လမ်းနံဘေးမှာ ပျိုးမည့်ပန်းများ
ပန်းပျိုးသူများ စာသင်ဝိုင်းတွင် ပညာသင်ယူနေကြသော ကလေးငယ်များ (ဓာတ်ပုံ - ညီညီဇော်)
မန္တလေးမြို့၏ ညနေခင်းတစ်ခုတွင် လူစည်ကားသည့်နေရာ တစ်ခုဖြစ်သော နန်းမြို့ကျုံး အရှေ့တောင် ထောင့်၌ မီးပွိုင့်မိနေသည့် ကားနှင့် ဆိုင်ကယ်များအား လူငယ်တစ်စုက ပန်းကုံးလေးများကို လိုက်လံ ရောင်းချနေပါသည်။
ပန်းကုံးလေးများ ရောင်းချရင်း ပန်းဖလက်များကိုလည်း ဝေငှနေကြသေးသည်။ ယခင်ရက်များကတော့ ထိုနေရာလေးမှာ မန္တလေးတောင်ခြေတွင် နေထိုင်သည့် ကလေးငယ်များက ပန်းကုံးလေးများ ရောင်းချခဲ့ ကြပါသည်။ ယခုတော့ ကလေးတွေနေရာမှာ လူငယ်လေးတွေ အစားထိုးဝင်ရောက်လာပါ၏။
ဒါက ကလေးတွေရဲ့ဈေးကွက်ကို လုလိုက်ခြင်းမဟုတ်ပါ။ လူငယ်လေးတွေ ပန်းရောင်းနေချိန် ကလေး တွေကတော့ သူတို့ပန်းရောင်းခဲ့တဲ့နေရာနဲ့ မနီးမဝေး လက်ဖက်ရည်ဆိုင်တစ်ခုရဲ့ရှေ့က ပလက်ဖောင်း မှာ အေးဆေးစွာ ပညာသင်ကြားနေကြလေသည်။
ပန်းရောင်းသည့် ကလေးတွေကို သင်ကြားပေးနေသော စာသင်ဝိုင်းမို့ ထိုစာသင်ဝိုင်းလေးကို ပန်းပျိုးသူ များစာသင်ဝိုင်းဟု ဦးဆောင်သူများက နာမည်ခေါ်တွင်စေခဲ့သည်။ ဇွန်လ ၂၅ ရက်မှ စတင်ခဲ့သည်မို့ အချိန် မကြာသေးသော်လည်း ပန်းပျိုးသူများစာသင်ဝိုင်းလေးက မြို့ခံများအကြား ရေပန်းစားနေလေပြီ။ ညနေခင်းတိုင်း ပန်းကူရောင်းပေးမည့် လူငယ်တွေ၊ စာသင်ပြပေးမည့်လူတွေ၊ နှစ်မျိုးစလုံး ဆောင်ရွက် ပေးမည့်သူတွေက ပန်းပျိုးခင်းနားမှာ ၀ိုင်းလာကြသည်။
ပန်းရောင်းရင်း၊ ရေသန့်ဘူးကောက်ရင်း၊ မုန့်ရောင်းရင်း၊ အလုပ်လုပ်နေကြရသည့် ကလေးငယ်တို့အ တွက် ပညာသင်ယူချိန်က ဝေးနေဆဲဖြစ်သည်။ ထို့ကြောင့် စေတနာရှင်လူငယ်တို့က ထိုကလေးငယ်တို့ရှိ သည့် နေရာသို့ ကိုယ်တိုင်သွားရောက်ကာ ပညာပေးနေကြခြင်းပင်။
မန္တလေးမြို့တွင် လမ်းဘေးပလက်ဖောင်း စာသင်ဝိုင်းများ အရှိန်အဟုန် ရလာနေပါသည်။ ပန်းရောင်း သည့်ကလေးများကို စာသင်မပျက်စေရန် ပန်းကူရောင်းပေးခြင်းဖြင့် ပညာဒါနပြုနေကြသည့် လူငယ်များ ကိုလည်း တွေ့လာရပါသည်။ ညဘက် ပလက်ဖောင်းဘေး ဓာတ်မီးတိုင်အောက်တွင် စာအံနေကြသည့် ကလေးငယ်တို့ အသံစာစာများကိုလည်း ကြည်နူးဖွယ်ကြားလာကြရပါပြီ။
