ကမ္ဘာကြီး ပူနွေးမှုနှင့် လူမှုစီးပွား ရိုက်ခတ်မှု

ဟန်လင်းအောင်
ရာသီဥတု ပြောင်းလဲမှု အရေးတွင် ကမ္ဘာ့ နိုင်ငံ များ ပူးပေါင်း ဆောင်ရွက်ရမည့် နှစ်ချက်ရှိသည်။ ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ထုတ်လွှတ်မှု လျှော့ချရေး နှင့် ရာသီဥတုဆိုးများဒဏ် ပိုခံ လာရမည့် ဆင်းရဲသားများကို ကူညီရေး
ဖြစ်သည်။

အဆိုးဆုံး ဖြစ်နိုင်ခြေကား ပင်လယ်ရေ မျက်နှာပြင် အလွန်အမင်း မြင့်တက်လာမည့် အန္တရာယ်ဖြစ်သည်။ အန္တာတိကတွင် စုနေသည့် ရေခဲ ပြင်များ အရည်ပျော်ပါက ကမ္ဘာ့ ပင်လယ်ရေ မျက်နှာပြင် ငါးမီတာမှ ခြောက်မီတာခန့်ထိ မြင့်တက် လာမည်။ စတော့ဟုမ်းမြို့၊ နယူးယောက် မန်ဟက်တန်၊ လန်ဒန်မြို့တို့ ရေမြုပ် သွားနိုင်သည်။ ရေမမြုပ် အောင် ရေကာ တံတိုင်းကြီးများ ငွေကြေးများစွာ ကုန်ကျခံ ဆောက်လုပ်ကြဖို့ လိုလာမည်။ ဖွံ့ဖြိုးဆဲ နိုင်ငံ များဘက်တွင် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံများမှ ကမ်းရိုးတန်းနေ ပြည်သူသန်း ပေါင်းများစွာ နေရပ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို စွန့်လွှတ် ကာ ကုန်းတွင်းပိုင်းသို့ အစုအဖွဲ့လိုက် ရွှေ့ပြောင်း နေထိုင်ကြရမည်။ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသများကို ရေကာ တံတိုင်းဖြင့် ကာရံထား၍ မဖြစ် နိုင်။ ထိုသို့ ကာရံလိုက်ပါက ပင်လယ်ရေကို ကာကွယ်နိုင် သော်လည်း မိုးကြီးမှုကြောင့် ရေကြီးသည့် အခါ ရေချိုများကို ပင်လယ်ဘက် စွန့်ထုတ်စရာ ထွက်ပေါက်ရှိ တော့မည်မဟုတ်။ သို့ဖြစ်သောကြောင့် ကမ်းရိုးတန်းနေများ နေရပ်ရွှေ့ပြောင်းကြရဖို့ ရာခိုင်နှုန်း များနေသည်။

