ခေါင်းဆောင်မှုနှင့် စိတ်စွမ်းအင် (၃)

ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိက လုပ်ဆောင်မှုတွေမှာ စိတ်စွမ်းအင်ဟာ အခရာပါပဲ။ "ခေါင်းဆောင် တွေ ဘယ်လို အလုပ်လုပ်ကြသလဲ" လို့မေးရင် ကျွန်တော်ကတော့ "စိတ်စွမ်းအင်တွေနဲ့ အလုပ်လုပ်ပါ တယ်" လို့ ပြန်ဖြေနေ ကြပါပဲ။

ခေါင်းဆောင်မှု အကြောင်းကို ကျွန်တော်တို့ ဆွေးနွေးလာခဲ့တာ တော်တော် ကြာပါပြီ။ ခေါင်းဆောင် မှန်ရင် ဘယ်ကို သွားနေတယ်ဆို တာ သိရမယ်။ သွားနေတဲ့ ပန်းတိုင်ဆီကို တခြားသူတွေ ပါလာအောင် လည်း ဆွဲဆောင်နိုင် ကြရပါမယ်။ ဒါဟာခေါင်းဆောင်မှုဖြစ်စဉ်ပါပဲ။ အောင်မြင်ကျော်ကြားတဲ့ ခေါင်းဆောင်ကြီးတွေဟာ ပန်းတိုင်ကို အရောက် သွားတဲ့အခါမှာ စိတ်စွမ်းအင်တွေ အသုံးပြုကြသလို တခြားသူတွေ ပါလာအောင် ဆွဲဆောင်တဲ့နေရာမှာ လည်း စိတ်စွမ်းအင်တွေကို အပြည့်အ၀ အသုံးချကြပါ တယ်။

ပန်းတိုင်ကို လှမ်းနိုင်မယ့် စွမ်းအင်

အောင်မြင်တဲ့ လုပ်ငန်းရှင် သူဌေးကြီးတစ်ဦးကို "ဘယ်အချိန်မှာ ဘယ်လိုများ စတင်အောင်မြင်လာပါ သလဲခင်ဗျာ" လို့ သတင်းထောက် တစ်ယောက်ကတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဒီအခါမှာ သူဌေးကြီးက "ကျုပ်ပန်းခြံထဲက ခုံတန်းရှည်ပေါ်မှာ အိပ်နေကတည်းက စပြီးအောင်မြင်တာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျုပ်ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာ သိပြီး ဘယ်ကို အရောက် သွားနေတယ်ဆိုတာကို သိမြင်နေ ခဲ့လို့ပေါ့" လို့ပြန်ဖြေပါတယ်။

"ပန်းတိုင်ကို လှမ်းနိုင်မယ့်စွမ်းအင်" ဆိုတာ ရည်မှန်းချက်ကို ကြိုတွေးမြင်ပြီး အောင်မြင်မယ်လို့ ယုံကြည် နေတဲ့ စိတ်စွမ်းအားပါပဲ။ "စိတ်ထဲမှာတွေး လို့ရပြီး ယုံကြည်လို့ရတဲ့ အရာဘာမဆိုကို အရယူနိုင် တယ်" လို့ အောင်မြင်ရေးထိပ်တန်း ဆရာကြီးနပိုလီယံဟေးလ်က Think and Grow Rich ဆိုတဲ့ သူ့ရဲ့ စာအုပ် ထဲမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အောင်မြင်ရေး စိတ်ပညာကို လေ့လာတဲ့ အခါမှာ"လူတစ်ယောက် ဟာ သူ့စိတ်ထဲမှာ တွေးရင်တွေးတဲ့အတိုင်းကို ဖြစ်လာတယ်" လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အတွက်ဆိုရင် ကိုယ်ဘယ်ကို အရောက်သွားမှာလဲ ဆိုတဲ့ ပန်းတိုင်ကို ကြိုတွေးပြီးသိမြင်နေဖို့ လိုပါတယ်။ အဖွဲ့အစည်းက ပန်းတိုင်ကို မရောက်ခင်မှာ ခေါင်းဆောင် က ပန်းတိုင်ဆီကို စိတ်နဲ့ကြိုတင် ရောက်နေရပါမယ်။ ပန်းတိုင်ရောက်ရှိရေးကို အကြွင်းမဲ့ ယုံကြည်မျှော် လင့်ထားဖို့လည်း လိုပါတယ်။ ခေါင်းဆောင်အနေနဲ့ ထပ်မံ လုပ်ဆောင်ရမှာက ဒီယုံကြည်ချက်အတွေး စွမ်းအားကို နောက်လိုက်တွေရဲ့ စိတ်ထဲအပြည့်အ၀ ၀င်သွားအောင် သွင်းပေးရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်လုပ်သူနဲ့ သူ့ရဲ့အဖွဲ့သားတွေ အားလုံးဟာ ခရီးမစတင်ခင်မှာ ပန်းတိုင်ကို လှမ်းနိုင်မယ့် စွမ်းအင်တွေအပြည့်ရှိနေဖို့ အရေးကြီးပါတယ်။ ဒီစွမ်းအင်တွေဟာ အဖွဲ့အစည်းရဲ့ ရည်မှန်းချက် ပန်းတိုင် ဆီကို ရွေ့လျား သွားအောင် တွန်းပို့နေတဲ့ မောင်းနှင်အားတွေဖြစ်ပါတယ်။ ဘယ်ကိုအရောက် သွားနေ တယ်ဆိုတာကို နောက်လိုက်တွေ သိအောင်၊မြင်အောင်၊ ရှင်းလင်းအောင် လုပ်ရမှာ ဦးဆောင်သူရဲ့ တာဝန်ပါ။ "ငါ့နောက်လိုက်ခဲ့ကြ" လို့ပြောပြီး ဘယ်ကို ဦးတည်သွားရမှန်း မသိရင်တော့ ခေါင်းဆောင် မလုပ်တာ အကောင်းဆုံးပါပဲ။

