ခေါင်းဆောင်မှုနှင့် စိတ်စွမ်းအင် (၂)

စိတ်စွမ်းအားဖြင့် ဦးဆောင်ခြင်း
ခေါင်းဆောင်မှုဆိုတဲ့ ဖြစ်စဉ်တွေ အားလုံးထဲကို စိတ်ရဲ့ အစွမ်းသတ်္တိတွေ ထည့်သွင်းပြီး ဦးဆောင်တဲ့ အခါမှာ အောင်မြင်မှုတွေဟာ အလွယ်တကူဖြစ် ထွန်းလာစေမှာဖြစ်ပါတယ်။ အောင်မြင်ကျော်ကြား တဲ့ ခေါင်းဆောင် ကြီးတွေ လုပ်ဆောင်ကြတဲ့ အချက်ကြီး နှစ်ချက်ရှိပါတယ်။ ပထမအချက် ကတော့ သူတို့ ဘယ်ကို ဦးတည်သွားနေတယ် ဆိုတာကို ပြတ်ပြတ်သားသား သိတယ်။ နောက် တစ်ချက်ကတော့ သူတို့ သွားနေတဲ့ ပန်းတိုင်ဆီကို အခြားသူတွေ ပါလာအောင် ဆွဲဆောင်ခေါ်ယူနိုင် ကြပါတယ်။

ဒါဟာခေါင်းဆောင်မှုရဲ့ အရေးကြီးဆုံးဖြစ်စဉ် တစ်ခုပါပဲ။ ခေါင်းဆောင်တိုင်းကလည်း ဒီနှစ်ချက်ကို လုပ်ဆောင်နိုင်ရပါလိမ့်မယ်။ ကိုယ်ဘယ်ကို ဦးတည် သွားနေမှန်းမသိရင် ဦးဆောင်ဖို့မဖြစ်နိုင်သလို အခြား လူတွေပါလာအောင် မဆွဲဆောင်နိုင်ရင်လည်း ဘယ်သူမှ နောက်ကလိုက် ပါလာကြမှာမဟုတ်ပါ ဘူး။ ဒါကြောင့် ခေါင်းဆောင်လုပ်သူဟာ အောင်မြင်မှုပန်းတိုင်ကို သိရမယ်။ ကိုယ်တိုင်ရောက်အောင် လည်း သွားနေရမယ်။ အခြားသူတွေကိုလည်း ပါဝင်လာအောင် လွှမ်းမိုးနိုင်ရပါလိမ့်မယ်။

ဒီဖြစ်စဉ်တွေအားလုံးကို လုပ်ဆောင်တဲ့နေရာမှာ စိတ်ရဲ့ စွမ်းအင်ကို အသုံးချတာ သိပ်အရေးပါပါတယ်။လက်ရှိလုပ်ငန်းခွင်မှာ ဦးဆောင်နေရတဲ့ ခေါင်းဆောင်တိုင်းဟာလည်း ကိုယ့်စိတ်ရဲ့ စွမ်းအင်တွေကို လေ့ကျင့်ပြီး ထုတ်သုံးနိုင်မယ်ဆိုရင် ထိရောက်မှုဟာ အရင်ထက် အဆပေါင်းများစွာ ရှိလာစေမှာ အမှန် ပါပဲ။ ဒီလိုထုတ်သုံးနိုင်ဖို့အတွက် ခေါင်းဆောင်တွေ သုံးလေ့ရှိတဲ့ စိတ်စွမ်းအင် ပျိုးထောင်ရေး နည်းလမ်း တွေကို တင်ပြပါမယ်။

မသိစိတ်က စွမ်းအားတွေ ထွက်ပေါ်လာအောင် လေ့ကျင့်တာ၊ စိတ်ရဲ့အလိုလို သိမှုကို အလေး ထားပြီး ဆောင်ရွက်တာနဲ့ တစ်နေရာထဲမှာ စိတ်အာရုံတွေ စူးစိုက်ပြီး လုပ်ဆောင်တာတွေဟာ စိတ်ရဲ့စွမ်းအင် တွေကို အသုံး ချနေတာဖြစ်ပါတယ်။

