သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်



စကားပုံတစ်ခု ရှိတယ်။ လင်ဆိုးမယား တစ်ဖားဖား၊ သားဆိုးအမေ တပေပေတဲ့။ သားသမီးဆိုးဆိုးကို ရထားတဲ့ မိဘတွေ သူတို့ သားသမီးတွေက အရမ်းဆိုးတယ်တဲ့။ ကူညီပေးပါတဲ့။ နောက်ပြီး လင်ဆိုး မယား တဖားဖား ဖြစ်နေတဲ့ မယားတွေလည်း ရောက်လာပြီး အကူအညီ တောင်းတယ်။

အဲဒီ့အတွက်ယတြာနည်းတွေ ရှိတယ်။ ဓာတ်ရိုက် ဓာတ်ဆင်နည်းတွေ ရှိတယ်။ အင်းစမ မီးထွန်းရတဲ့ နည်းတွေရှိတယ်။ ဓာတ်ပုံကို အင်းစွဲပြီး မီးထွန်းရတဲ့နည်းတွေ ရှိတယ်။ ကျွန်တော် အသုံးပြုတဲ့ အကောင်း ဆုံး နည်းတနည်း ရှိတယ်။ သားဆိုး သမီးဆိုးကြောင့် စိတ်ဆင်းရဲ နေရတဲ့ မိဘတွေအတွက်ပါ။ အဆင် ပြေတာ များတယ်။ အခု ကျွန်တော် ပြောမယ့် နည်းစနစ်က ဂါထာရွတ်ပြီး ဆုတောင်းရတာပါ။ ငွေကြေး တွေ ဘယ်လောက် ကုန်ကျမှာလည်းဆိုတော့ တစ်ပြားမှ မကုန်ကျဘူး။ ပုံမှန်လေး လုပ်ပေးနေရုံပဲ။

တစ်ခါတုန်းက ကျွန်တော်ဆီကို အသက်(၅၅)နှစ်လောက် ရှိတဲ့ အမျိုးသမီးကြီး တစ်ယောက် ရောက်လာ တယ်။ သူကမှ ဘွဲ့နှစ်ခုတောင် ရထားတာ။ ဘွဲ့တစ်ဘွဲ့က လင်ဆိုးမယား တဖားဖား။ နောက်တစ်ခုက သားဆိုးအမေ တစ်ပေပေ။ ပြောရရင်တော့ သူ့ရဲ့ လင်ယောင်္ကျားလည်း အရမ်း ဆိုးတယ်။ တစ်ဦးတည်း သော သားလေးကလည်း အရမ်းဆိုးတယ်။

ယောင်္ကျားကလည်း ဘာမှအားမကိုးရဘူး။ အရက်သောက်တယ်၊ မိန်းမရှုပ်တယ်၊ လောင်းကစား ၀ါသနာ ပါတယ်။ အပေါင်းအသင်း မက်တယ်။ ရတဲ့ပိုက်ဆံ ကိုယ့်ဟာကို သုံးပစ်တယ်။ အဲဒိတော့ ဒီမိန်းမကြီးဟာ လင်ကံလည်း မကောင်းဘူး။ သူ့ယောင်္ကျားကလည်း အရက်သောက်တဲ့ ဒဏ်နဲ့ စေစော စီးစီးပဲ ဆုံးသွား ရှာပါတယ်။ အဲဒီတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သားတစ်ယောက်နဲ့ ဘ၀ကို ကြိုးစား ရုန်းကန်လာတာ။ ဒီနေ့အထိ ဆိုပါတော့။ နောက်အိမ်ထောင်လည်း မပြုတော့ဘူး။

အခု သူ့ရဲ့ တစ်ဦးတည်းသော သား။ အရင်တုန်းကတော့ ဒီလောက်မဆိုးဘူး။ အခု သူ့သားရဲ့ အသက်က (၁၇)နှစ်ထဲ ရောက်လာပြီလေ။ စနေသားလေး။ ဒီနှစ်ပိုင်းမှာ တော်တော် ဆိုးလာတယ်တဲ့။ သူ့အဖေ ခြေရာအတိုင်း လိုက်နင်းလာတာတဲ့။ အရက်သောက်တတ်လာတယ်။ မကောင်းတဲ့ အပေါင်းအသင်း တွေနဲ့ ပေါင်းသင်းပြီး မကောင်းတဲ့အကျင့်တွေ ကူးစက်လာတယ်။ ထိုင်းမှာဆိုတော့ မြင်းဆေး (မူးယစ် ဆေး) တောင် ချလာတယ်။

အမေက ဒါကို စိတ်ပူတော့ ပြောတယ်။ သူက အမေကို ပမာမခန့် ပြန်လုပ်လာတယ်။ ပြန်အော်လာ တယ်။ အမေက စိတ်မကောင်းဘူး။ အမေက သူ့သား ပျက်စီးသွားမှာကို အရမ်းတွေး ကြောက်တယ်။ ဒါဟာ သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲလေ။