ညှို့ဆွဲအားနိယာမဖြင့် ဦးဆောင်ခြင်း

စိတ်ဟာစွမ်းအားကြီးတဲ့ သံလိုက်တုံးနဲ့ တူပါတယ်။ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အတွေးဆန္ဒနဲ့ ကိုက်ညီသမျှ ဘာကိုမဆို ဆွဲဆောင် ယူတတ်ပါတယ်။ ဒါကို ညှို့ဆွဲအားနိယာမ (Law of Attraction) လို့ခေါ်ပါတယ်။ စာရေးသူ ဖွင့်လှစ်ထားတဲ့ အောင်မြင်ရေး သင်တန်းမှာတော့ ဒီဘာသာရပ်ကို အထူးလေ့ကျင့် သင်ကြား ပေးပါတယ်။ ဒီနိယာမတရားဟာ စိတ်စွမ်းအင်ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကြီးတွေ၊ ဖန်တီးမှုဖြစ်စဉ် သဘော တရားတွေကို ဖော်ပြထား တာဖြစ်ပါတယ်။

လူတစ်ယောက်ဟာ စိတ်ထဲကနေ အာရုံပြုတွေးလိုက်တာနဲ့ အဲ့ဒီ အတွေးရဲ့ ဖရီကွမ်စီလှိုင်းတွေဟာ ခန္ဓာကိုယ်ကနေ ထွက်သွားပြီး စကြာဝဋ္ဌာ ကွန်ရက်ကြီးနဲ့ စတင်ချိတ်ဆက် သတင်းပို့တော့တာပါပဲ။ ညှို့ဆွဲအား နိယာမရဲ့ တရား အရအတွေးဆန္ဒနဲ့ ကိုက်ညီသမျှကို ဆွဲဆောင်တတ်ပါ တယ်။ ကောင်းတာ တွေ တွေးနေရင် ကောင်းတဲ့ ဖရီကွမ်စီလှိုင်းတွေ ထွက်လာပြီး ကောင်းတာတွေကို ဆွဲဆောင်ယူပါတယ်။ မကောင်းတာတွေ တွေးရင် ထွက်လာတဲ့ မကောင်းတဲ့ လှိုင်းတွေဟာ မကောင်းတာတွေပဲ ဆွဲငင်တော့ တာပေါ့။

ဒီနိယာမရဲ့ မဖောက်မပြန်မှန်ကန်တဲ့ သဘောတရားကတော့"အတွေး တွေဟာ ဘာမဆိုဖြစ်လာစေ တယ်" ဆိုတာပါပဲ။ ဒါကို မယုံတဲ့သူတွေလည်း ရှိမှာပါ။ စိတ်အတွေးစွမ်းအင်တွေကို လျှော့တွက်ထားသူ တွေလည်းရှိမှာပါ။ သံသယမဖြစ်ပါနဲ့။ စိတ်တစ်ခုတည်းက နိဗ္ဗာန်ကို ဖြစ်စေသလို ငရဲကိုလည်း ဖြစ်စေပါ တယ်။ ကျွန်တော်တို့အားလုံး ရရှိနေကြတဲ့ ဘ၀တွေဟာလည်း စိတ်ကြောင့်ပဲဖြစ်ပေါ်ခဲ့တာပါ။စိတ်ဟာ အရာရာအားလုံးကို ဖြစ်စေ ပါတယ်။ စိတ်စွမ်းအင်ဟာ အင်မတန်ဆန်းကြယ်ပါတယ်။