မိမိစိတ်စွမ်းအင်ကို ယုံကြည်ပါ

စိတ်မှာ စွမ်းအင်၊ သတိ္တ၊ တန်ခိုးတွေ ရှိပြီးသားပါ။ ကိုယ်ဖြစ်ချင်တဲ့ အရာကို ဆွဲဆောင်နိုင်တဲ့ သတိ္တထူးက ရှိနေပြီးသားပါ။ ဒါကိုယုံယုံကြည်ကြည်နဲ့ အသိအမှတ်ပြုရုံပါပဲ။ စိတ်ထဲမှာ ယုံကြည်မှုကိုသာ အမြဲ နေရာ ပေးထားပါ။ သံသယကို လုံးဝအ၀င်မခံပါနဲ့။ အရာအားလုံး လွယ်ကူချောမွေ့အောင်စိတ်ရဲ့ စွမ်းအင်ဟာ လုပ်ဆောင်ပေးသွား လိမ့်မယ်လို့ကို ယုံကြည်နေပါ။ ဘာနည်းလမ်းမှ မရှိဘူး၊ ဘာအရင်းအမြစ်မှ မရှိဘူး၊ ဖြစ်နိုင်ပါ့မလား ဆိုတာတွေ လုံးဝမတွေးပါနဲ့။ ဖြစ်နိုင်မှုအပေါ်မှာသာ ယုံယုံကြည်ကြည် တွေးထားမယ် ဆိုရင် စိတ်ရဲ့ စွမ်းအင်ဟာ အလိုလိုအောင်မြင်မှုဆီ ခေါ်ဆောင်သွားပါလိမ့်မယ်။ နေ့ စဉ်နေ့တိုင်းမှာ "ငါ့ စိတ်စွမ်းအင်တွေကို ငါအပြည့်အ၀ ယုံကြည်တယ်" လို့ အမြဲပြောပေးပါ။

စိတ်ရဲ့ စွမ်းအင်ကို အားကိုးပြုပါ

လူတွေရဲ့ စိတ်စွမ်းအင်တွေဟာ မထင်မှတ်ထားတဲ့ အချိန်မှာ ထွက်ပေါ်လာ တတ်ပါတယ်။ အခက်အခဲ၊ အကျပ်အတည်းတွေ ကြုံတွေ့နေရ တဲ့အခါမှာ ပေါ်ထွက်လာတတ်ပါတယ်။ စိတ်ဇောတွေ ထက်သန်လာ တဲ့အခါမှာလည်း ထွက်ပေါ်လာတတ်ပါတယ်။ ဒီလိုထွက်ပေါ်လာတဲ့ အချိန်မှာ လူက လုပ်ဆောင်တာမျိုး မဟုတ်တော့ဘဲ စွမ်းအင်ကသာ လုပ်ဆောင်သွားတာဖြစ်ပါတယ်။ သာမန်အချိန်မှာ လူတစ်ယောက်အနေ နဲ့ လုံးဝ မသယ်နိုင်တဲ့ ကြီးမားတဲ့ အရာတွေကို မီးလောင်တဲ့အခါမှာ သယ်ပြေး နိုင်တဲ့ဖြစ်ရပ်ဟာ စိတ်ရဲ့ စွမ်းအင်ကသာ လုပ်ဆောင်သွားခြင်းဖြစ်ပါတယ်။

ကိစ္စတစ်ခုခု မဆောင်ရွက်ခင်မှာ စိတ်စွမ်းအင်ကို အားကိုးပြုပါ။ ဥပမာ ကိုယ်က ပရိသတ်တွေ အများကြီး ရဲ့ရှေ့မှာ စကားဟောပြောရ တော့မယ်ဆိုပါစို့။ ဒီအချိန်ခဏမှာ စိတ်ရဲ့စွှမ်းအားတွေ အားလုံးကို စိတ်ကူး နဲ့ စုစည်းလိုက်ပါ။ ခွန်အားတွေ အများကြီး ရှိလာတယ်လို့လည်း စိတ်ကခံစားပါ။ ခန္ဓာကိုယ်မှာ စွမ်းအင် တွေအပြည့် ဖြစ်ထွန်းလာတာကိုလည်း စိတ်ကသိနေပေးပါ။ စွမ်းအင်အ၀န်းအ၀ိုင်းကြီး ကိုယ့်မှာ ဖြစ် တည်လာတာကိုလည်း မြင်ယောင်ပါ။