ရာသီဥတု ပြောင်းလဲမှု နောက်ထပ် ဆိုးကျိုးအနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စားနပ်ရိက္ခာ ထုတ်လုပ်မှု လုပ်ငန်းများ ထိခိုက်လာမည်။ ရာသီဥတု ပြောင်းလဲမှုနှင့် ပတ်သက်ပြီး မြို့ပြများတွင် အပူလှိုင်း ဖြတ်သန်း မှု၊ ပိုလာဝက်ဝံများ သေဆုံးမှု၊ တောမီးများ လောင်ကျွမ်းမှုများကို ကျွန်ုပ်တို့ စိတ်ပူလိုက ပူနိုင်ကြသည်။ သို့သော် ထို့ထက်ပိုပြီး စိတ်ပူစရာကား ဖွံ့ဖြိုးဆဲ ဆင်းရဲသော နိုင်ငံများတွင် ရာသီဥတုဆိုး နှောင့်ယှက်မှု များကြောင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုများ သိသိသာသာ ကျဆင်းသွားမည့် အန္တရာယ်ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ပြည်သူ ထက်ဝက်နီးပါးသည် မိမိတို့ အတွက် စားနပ်ရိက္ခာကို တစ်နည်းနည်းဖြင့် ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်လျက်ရှိနေသည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာ့စီးပွား ယုတ်လျော့နိုင်မှုသည် သိပ်မဆိုးနိုင်ဘဲ အလယ်အလတ် အဆင့်သာ ရှိမည်ဖြစ်ကြောင်း ခန့်မှန်း ထားကြသည်။ ထိခိုက်ခံစားရမည့် အများစုသော ဆင်းရဲသူ များသည် များများစားစား ဆုံးရှုံးစရာ မရှိသူများဖြစ် သောကြောင့် စီးပွားကုန် ထုတ်လုပ်မှု ရှုထောင့်မှ တွက်ချက်ပါက ဆိုးဆိုးဝါးဝါး ထိခိုက်စရာ မရှိဟု မှန်းထားကြသည်။ ကမ္ဘာ့ လူသား သန်းတစ်ထောင်မှ နှစ်ထောင်ထိသည် တစ်နေ့ဝင် ငွေနှစ် ဒေါ်လာ ၀န်းကျင်ဖြင့် နေထိုင်လျက် ရှိသည်။ သို့သော် ရာသီဥတု ပြောင်းလဲမှုများကြောင့် ထိပ်ဆုံးက ထိခိုက်မည့်သူများမှာ ထိုလူများဖြစ်ရာ ထိုလူများ၏ နေ့စဉ်ဝင်ငွေ တစ်ဝက်ခန့် ကျဆင်းသွားပါက အလွန်ကြီးမားသည့် ဘေးဆိုးကြီး ဖြစ်လာနိုင်သည်။ နှစ်စဉ် ဖြစ်ပွား လျက်ရှိသော ငလျင်၊ မုန်တိုင်း၊ ရေကြီး၊ တောမီးအားလုံး ပေါင်းကြောင့် ထိခိုက်ခံစားနေရသူ များထက် ပမာဏများစွာ ပိုကြီးမားမည်ဖြစ်သည်။ လူမှုရေးဘက်မှ ကြည့်လျှင် ကြီးစွာသော ဆုံးရှုံးမှု နှင့် အကျပ် အတည်းကြီး ဖြစ်သည်။ စီးပွားရှုထောင့်မှ ကြည့်လျှင်ကား ထိုလူ သန်းတစ်ထောင် တစ်နှစ် စီးပွား ဆုံးရှုံးမှုသည် ဒေါ်လာ (၃၆၅) ဘီလီယံသာ ရှိရာ ကမ္ဘာ့ စီးပွား ပမာဏ၏ (၁) ရာခိုင်နှုန်းသာ ရှိသည်။ ကမ္ဘာ့ အထက်တန်းလွှာနှင့် လူလတ်တန်းစားများဘက်မှ ကြည့်လျှင် စီးပွားရေး အရ ကြီးစွာ ထိခိုက်ခြင်း မဟုတ်။ ဆင်းရဲသားများဘက်မှ ကြည့်လျှင်မူ ကြီးစွာသော ကပ်ဘေးကြီး ဖြစ်နေသည်။

အမေရိကန်နှင့် ဥရောပ နိုင်ငံများကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံမျိုးတွင် စိုက်ပျိုးရေး လုပ်ငန်းသည် နိုင်ငံ အသားတင် ထွက်ကုန်၏ (၅) ရာခိုင်နှုန်းသာရှိ သည်။ အနောက်နိုင်ငံများ ၀င်ငွေရင်းမြစ်များသည်လည်း ရာသီဥတု ပြောင်းလဲခြင်း ရိုက်ခတ်မှုဒဏ် ခံရနိုင်ခြေ နည်းမည့် ကဏ္ဍများဘက်ကို ပို၍ ပို၍ ရွှေ့ ပြောင်းလျက်ရှိနေ သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ စိုက်ပျိုးရေး ကဏ္ဍသည်လည်း သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အားကောင်းမှုကြောင့် ပြောင်းလဲလာ သော ရာသီဥတုများနှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲ နိုင်စွမ်း ရှိပြန် သဖြင့် ထိခိုက်မှု အနည်းဆုံး ဖြစ်နိုင်သည်။ ဖွံ့ဖြိုးဆဲ ဆင်းရဲသော နိုင်ငံများဘက် တွင်ကား လက်ရှိတွင် အထက်ပါ စွမ်းရည်မျိုး နည်းပါးသဖြင့် အများဆုံး ထိခိုက်ခံစားကြရမည် ဖြစ်သည်။

ကမ္ဘာ့ တစ်ဝန်း ၀င်ငွေ တိုးသထက် တိုးလာကြမည်။ ၀င်ငွေတိုးလာကြသည်နှင့်အမျှ စားသောက်မှု ပုံစံများလည်း ပြောင်းလဲလာမည်။ အထူးသဖြင့် အသားစားသုံးမှု မြင့်တက်လာမည်။ တရုတ်မြို့ပြများ တွင် အသားစားသုံးမှု အလွန်အမင်း တိုးလာမည်။ အသားစားသုံးမှု တိုးလာခြင်း ရလဒ်အဖြစ် ကမ္ဘာတစ်ဝန်း အသားဈေးနှုန်းများ မြင့်တက်လာကာ ချမ်းသာသူများ အနည်းငယ် လျှော့စားရမည် ဖြစ်ပြီး ဆင်းရဲသူများကား ဆန်နှင့်ပေါင်မုန့် အတွက်ပင် ပိုဈေးကြီးကြီး ပေးကြရမည်။ ကမ္ဘာ့ လူချမ်းသာနှင့် လူဆင်းရဲများကြား စားသုံးမှု အဆင့်အတန်း ကွာခြားချက် ပိုကြီးလာမည်။