အောင်မြင်တဲ့ ခေါင်းဆောင်တိုင်းလိုလိုဟာ ဒီသဘောတရားကို နားလည်လို့ ပဲဖြစ်စေနားမလည် ဘဲဖြစ် စေ အသုံးပြုနေကြတာပါ။ သူတို့တွေဟာ ခေါင်းဆောင်ဆိုပြီး ဖြစ်မလာခင် ကတည်းက သူတို့ကိုယ် သူတို့ ခေါင်းဆောင် တစ်ယောက်လို့ တွေးမြင်ထားပြီးသားပါ။ အခက်အခဲတွေကို ရင်ဆိုင်မတွေ့ကြုံမီ ကတည်း က ကျော်လွှားဖြေရှင်းနိုင်မယ်လို့ ကြိုတွေး ထားပြီးသားပါ။ ခရီးမစတင်မီကတည်းက ပန်းတိုင်ကို ရောက် နေပြီလို့ ကြိုတွေးထားပြီးသားပါ။ မအောင်မြင်မီကတည်းက အောင်မြင်သူတစ်ယောက်လို့ မြင်ယောင် နေပြီးသားပါ။ ခေါင်းဆောင်ကြီးတွေဟာ ညှို့ဆွဲအား နိယာမကို နေ့စဉ်အသုံးပြုပြီး ဦးဆောင်နေကြ တာဖြစ်ပါတယ်။

လူအများစု မအောင်မြင်ကြတာ၊ ခေါင်းဆောင်အဖြစ် မရပ်တည်နိုင်ကြတာ၊ ချမ်းသာကြွယ်ဝတဲ့ ဘ၀ကို မရရှိကြတာဟာ သူတို့တွေးတဲ့ အတွေးတွေ မှားယွင်းနေလို့ပါ။ အောင်မြင်မှုကို ကြိုတွေးမြင်ရမယ့်အစား ရှုံးမှာ ကြောက်ပြီး ဆုံးရှုံးမှုကိုသာ တွေးမြင်နေကြလို့ဖြစ်ပါတယ်။ "လုပ်နိုင်မယ်" လို့ တွေးရမယ့် အစား "လုပ်နိုင်ပါ့မလား" လို့ တွေးမြင်နေလို့ ဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝမှုကို တွေးမြင်နေရမယ့်အစား "မဖြစ်နိုင်ပါဘူး၊ ဒါငါ့ရဲ့ ကံပဲလေ" ဆိုပြီး ဆင်းရဲမှုကိုပဲ လက်ခံရောင့်ရဲနေလို့ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့မှာရှိတဲ့ စိတ်စွမ်း အင်တွေကို တစ်ခါမှ သတိမပြုမိကြသလို တစ်ခါမှလည်း ထုတ်မသုံးခဲ့ကြပါဘူး။ ထုတ်သုံးလို့ ရကောင်းမှန်းလည်း မသိကြတဲ့ အတွက်လည်းဖြစ်ပါတယ်။

ဒီလိုလူတွေနဲ့ ပတ်သက်လို့ ကျွန်တော် ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် နဲ့ သာဓက ပြပါမယ်။

ရွာတစ်ရွာမှာ အင်မတန် ဆင်းရဲမွဲတေပြီး ခေတ်နောက်ကျလွန်းတဲ့ လင်မယားနှစ်ယောက်ဟာ အိမ်သစ် လေး တစ်လုံးမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့ အိမ်လေးထဲမှာ လျှပ်စစ်မီး တပ်ဆင်ထားတာကို တအံ့တ သြ ဖြစ်နေကြတယ်။ သူတို့ဟာ လျှပ်စစ်မီးဆိုတာကိုမသုံးစွဲဖူး၊ မမြင်ဖူးကြပါဘူး။ ဒီတော့သူတို့ အိမ်လေး မှာ ဖယောင်းတိုင်း(၈)တိုင်အားနဲ့ ညီတဲ့အလုံးလေး တစ်လုံးလင်း ထိန်နေတာကိုတွေ့တော့ ရင်သပ်ရှု မော အံ့သြနေကြတာပေါ့။

