ဘာသာရပ် ရွေးချယ်မှု များပြားခြင်းကြောင့် မလေးရှားနိုင်ငံသို့ ပညာသွားရောက် သင်ယူမှုနှုန်း များပြား

အရှေ့တောင် အာရှနိုင်ငံများ သို့ပညာသွားရောက် သင်ကြားသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ယခုနှစ်တွင် မလေးရှားနိုင်ငံသို့ သွားရောက်မှု များပြားလာကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ဘာသာရပ် ရွေးချယ်မှု များပြားခြင်းနှင့် ကုန်ကျစရိတ် သက်သာစွာ ပညာသင်ကြားနိုင်မှုကြောင့် ယခုကဲ့သို့ ရွေးချယ်မှု များပြားလာခြင်းဖြစ်သည်။

"ပဋိပက္ခတွေဖြစ်နေလို့ အန်တီအနေနဲ့ စိုးရိမ်ခဲ့သေးတယ်။ မလေးရှားကို ကလေးတွေ သွားကြပါ့မလား လို့။ ဒါပေမဲ့ ဒီနှစ် နှစ်ဦးပိုင်းမှာတောင် သွားရောက်တဲ့ ကလေးတွေက မနှစ်ကထက် ပိုများလာတယ်" ဟု Jenko Grop of Educare မှ ဒေါ်နီမြစီကပြောသည်။

ထို့ပြင် မလေးရှားနိုင်ငံမှ တစ်ဆင့်နိုင်ငံကြီးများသို့ ကူးပြောင်း ပညာ သင်ကြားရာတွင်လည်း လွယ်ကူပြီး ကျောင်းများ၏ ပံ့ပိုး ကူညီဆောင်ရွက်ပေး မှုများသည်လည်း ကောင်းမွန်ခြင်းကြောင့် သွားရောက် ကြခြင်းဖြစ်သည်။

"မလေးရှားက နေရထိုင်ရ၊ သွားရလာရတာ ကုန်ကျစရိတ်က သက်သာတယ်။ ကျောင်းတွေကလည်း ရင်းနှီးမြှုပ်နှံမှုက ထည့်ရင် ထည့်သလောက် ကျောင်းသားတွေကို ပြန်ပေးနိုင်တဲ့ အတွက်ကြောင့် သွားကြတာလည်းပါပါတယ်" ဟု MSI ပညာရေးဝန်ဆောင်မှု မှ ဒေါ်စုစုလှိုင်ကပြောသည်။

"မလေးရှားနိုင်ငံမှာ ကျောင်းတက်ရတဲ့ အကြောင်းအရင်းကတော့ မလေးရှားမှာပဲ ကျွန်တော် တက်ချင်တဲ့ ဘာသာရပ်ရှိတယ်။ နောက်ပြီး ကျွန်တော် မလေးရှားနိုင်ငံမှာ ကျောင်းသွား တက်ခဲ့တာကလည်း ကုန်ကျ စရိတ်က နည်းနည်းနဲ့ Quality Education ကိုရတဲ့ အတွက်ပါ" ဟု မလေးရှားနိုင်ငံသို့ သွားရောက် ခဲ့သော ကျောင်းသား တစ်ဦးကပြောသည်။

မလေးရှားနိုင်ငံသို့ နှစ်စဉ် မြန်မာနိုင်ငံမှ ကျောင်းသားဦးရေ ၁,၀၀၀ ကျော်ဝန်းကျင်ခန့် သွားရောက် ပညာသင်ကြားလျက်ရှိပြီး ဆေးပညာဘာသာရပ်နှင့် အင်ဂျင်နီယာ ဘာသာရပ်များကို တက်ရောက်မှု များပြားကြောင်း Jenko မှ ဒေါ်နီမြစီက ထပ်မံသုံးသပ် ပြောကြားသည်။


Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၆) 
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...