ဒီအချိန် စိတ်မှာစွမ်းအင်တွေ အပြည့်ရောက်ရှိနေပါလိမ့်မယ်။ ဒီစွမ်းအင်တွေကို မပျောက်ပျက်စေပါနဲ့။ ထိန်းသိမ်းထားပါ။ ပြီးရင် ဒီစွမ်းအင်တွေကို အားကိုးပြုပြီး စင်ပေါ်တက်ကာ ပြီးဆုံးသည်အထိ ဟောပြော ပါ။ ထူးဆန်းတာက ကိုယ်ကပြောနေတယ်လို့ မခံစားရဘဲ စိတ်ရဲ့စွမ်းအင်တွေက သူ့အလိုလို ဟောပြော သွားတယ်လို့ ခံစားရတာပါပဲ။ ဒါဟာ ကျွန်တော့်ကိုယ်တွေ့ပါ။

အခုလိုစာရေးနေတဲ့ အခါမှာလည်း သာမန်ဆောင်းပါး တစ်ပုဒ်ဖြစ်ရင် ပြီးရော ရေးသားတာနဲ့ စိတ်စွမ်း အင်ထည့်ပြီးရေးသားတာ လုံးဝမတူပါဘူး။ လူကစာ ကိုရေးနေပေမယ့် တကယ်တော့ စိတ်ရဲ့ စွမ်းအင် ကသာ ဦးဆောင်သွားတာပါ။ စိတ်စွမ်းအင်က အသိသာဆုံး ဦးဆောင်သွားတဲ့ အခါများဆိုရင် ကိုယ်ရေး တယ်လို့မထင်ရလောက်အောင် စိတ်ကူးစိတ်သန်း အသစ်တွေ စီးဝင်လာပြီး စာအုပ်တစ်အုပ်လုံး စာဖြစ် သွားတော့တာပါပဲ။ ဒါကိုဈာန်ဝင်သွားတယ် (Mood ၀င်သွားတယ်) လို့တချို့ကလည်း ခေါ်ကြပါတယ်။ စာရေးသူလည်း စိတ်စွမ်းအင်ကို လေ့ကျင့်တဲ့အနေနဲ့ စာမရေးခင်မှာ စွမ်းအင်စုစည်းတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်လေ့ရှိပါတယ်။ ဒါဟာ စိတ်စွမ်းအင်ကို အားကိုးပြုပြီး ကိစ္စအ၀၀ကို လုပ်ဆောင်တာပါပဲ။

ဒါကြောင့် အလွယ်တကူ အောင်မြင်မှုတွေ ဖြစ်ထွန်းချင်ရင် စိတ်ရဲ့ စွမ်းအင်ကို အားကိုးပြုပါ။ လူတိုင်း အသုံးချလို့ရပါတယ်။ အရောင်းသမားတစ်ယောက် ပစ္စည်းရောင်းချတဲ့ဖြစ်စဉ်မှာ၊ ကျောင်းသား တစ် ယောက် စာမေးပွဲဖြေဆိုတဲ့ဖြစ်စဉ်မှာ၊ အဆိုတော်တစ်ယောက် သီချင်းသီဆို ဖျော်ဖြေတဲ့ဖြစ်စဉ်မှာ စသဖြင့် နေ့ စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်တိုင်းမှာ အသုံးချကြည့်ပါ။ ထူးခြားလာတာကို တွေ့ ရမှာ မလွဲပါပဲ။