ဒီလိုနဲ့ လပေါင်းတော်တော်ကြာသွားတော့ လျှပ်စစ်မီးလုံးဆိုတာ ခေတ်မီတဲ့ဘ၀ရဲ့ အသုံးအဆောင်အဖြစ် လက်သင့်ခံလာကြပါတယ်။ တစ်နေ့မှာ သူတို့အိမ်ကို အရောင်းကိုယ်စားလှယ် တစ်ယောက် ရောက်လာ ပါတယ်။ အရောင်းသမားက သူတို့ကို မကြာခင်ကမှ ဈေးကွက်ထဲရောက် ရှိလာတဲ့ ဖယောင်းတိုင်(၆၀) အားနဲ့ ညီတဲ့လျှပ်စစ်မီးသီးကို ၀ယ်ယူသင့်ကြောင်း၊ လက်ရှိအသုံးပြုနေတဲ့ (၈)တိုင်အားသာရှိတဲ့ မီးသီး ဟာ လိုသလာက် အလင်းရောင်မပေးနိုင်ကြောင်း အပြောအဆိုကောင်းကောင်းနဲ့ ရှင်းပြပါတယ်။
ဒီအခါမှာ နည်းနည်းခေတ်မီလာပြီး နည်းနည်းကလေး ဆန်းသစ်ချင်နေတဲ့ ဇနီးမောင်နှံက အရောင်း သမားကမ်းလှမ်းလာတဲ့ ပစ္စည်းသစ်ကို စမ်းကြည့်ဖို့ သဘောတူလိုက်ကြပါတယ်။ အရောင်းသမားက မီးသီးကို မီးခေါင်းမှာတပ်ပြီး မီးခလုတ်ဖွင့်လိုက်တာနဲ့ ဆင်းရဲသားလင်မယား နှစ်ယောက်ဟာ ပါးစပ် အဟောင်းသားနဲ့ အံ့သြမှင်သက်သွားတာပေါ့။ မီးသီးအသစ်က သူတို့အခန်း တစ်ခုလုံးကို လင်းထိန်သွား စေတာကိုး။ ခေတ်နောက်ကျနေတဲ့လင် မယားနှစ်ယောက်ကတော့ သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်ထဲမှာ တောင် အခုလို အလင်းတန်းကြီး ထုတ်လို့ရရင် ကောင်းမှာပဲလို့တောင် မတွေးခဲ့ဖူးပါဘူး။ လောကကြီးထဲ မှာ ဒီလိုအလင်းရင်းမြစ်ကြီး ထုတ်ယူလို့ရတဲ့ သဘော တရားတွေရှိနေတာလည်း တစ်ခါမှမသိခဲ့ဘူးပေါ့။

ဒီလင်မယားနှစ်ယောက်ရဲ့ လျှပ်စစ်မီးသီးနဲ့ ပတ်သက်လို့ နုံအပုံကို ကြည့်ရင် ရယ်ချင်စရာကောင်းပါ တယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ လူအများစုဟာ စိတ်စွမ်းအင်နဲ့ ပတ်သက်လာရင်လည်း ဒီလင် မယား နှစ်ယောက်လို ဖြစ်နေကြပါတယ်။ စိတ်မှာ စွမ်းအင်တွေ ထုတ်လို့ရကောင်းမှန်း သတိမထားမိကြ ပါ ဘူး။ မီးသီးအလင်းအား ခပ်မှိန်မှိန်နဲ့ စွမ်းအင်မဲ့ အလုပ်တွေ လုပ်နေကြတဲ့သူတွေ အများကြီးပါ။ တစ်ယောက်ယောက်က စွမ်းအားပြည့် စိတ်အလင်းတန်းကြီး ထုတ်လိုက်တဲ့အခါမှာ" သူတို့တွေက ဘယ်လိုအောင်မြင် သွားတာလဲ" ဆိုပြီး ပါးစပ်အဟောင်းသားနဲ့ မှင်သက် နေကြမှာပါ။

အောင်မြင်သူတွေ၊ ခေါင်းဆောင်ကြီးတွေကတော့ သူတို့ရဲ့ စိတ်စွမ်းအင်ကနေ အလင်းစွမ်းအားကြီးတွေ ထွက်ပေါ်စေပြီးပတ်ဝန်းကျင်ကိုလင်းထိန်စေ တဲ့သူတွေပါပဲ။ သာမန်သူတွေက ဒီလိုပြုမှုကျင့်ကြံဖို့ သတိ တောင် မရကြပါဘူး။ ဒီအစားစွမ်းအားချို့တဲ့တဲ့အတွေးတွေ၊ သံသယ စိတ်တွေ၊ ကြောက် စိတ်တွေနဲ့ အလင်းအားမှိန်မှိန် အိမ်ကလေးထဲမှာ တစ်သက်လုံးနေသွား ကြပြီးပတ်ဝန်းကျင်ကိုလည်း ဘာအလင်းမှ မပေးနိုင်ကြပါဘူး။

ဒါကြောင့်ကိုယ့်ရဲ့ စိတ်စွမ်းအင်ကို စွမ်းအားတွေ ထွက်ပေါ်လာအောင် လေ့ကျင့်ပြီး မိမိနဲ့မိမိရဲ့ ပတ်ဝန်း ကျင်ကို အလင်းရောင်ကောင်းတွေ ပေးစွမ်းနိုင်မယ့် စိတ်စွမ်းအားရှင် ခေါင်းဆောင်ကြီးတွေ ဖြစ်ကြပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ်။

Let's Fly Together!

ဖူးကျော်ဇင် (Future Wave)

JOB Seekers Journal vol.2,No.39
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...