မန္တလေးမြို့တွင် ထိုကဲ့သို့ လမ်းဘေးစာသင်မှုများ အရှိန်မြင့်လာသော်လည်း ရန်ကုန်တွင်မူ ထိုကိစ္စကို သက်ဆိုင်ရာတာဝန်ရှိသူတို့က အထူးအဆန်းဖြစ်နေကြသေးပုံရပါသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ရန်ကုန်ဘူတာကြီးရှိ လမ်းဘေးစာသင်ဝိုင်း၌ စာသင်ကြားနေကြသည့် ကလေးငယ်အချို့ ဖမ်းဆီးခံခဲ့ရ သည်။
လမ်းဘေးစာသင်ဝိုင်းမှာလည်း တရားမ၀င်သည့်သဘောမျိုး သတိပေးခံထားရပြီး ခွင့်ပြုချက်မပေးလို သည့်ပုံစံ ဖြစ်နေသည်။ သို့သော်လည်း ရန်ကုန်ဘူတာကြီးရှိ လမ်းဘေးစာသင်ဝိုင်းကို စတင်သည့် လူငယ်များက ဖြစ်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားကြမည်ဟု ဆုံးဖြတ်ထားကြသည်။
စာသင်ဝိုင်းသို့ လာရောက်သင်ယူနေကြသည့် ကလေးငယ်များမှာ ရန်ကုန်ဘူတာကြီးအနီး ကျင်လည်နေ ထိုင်ကြသူများဖြစ်သည်။ ထိုအနီးတစ်ဝိုက်တွင် အိမ်ခြေမဲ့အခြေအနေဖြင့် ကလေးငယ် အယောက် ၄၀ ခန့်ရှိနေခြင်း ဖြစ်သည်။ လူငယ်တို့က လာရောက်စာသင်ကြားသည့်အခါ စိတ်ပါဝင်စားစွာဖြင့် သင်ယူကြ ပြီး အလုပ်ကိုလည်း ပြေးလုပ်ကြရသေးသည်။
စာသင်ဝိုင်းမှအပြန် ရထားတွဲများပေါ်တွင် အိပ်ပျော်နေသည့် ကလေးငယ်တို့ကို ထိန်းသိမ်းခေါ်ဆောင်၍ ဟံသာဝတီရှိ ရဲစခန်းအတွင်း ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ အကြောင်းရင်းမှာ ထိုနေ့က ဘူတာကြီးသို့ လာရောက်သည့် ရဲမှူးတစ်ဦး၏ကားပေါ် တက်ဆော့သည့်အမှုဖြစ်သည်ဟု ဆိုသည်။
ဇွန်လ ၂၄ ရက်က ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကလေးငယ်များသတင်းကို ကြားသိရသောအခါ လမ်းဘေးပလက်ဖောင်း စာသင်ဝိုင်း(ရန်ကုန်)မှ လူငယ်များက မိမိတို့စာသင်ဝိုင်းကြောင့် အဖမ်းခံရခြင်း လောဟု ထင်မှတ်ကာ ပြန်လည်ထုတ်ယူရန် ကြိုးပမ်းခဲ့ကြသည်။
