သရဖူသိမ်းမည့် ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ကာ ဖြေရှင်းမည်ဟု မေမြတ်နိုးဆို



ပွဲဆူနေသော အာရှပစိ ဖိတ်အလှမယ် သရဖူသိမ်းခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ်သက်၍ လတ်တလော မည့်သည် မှတ်ချက်မျှ မပေးလိုဘဲ ဘန်ကောက်သို့ ကြော်ငြာရိုက်ကူးပြီး ပြန်လာမှသာ သတင်းစာ ရှင်း လင်း ပွဲပြုလုပ်ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေမြတ်နိုး ကပြောသည်။

‘‘လောလောဆယ်တီချယ် လှနုထွန်းတို့ သတင်းစာထဲမှာ ထည့်ထားတဲ့ ကိစ္စတွေ အကုန်လုံးက စွပ်စွဲ ထားတာတွေ ပါလို့။ တစ်ခုမှ မမှန်ပါဘူးလို့ ပြောချင်ပါတယ်။ လောလောဆယ်တော့ ဘန်ကောက်မှာ ကြော်ငြာသွား ရိုက်မှာနဲ့ အလုပ်နည်းနည်းရှုပ် နေပါတယ်။ သတင်းစာ ရှင်းလင်းပွဲက နောက်မှ လုပ်ပါ မယ်’’ ဟု မေမြတ်နိုး ကပြောသည်။

ဘန်ကောက်တွင် ကြော်ငြာရိုက်ကူးရန် ဇူလိုင် ၆ ရက်၌ သွားရောက်မည်ဖြစ်ပြီး အခြားသော အလုပ် ကိစ္စအချို့ကိုလည်း လုပ်ဆောင်ရန်ရှိကြောင်း မေမြတ်နိုးကပြောသည်။ Miss Asia Pacific World Organization မှ မေမြတ်နိုးအား သရဖူသိမ်းရန် အကြောင်းကြား ထားသော်လည်း မလှနုထွန်းတို့ ဘက် မှ ပြန်လည်တောင်းပန်ထား၍ လတ်တလောတွင် သရဖူကို ရုပ်သိမ်းမည် မဟုတ်သေးကြောင်း Natinnal Director မလှနုထွန်းက ပြောသည်။

‘‘ဂျာနယ်လစ်တွေဆီကပဲ ကွန်ပလိမ်းတွေတက်တယ်။ သူတို့ချိတ်ပေးထားတဲ့ ကုမ္ပဏီတွေကလည်း အကုန် ကွန်ပလိမ်းတက် တယ်ရှင့်။ မဂ္ဂဇင်းကာဗာရိုက်တဲ့ အချိန်မှာ ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမရရင် မလုပ် ပေးနိုင်ဘူးလို့ လုပ်တာပေါ့နော်။ ဒီလိုဆိုတော့ လှနုဆိုလည်း ရှက်တယ်ရှင့်၊ ရှက်တော့ ဟိုလိုက်တောင်း ပန်၊ ဒီလိုက်တောင်းပန်နဲ့ဖြစ်နေတယ်’’ ဟု မလှနုထွန်းကပြောသည်။

မေမြတ်နိုး၏ အနုပညာအလုပ်များနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များကို မလှနုထွန်းတို့က မစီမံတော့ဘဲ မေမြတ်နိုး၏ မိခင်တောင်းဆိုမှုကြောင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် မေမြတ်နိုးသည် Organization မှ တာဝန်ရှိသူများကို ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်း၊ အလုပ်ကိစ္စများတွင် အချိန်မလေး စားခြင်းများ ရှိခဲ့သည်ဟု မလှနုထွန်းက ဆိုသည်။ ယင်းအချက်များကြောင့် တောင်ကိုရီးယားရှိ Miss Asia World Organization က သရဖူသိမ်းရန် ပြောဆိုလာခြင်းဖြစ်သည်။

မေမြတ်နိုး၏ အနုပညာ ကြေးထဲမှ ၃၀ ရာခိုင်နှုန်းကို မလှနုထံပေးရန် နှုတ်ကတိ ပေးထားသော်လည်း လက်ရှိတွင် ကျပ်သုံးသိန်းခွဲသာ သူမဆီက ရယူဖူး ကြောင်း၊ ကျေးဇူးသိတတ်လာရင် ပေးလိမ့်မည်ဟု မှတ်ယူထား ကြောင်း မလှနုထွန်းက ပြောသည်။ ‘‘အခုဟာက လူတွေ ထင်နေတာ လှနု ၃၀ ရာခိုင်နှုန်း မရလို့ ကလေးကိုပြောနေတယ်လို့ထင် နေတာ။ အဲဒီလိုမဟုတ်ဘူး။ အစ်မသရဖူကို Save လုပ်ပေးနေ တာပါ’’ ဟု လှနုထွန်းကပြောသည်။ မေမြတ်နိုးသည် မကြာသေးမီက မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အလှမယ် ပထမဆုံးသရဖူကို ပူပူနွေးနွေးရရှိထားပြီး မကြာမီတွင် ထိုကဲ့သို့ကိစ္စများဖြစ်ပေါ်ခဲ့ ခြင်းဖြစ် သည်။ 


7Day News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...