ဒီလိုပါပဲ။ စိတ်စွမ်းအင်ကို အားကိုးပြုတဲ့ ခေါင်းဆောင်မှုဟာ အင်မတန်အစွမ်း ထက်ပါတယ်။ တချို့သော ခေါင်းဆောင်ကြီးတွေဟာ စွမ်းအင်အ၀န်းအ၀ိုင်းကြီးကို ထိန်းသိမ်းပြီး အသုံးချနိုင်တာဟာ ခေါင်းဆောင်မှု ဖြစ်စဉ်တစ်လျှောက်လုံးပါပဲ။ လူအများအပေါ် သြဇာလွှမ်းမိုးတဲ့အခါမှာ၊ ပြဿနာဖြေရှင်းတဲ့အခါမှာ၊ ဆုံးဖြတ် ချက်တွေချတဲ့အခါမှာ၊ စီမံကိန်းတွေ၊ မဟာဗျူဟာတွေ ချမှတ်တဲ့အခါမှာ အမြဲပဲစိတ်နှစ်ပြီး စွမ်းအင်ကို အား ကိုးပြုလေ့ရှိကြပါတယ်။ ဒီခေါင်းဆောင်ကြီးတွေဟာ သူတို့ရဲ့ အဖွဲ့အစည်းကို စူးစူးစိုက်စိုက်ဈာန် ၀င်စား ကာ ခေါင်းဆောင်မှု ပေးလေ့ရှိကြပါတယ်။ တကယ်တော့ ဈာန်ဝင် စားခြင်းဟာ စိတ်စွမ်းအင်ရဲ့ သော့ ချက်ဖြစ်ပါတယ်။ ခေါင်းဆောင်မှုရဲ့ အနှစ်သာရတစ်ခုလည်း ဖြစ်ပါတယ်။

အများရဲ့ စိတ်စွမ်းအင်တွေကို ထွက်ပေါ်လာစေပါ

စိတ်စွမ်းအင်ရဲ့အရေးပါပုံကို သိရှိပြီး အသုံးချနိုင်မယ်ဆိုရင် ဘယ်လောက် ထိရောက်မလဲဆိုတာ သိပြီးဖြစ်မှာပါ။ ထက်မြက်တဲ့ ခေါင်းဆောင်တွေဟာ စိတ်စွမ်းအင်ကို ကိုယ်တိုင်လည်း အသုံးချသလို တခြားလူတွေ ဆီကပါ ထွက်ပေါ်လာစေ ပြီးအသုံးချတတ်ပါတယ်။ အဖွဲ့အစည်းတစ်ရပ်လုံး စွမ်းအင်တွေ ပြည့်ဝနေအောင် ဖန်တီးလှုံ့ဆော်နိုင်မှုဟာ ခေါင်းဆောင်မှုရဲ့ စွမ်းရည်ပဲဖြစ်ပါတယ်။ စွမ်းအင်တွေ ပြည့်ဝ နေမှလည်း စွမ်းအားတွေ ထွက်ပေါ်နေမှာဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခု အောင်မြင်တယ်ဆိုတာ အဖွဲ့အစည်းအတွင်းက လူတွေ စွမ်းရည်ပြည့်ဝလို့ပါ။ လူတွေ စွမ်းရည်ပြည့်ဝတယ်ဆိုတာလည်း ဒီလူတွေရဲ့ အတွင်းက စိတ်တွေ စွမ်းအင် ထွက်ပေါ်လာလို့ပါ။ "စွမ်း အင်" မထွက်သရွေ့ "စွမ်းရည်" မပြည့်ဝပါ။ "စွမ်းအင်" ထွက်အောင် "စွမ်းအား" ထုတ်မှ "စွမ်းရည်" ပြည့်မှာ ဖြစ်ပါတယ်။ စွမ်းအင်တွေ၊ စွမ်းအားတွေ၊ စွမ်းရည်တွေပြည့်ဝတဲ့ အဖွဲ့အစည်းကြီးကို ဖန်တီး တည်ဆောက်နိုင်ပြီ ဆိုရင်တော့ အောင်မြင်မှုဟာ အရှိန်အဟုန်နဲ့ ရရှိလာမှာ လုံးဝ အသေအချာ ပါပဲ။

Let's Fly Together!

ဖူးကျော်ဇင် (Future Wave)

JOB Seekers Journal vol.2,no.38 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...