကဲလ်မက်စ်ကို ဓားဖြင့်ထိုးရသည့် အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။

အဆိုပါ အမျိုးသမီးသည် အသက်(၅)နှစ်၊ သို့မဟုတ် (၆)နှစ်မျှသာ ရှိသေးသည့် သမီးဖြစ်သူကို ခေါ်ဆောင်လာကာ ကျောင်းသို့ ရောက်လာသည်။ ထို့နောက်တွင်မူ ရှည်လျားချွန်မြသည့် ဓားတစ်လက် ကို ထုတ်ကာ ကဲလ်မက်စ်အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သံသယ တရားခံ၏ အမည်ကိုမူ ပြင်သစ် သတင်းဌာနများက မဖော်ပြခဲ့ချေ။

ကဲလ်မက်စ် ကိုယ်တိုင်မှာလည်း ကလေးနှစ်ဦး၏ မိခင်ဖြစ်ပြီး အသက်(၅)နှစ်ဝန်းကျင် မူလတန်း ကျောင်း သူ ကျောင်းသားလေးများကို ပညာသင်ကြားပေးနေသည်။ သံသယ တရားခံ အမျိုးသမီးသည် ကဲလ်မက်စ် ကို ဓားဖြင့်မထိုးမီ “ငါက သူခိုးမဟုတ်ဘူး”ဟု စူးစူးဝါးဝါး အော်ဟစ်ခဲ့ကြောင်း မျက်မြင်အချို့၏ အဆိုကို ကိုးကားပြီး သတင်းများက ဖော်ပြခဲ့သည်။

ကဲလ်မက်စ်သည် ရင်ဘတ် (သို့မဟုတ်) ဝမ်းဗိုက်တွင် ထိထိမိမိ ဓားဖြင့် တစ်ချက်ထိုးခံခဲ့ရပြီး သတင်း ဌာနများ၏ ဖော်ပြမှုမှာ ကွဲလွဲချက်များ ရှိနေသည်။ သံသယ တရားခံသည် သမီးငယ်ကို စောင့်ရှောက်မှု ပိုင်း ပျက်ကွက်မှုများကြောင့် ရဲမှတ်တမ်းတွင် ဖော်ပြခံရဖူးသူ တစ်ဦးဟုလည်း သိရသည်။ 


_BBC
7Day News Journal 
No. 430 Saturday, July 5, 2014 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...