လာမည့်နှစ်များတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများဘက်၌ လူဦးရေ တိုးသထက် တိုးလာဦးမည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ ဘက် တွင်ကား လူဦးရေ တိုးနှုန်းကျ ဆင်းသထက် ကျဆင်းကာ နိုင်ငံတွင်း သက်ကြီးရွယ်အို ဦးရေများ သထက် များလာမည်။ ဖွံ့ဖြိုးပြီး နိုင်ငံများဘက်တွင်လည်း မွေးနှုန်းများ တစ်ဖြည်း ဖြည်းချင်း ကျဆင်းသွား မည်။ ပြီးခဲ့သည့် နှစ်ပိုင်းများက တက်ထားခဲ့သော မွေးနှုန်းများ နောက်ဆက်တွဲကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ လူဦးရေ တိုးနေဦး မည်ဖြစ်ရာ လူပိုများလာ ခြင်းကြောင့် စားသုံးမည့် လူလည်း တိုးလာဦးမည်သာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့ ရေခဲမြစ်များ အရည်ပျော် နှုန်းက ထိတ်လန့်စရာ ကောင်းလာ သည်။ ဂရင်းလန်း ရေခဲပြင်များ အရည်ပျော်နှုန်း မြန်လာနေသည်။ အဲ့လ်ပ် တောင်တန်းများ၊ အင်ဒီးစ် တောင်တန်းများ ပေါ်က ရေခဲမြစ်များလည်း အရည်ပျော်နှုန်း မြန်လာနေသည်။ ဟိမ၀န္တာက ရေခဲပြင် ပမာဏလည်း ကျဆင်းသထက် ကျဆင်း လာနေသည်။

နှင်းကျမှု ပုံမမှန်တော့ခြင်းသည်လည်း အဓိက ပြဿနာ တစ်ရပ်ဖြစ်သည်။ နှင်းကျရမည့် အချိန်တွင် နှင်း အဖြစ် မကျတော့ဘဲ မိုးအဖြစ် ရွာသွန်းမှုများ ရှိလာ ခြင်းကြောင့် နွေဦးနှောင်းပိုင်း သို့မဟုတ် နွေရာသီ အစောပိုင်းထိ တည်ရှိနေရမည့် နှင်းများ စောစီးစွာ ပျော်ဆင်းကုန်ကြသည်။ စိုက်ပျိုး သီးနှံများ ရေသုံးစွဲ ရမည့် အချိန်မကျမီမှာပင် ပျော်ဆင်းသွားကြသဖြင့် တစ်ကယ်တမ်း ရေလိုအပ်ချိန်တွင် သုံးစရာ ရေမရှိ သဖြင့် စိုက်ပျိုးရေး ထိခိုက်မှုများ ရှိလာသည်။ ထိုပြဿနာမျိုး တရုတ်၊ တောင်အာရှ၊ ချီလီ၊ ပီရူး၊ ကော်လိုရာဒို၊ ကယ်လီဖိုးနီးယားတို့တွင် ကြုံတွေ့နေရသည်။ အရှေ့အလယ် ပိုင်းက မြေသြဇာ ကြွယ်ဝသော ဒေသများ သည်ပင် အထက်ပါ ပြဿနာမျိုး စတင်ကြုံ တွေ့နေရပြီ။

ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများသည် ဆင်းရဲသော နိုင်ငံများက ဆင်းရဲသော ပြည်သူများကို အပြင်း ထန်ဆုံး ရိုက်ခတ်မည် ဖြစ်သည်။ ၎င်း တို့ ဆိုးကျိုးဒဏ် ခံစားရနိုင်ခြေ အနည်းဆုံးဟု သိနေသော ဖွံ့ဖြိုးပြီး နိုင်ငံများကား ကိုယ်တွေ့မကြုံရသေးသဖြင့် ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေးတွင် အင်တိုက်အားတိုက် မရှိလှဘဲ ကပ်ဖဲ့လုပ်နေတုန်း ဖြစ်သည်ကိုလည်း တွေ့နိုင်သည်။ (မူရင်း စာရေးသူသောမတ် စီရှဲလင်း သည် ၂၀၀၅ ခုနှစ် စီးပွားရေး နိုဘယ်ဆုရှင် ဖြစ်သည်။ မေရီလန်း တက္ကသိုလ် စီးပွားရေးနှင့် ပြည်သူ့ မူဝါဒဆိုင်ရာ ဌာန ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ဆောင်ရွက်လျက်ရှိသည်။ The Strategy of Conflict စာအုပ် အပါအ၀င် လူမှုစီးပွားဆိုင်ရာ စာအုပ် စာတမ်းပေါင်းများစွာ ရေးသား ထုတ်ဝေထား သည်။ 


Ref: The Economic of Global Warming by Thomas C. Schelling

ref; The Messenger
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...