အ၀လွန်တဲ့ တိရိစ္ဆာန်တွေအတွက် ဖွင့်လှစ်ပေးထားတဲ့ ကာယလေ့ကျင့်ရေးရုံ


အေသင်အောင်

အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ အိမ်မွေးတိရိစ္ဆာန် အများအပြားဟာ အ၀လွန်မှု ပြဿနာနဲ့ ရင်ဆိုင်နေ ရပါ တယ်။ အထူးသဖြင့် လူတွေနဲ့ အရင်းနှီးဆုံး သတ္တ၀ါတွေဖြစ်တဲ့ ခွေး၊ ကြောင် စတာတွေဟာ အ၀လွန် မှုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေ ရရှိနေတယ်လို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စုက ခွေး၊ ကြောင် ထက်ဝက်ကျော်ဟာ အ၀လွန်နေတာမို့ ထိန်းချုပ် လျှော့ချပေးရမယ့် ၀န်ဆောင်မှု တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ နယူးဂျာစီမှာရှိတဲ့ မောရစ် တိရိစ္ဆာန်တွေ နားခိုရာနေရာ မှာ ခွေးနဲ့ ကြောင်တို့ အ၀လွန်မှုကို လျှော့ချပေးနေတယ်လို့ ဆိုထားပါ တယ်။ ရွှေရောင်ခွေးတစ်ကောင်ကို ပိုင်ဆိုင်ထားတဲ့ ဘိုဝါက သူ့ရဲ့ခွေးကို ဒီနေရာမှာ ကိုယ်အလေးချိန် လာရောက် လျှော့ချပေးနေကြောင်း၊ ဒါ့အပြင် ခွေးတစ်ကောင်ကို ဘယ်လို ကျွေးမွေးရမလဲ ဆိုတာကိုလည်း သင်ယူမှုများ ပြုလုပ်နေကြောင်း ဆိုခဲ့ပါတယ်။ ကျန်းမာ သန်စွမ်းတဲ့ ခွေးတစ်ကောင်ဟာ (၅၅) ပေါင်ကနေ (၇၀) ပေါင်အထိသာ ရှိရပေ မယ့် ဘိုဝါရဲ့ ခွေးကတော့ (၁၂၆) ပေါင် အထိ ရှိနေပါတယ်။အမေရိကန် ပြည်ထောင်စုမှာ ခွေးတွေဟာ (၅၃) ရာခိုင်နှုန်း၊ ကြောင်တွေဟာ (၅၈) ရာခိုင်နှုန်းအထိ အ၀လွန်နေပြီး ပြီးခဲ့တဲ့ လေးနှစ်တာ ကာလ အတွင်းမှာ အ၀လွန်မှုဟာ (၄၅) ရာခိုင်နှုန်းအထိ တိုးတက်များပြားလာခဲ့ပါတယ်။

နယူးဂျာစီမှာရှိတဲ့ အိမ်မွေး တိရိစ္ဆာန်တွေကို အ၀လွန်မှု ထိန်းချုပ်ပေးတဲ့ နေရာမှာ ငါးရက်တာ နေထိုင်ခဲ့တဲ့ ဘိုဝါရဲ့ခွေးဟာ သိသာစွာ အလေးချိန် လျော့ကျသွားခဲ့ပါတယ်။ ခွေးကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ရေကူးခြင်း၊ လမ်းလျှောက်စက်မှာ လမ်းလျှောက်စေခြင်း၊ အော်ဂင်းနစ်ပါတဲ့ အစားအစာတွေကို ကျွေးမွေး ခြင်းတို့အပြင် ယောဂလေ့ကျင့်ခန်းတွေပါ ပြုလုပ်စေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ငါးရက်တာ ၀န်ဆောင် မှု လျှော့ချပေးနေတဲ့ အဖွဲ့ အစည်းမှ ဆရာဝန်အာနီဝက်ဒ်က အိမ်မွေး တိရိစ္ဆာန်တွေကို အစာကျွေးရာမှာ အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ အ၀လွန်မှုကြောင့် အိမ်မွေး တိရိစ္ဆာန်တွေဟာ ဒဏ်ရာအနာတရနဲ့ ရောဂါ ဝေဒနာတွေရရှိနိုင်ကြောင်း အကြံပြုခဲ့ပါတယ်။


The Messenger
------------------------------------------------- 
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...