ဒီလိုနဲ့ ဗေဒင်ဆရာဆီကို ရောက်လာတယ်။ ကျွန်တော်ကတော့ ဘာသာရေးနှင့် ပါတ်သက်တဲ့ နည်းလေး တစ်ခု ညွန်ပြလိုက်တယ်။ သူကလည်း သူ့ သားလေးသာ မကောင်းတဲ့ အကျင့်တွေ ပြေပြောက်မယ် ဆိုရင် လုပ်ပါ့မယ်တဲ့ ဆိုတော့ ကျွန်တော် ဒီ နည်းလမ်းလေးကို ညွန်ပြပေးလိုက်တယ်။ အဲဒီ အဒေါ်ကြီး လည်း ပုံမှန် လုပ်တယ်လို့ ပြောပါတယ်။

အဲဒီနောက်ပိုင်း သူ့သားရဲ့ သူငယ်ချင်းတွေက မူးယစ်ဆေးဝါးမှု့နဲ့ ထောင်တွေ ဘာတွေကျပြီး သူတို့ အပေါင်းအသင်းတွေလည်း တစ်ယောက်တစ်နေရာဆီ ကွဲကွာ ကုန်ကျသွားကြတယ်။ အခုတော့ အဲဒီ အဒေါ်ကြီးရဲ့ တစ်ဦးတည်းသော သားလေးဟာလည်း မကောင်းတာတွေ တော်တော်များများကို စွန့်လွှတ်ပြီး သူ့ရဲ့ အမေကို ကောင်းကောင်းမွန်မွန် လုပ်ကြွေး ပြုစုနေပါပြီ။ ဒါပေမယ့် သူရဲ့အမေကတော့ ဒီနေ့အထိ ယုံယုံကြည်ကြည်နဲ့ ဒီနည်းလေးကို ဆက်လက် လုပ်နေလေရဲ့.....။

သားဆိုး၊ သမီးဆိုးများကို လိမ္မာကောင်းမွန်စေသော ဂါထာတော်

အယံ ဘန္တေ (ဗောဓိ ရာဇ ကုမာရော)
ဘဂ၀န္တံ သရဏံ ဂစ္ဆတိ ဓမ္မဉ္စ။
ဘိက္ခူ သံဃဉ္စ ဥပါသကံ တံ ဘဝေါ ဓာရေတု။
အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။

ဂါထာအနက်။

ဘန္တေ၊ အရှင်ဘုရား။ အယံဗောဓိရာဇကုမာရော၊ ဗောဓိကုမာရအမည်ရှိသော သတိုးသားသည်။ ဘဂ၀န္တံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆတိ၊ ဆည်းကပ်ပါ၏။ ဓမ္မဉ္စ၊ တရားတော်မြတ်ကိုလည်း။ သရဏံ ၊ကိုးကွယ်ရာဟူ၍ ၊ ဂစ္ဆတိ၊ ဆည်းကပ်ပါ၏။ ဘိက္ခုသံဃဉ္စ၊ ရဟန်းသံဃာကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆတိ၊ ဆည်းကပ်ပါ၏။ ဘဂ၀ါ၊ မြတ်စွာဘုရားသည်။ တံ၊ ထိုဗောဓိ ကုမာရ သတိုး သားကို။ အဇ္ဇတဂ္ဂေ၊ ယနေ့မှစ၍။ ပါဏုပေတံ၊ အသက်ထက်ဆုံး။ သရဏံ၊ ဆည်းကပ်ခြင်းသို့။ ဂတံ၊ ရောက်သော၊ ဥပသကံ၊ ရတနာသုံးပါးကို ဆည်းကပ်သူဟူ၍ ဓာရေတု၊ မှတ်ယူတော်မူပါဘုရား။

မိမိ၏ သားဆိုး သမီးဆိုးများ၏ အင်္ကျီကို ပုခုံးပေါ်တွင်တင်၍ နံက်ည ပုံမှန်ဘုရား ၀တ်တက်ပါ။ သားဆိုး သမီးဆိုး များ၏ အသက်စေ့ ဂါထာကို ရွတ်ပေးပါ။ လိမ္မာအောင် ဆုတောင်းပါ။ မှတ်ချက်- (ဗောဓိရာဇ ကုမာရော) ဆိုသောနေရာတွင် မိမိတို့၏ သားသမီးအမည်များကို ထည့်၍ ရွတ်ဖတ် ပူဇော်ပါရန်....

အထက်ပါဂါထာတော်ကို ရွတ်ဖတ် ပူဇော်ခြင်းဖြင့် ကိုယ်ဝန်ဆောင် မိခင်များလည်း မီးဖွား အန္တရာယ် ကင်းခြင်း၊ သားသမီး အင်္ဂါ စုံစုံလင်မွေးခြင်း၊ မိမိတို့၏ ရင်သွေး ရတနာများကို ပြောဆိုဆုံးမ၍ အောင်မြင်ခြင်း စသော သားသမီးများနှင့် ပါတ်သက်သော ကောင်းကျိုးများ မရေမတွက် နိုင်အောင်ပင် ရရှိစေနိုင်ပါတယ်။

အာလုံး သားကောင်းရတနာ သမီးကောင်းရတနာများ ရရှိပြီး ဖြစ်ထွန်းအောင်မြင်ကြပါစေ။


မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...