စာသင်ဝိုင်းနာယက ဆရာတော်များနှင့် လူငယ်များက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်သို့ စာရေးသားကာ အကူအညီတောင်းခံခဲ့ကြရာမှ ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့သွားပြီး လူအများသိရှိခဲ့ရသည်။ ထိုသို့ အဆင့်ဆင့် ပျံ့နှံ့ခဲ့ပြီးနောက် ကလေးငယ်တို့ ပြန်လည်လွတ်မြောက်ရန် မီဒီယာများနှင့် စေတနာရှင်တို့က ၀ိုင်းဝန်း ကြိုးပမ်းခဲ့ရာမှ ဇွန်လ ၂၆ ရက်က ပြန်လွှတ်ပေးလိုက်ကြသည်။
ပြန်လည်လွတ်မြောက်လာသည့် ကလေးငယ်များကို ၀ဋ်ကြွေးတော်ပြေ ပရဟိတ ဘုန်းတော်ကြီးကျောင်း တိုက်မှ ဆရာတော်များက ခေတ္တစောင့်ရှောက်ထားခဲ့သည်။
‘‘ကလေးတွေကို အခန်းထဲမှာ သော့ပိတ်ထားတော့ ကျွန်မတို့လည်း မနေနိုင်ဘူး။ ငိုကြရတာ။ လေလွင့် ကလေးတွေလို့ သတ်မှတ်ပြီး အဖမ်းခံထားရပေမယ့် ကျွန်မတို့က စာသင်ပေးနေတာဆိုတော့ အပြစ်မရှိ တဲ့အကြောင်းကို နည်းမျိုးစုံနဲ့ အာမခံပေးပြီး ပြန်လွတ်လာတော့မှ ဟင်းချနိုင်တာ’’ဟု ၎င်းတို့ကို စာသင် ပေးနေသည့် ဆရာမတစ်ဦးကပြောသည်။
လမ်းဘေးပလက်ဖောင်းစာသင်ဝိုင်း(ရန်ကုန်)ကို ၀ါသနာတူ လူငယ်များစုစည်းကာ ဆရာတော်နှစ်ပါး ဦးဆောင်မှုဖြင့် ပြီးခဲ့သည့်ဇွန်လအတွင်းက စတင်ခဲ့သည်။ ရန်ကုန်ဘူတာကြီးရှိ အိမ်ခြေမဲ့ကလေးများကို စာသင်ကြားပေးခဲ့ရာ လာရောက်သင်ယူသူ သုံးဆယ်ဝန်းကျင်ရှိခဲ့သည်။
ဈေးရောင်း၊ ရေသန့်ဘူးကောက်သည့် အလုပ်များ လုပ်ကိုင်သော ကလေးငယ်များဖြစ်ပြီး အသက်ငါးနှစ် အရွယ်မှ ဆယ်ကျော်သက်အရွယ်အထိ လာရောက်သင်ယူကြခြင်းဖြစ်သည်။ အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့များတွင် ညနေခြောက်နာရီမှ ရှစ်နာရီအထိ ဘူတာကြီး၌ ဆရာ၊ ဆရာမ ၁၅ ဦးဖြင့် သင်ကြားပေးခြင်းဖြစ်ပြီး လာရောက်သင်ကြားပေးသည့် လူငယ်များက ရုံးဝန်ထမ်းများဖြစ်ကြသည်။
‘‘သူတို့ကို သတိထားကြည့်မိတယ်။ ကျောင်းစိမ်းဝတ်စုံဝတ်ပြီး ကျောင်းတက်နေတဲ့ ကလေးတွေကို ငေးကြည့်နေကြတယ်။ သူများတွေ ခဲတံကိုင်တော့ သူတို့လည်း ကိုင်ချင်ကြတယ်။ စာသင်ဖို့အတွက် သူတို့ကို အများကြီး မစည်းရုံးရပါဘူး။ သူတို့အသိလေးတွေနဲ့ သူတို့ လာသင်နေကြတာပါ’’ဟု စာသင် ၀ိုင်းဆရာမတစ်ဦးက ပြောသည်။
အဆိုပါစာသင်ဝိုင်းမှ အခြားဆရာမတစ်ဦးကလည်း ‘‘စာသင်နေချိန်မှာ ကျွန်မတို့က သူတို့အစား ဈေးရောင်းပေးပါမယ်လို့ ပြောတာကို ကလေးအားလုံးက ငြင်းကြတယ်။ ဆရာမတို့ ဈေးရောင်းတာ ကြည့်မကောင်းဘူးတဲ့။ သူတို့တွေက စာသင်လိုက်၊ ဈေးပြေးရောင်းလိုက်နဲ့လေ။ ကလေးတွေကို ကြည့်ရ တာ တကယ်ပညာလိုချင်ကြတာပါ’’ဟု ပြောသည်။
နှစ်ရက်တာ ဖမ်းဆီးခံလိုက်ရသည့် ကလေးငယ်များတွင် အချို့က မိဘရှိသော်လည်း အခြေအနေမဲ့ဖြစ်ပြီး အချို့က ဦးလေးနှင့်နေထိုင်သူ၊ အဒေါ်က မွေးစားထားသူလည်းရှိသည်။ အိမ်မှထွက်ပြေးလာသည့် ကလေးနှင့် မိဘနှစ်ပါးစလုံးမရှိဘဲ ဘူတာကြီးတွင် အခြေအနေမဲ့ဖြစ်နေသော ကလေးအချို့လည်းရှိသည်။
အဆိုပါကလေးငယ်များထဲမှ အချို့ကတော့ ငှက်အော်စမ်း (ခေါ်) လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိဖူး သူများဖြစ်ကြသည်။ လူငယ်သင်တန်းကျောင်းတွင် ပြစ်ဒဏ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည့် ကလေးတို့ကတော့ ရဲအဖမ်းခံရမည်ကို ထပ်မကြောက်တော့။ သူတို့က ငယ်ငယ်ရွယ်ရွယ်နှင့် ဘ၀ကြမ်း ကို ဖြတ်သန်းနေရသူများပီပီ လည်လည်ဝယ်ဝယ် ရှိကြသည်။
စကားအပြောအဆို သွက်လက်လွန်းပြီး မည်သူ့ကိုမဆို ကြောက်စိတ်မရှိ၊ ရဲတင်းစွာ ပြောဆိုရဲသူများဖြစ် သည်။ စာသင်ယူမှုကိုလည်း သူတို့က နှစ်သက်ကြသည်။ သူတို့အထဲတွင် ကင်မရာသမားဖြစ်လိုသူလည်း ရှိသည်။ ဘောလုံးသမားကြီးတစ်ဦးအဖြစ် အိပ်မက်မက်နေသူလည်းရှိသည်။
‘‘သူတို့က ရထားလာရင် ဈေးရောင်းမယ်။ ရေသန့်ဘူးတွေ ကောက်တယ်။ စာသင်ဝိုင်းလေး လုပ်ပေးခြင်း အားဖြင့် သူတို့အသိပညာရသွားမယ်။ အကျင့်စာရိတ္တကောင်းလာဖို့နဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် တဖြည်းဖြည်းချင်း ပြုပြင်သွားမယ်။ တစ်ယောက်တလေလောက် ပြောင်းလဲလာရင်တောင် တော်တော် ကျေနပ်မိမှာပါ’’ဟု လမ်းဘေးစာသင်ဝိုင်း(ရန်ကုန်)မှ ရှေ့နေအလုပ် လုပ်ကိုင်သည့် လူငယ်တစ်ဦးက ပြောသည်။
ကလေးများကိုစာသင်ရန် လိုက်လံစည်းရုံးခြင်းက ပဏာမကြိုးစားရမှုတစ်ခုဖြစ်သည်။ ရန်ကုန်မှ လမ်း ဘေးပလက်ဖောင်း စာသင်ဝိုင်းသည် ဘူတာကြီးအတွင်းရှိ ဈေးရောင်းသည့် မိသားစုများ၊ ကုန်ထမ်းသူ များထံသို့ ကြိုတင်သွားရောက်ကာ ကလေးငယ်များကို အလုပ်မပျက်စေဘဲ စာသင်ကြားပေးမည့် အစီ အစဉ်ကို ပြောပြစည်းရုံးကြသည်။ သူတို့ သဘောတူညီချက်ရရှိပြီးမှ စာသင်သည့်လုပ်ငန်းကို စတင်ရ ခြင်းဖြစ်သည်။ မန္တလေးတွင်လည်း ထိုနည်းအတိုင်းပင်။
ပထမဆုံးအနေဖြင့် ကလေးတွေနေသည့် မန္တလေးတောင်ခြေသို့ သွားရောက်ကာ မိဘများနှင့် သွား ရောက်ညှိနှိုင်းခဲ့ရသည်ဟု ပန်းပျိုးသူများအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဝမ်းကဆိုပါသည်။ ကလေးမိဘအများစု က လက်လုပ်လက်စားတွေ။ ပန်းရန်လုပ်သူ၊ အ၀တ်လျှော်လိုက်သူ၊ ဈေးရောင်းသူစုံလို့။ တချို့ကလေးတွေ ကတော့ အဖေမရှိ၊ တချို့ကျ မအေမရှိ၊ တချို့ကျပြန်တော့ မိဘနှစ်ပါးလုံးမရှိတော့လို့ ဘိုးဘွားနှင့်နေရ သူတွေလည်း ပါသည်။
‘‘မိဘတွေအတွက်လည်း ၀င်ငွေက အရေးပါနေတယ်။ စာသင်ပေးရင် ၀င်ငွေလျော့သွားမယ်လေ။ ဒါကြောင့် ညှိရတယ်။ နောက်ဆုံးတစ်ညကို ပန်းနှစ်ထောင့်ငါးရာဖိုး ထည့်ပေးလိုက်ပါ။ အဲဒါကို ကုန်အောင်ရောင်းပေးမယ်။ ကလေးတွေကိုလည်း စာသင်ပေးမယ်ဆိုပြီး ညှိခဲ့ရတယ်’’ဟု ကိုဝမ်းက ပြောသည်။
ထို့ကြောင့် ညနေငါးနာရီဝန်းကျင်ဆိုလျှင် ကလေးတွေဆီက ပန်းများကို မန္တလေးပန်းပျိုးခင်းအဖွဲ့ဝင်တို့က စာရင်းမှတ်ကာ ယူထားလိုက်သည်။ ယူထားသည့် ပန်းတွေကို လူငယ်လေးတွေက ကလေးတွေရောင်း နေကျ မီးပွိုင့်မှာသွားရောင်းပေးသည်။ ထိုအချိန်တွေမှာ ကလေးတွေကတော့ အေးအေးလူလူ စာသင် ကားနိုင်ကြသည်။ ကလေးတွေကို စာသင်ကြားပေးမှုအပြင် ပန်းကူရောင်းပေးခြင်း၊ မုန့်ကျွေးခြင်း၊ စာရေး ကိရိယာများ ထောက်ပံ့ခြင်း အစရှိသည့် ပံ့ပိုးမှုများကြောင့်လည်း ကလေးတွေက ပျော်နေကြသည်။
ပန်းပျိုးသူများ စာသင်ဝိုင်းလေးမှာ ပန်းရောင်းသည့်ကလေးများအပြင် လက်ဖက်ရည်ဆိုင်က စားပွဲထိုး ကလေးများပါ စာလာသင်ကြားနေကြသည်။ စုစုပေါင်းစာသင်သားဦးရေ ၈၀ ကျော်ရှိပြီး ညစဉ် ၇ နာရီမှ ၉ နာရီအထိ သင်ကြားပေးခြင်းဖြစ်သည်။ နေ့ကျောင်းမတတ်သည့် ကလေးတွေကိုလည်း အစိုးရ စာမေး ပွဲဖြေခွင့်ရရန် ကြိုးစားကြမည်ဟုလည်း အဖွဲ့ဝင်များက ဆိုပါသည်။
ပလက်ဖောင်းပေါ်သင်သည့် စာသင်ဝိုင်းက မန္တလေးမြို့အတွက် အခုမှ စတင်မိတ်ဆက်နိုင်ခဲ့ခြင်းတော့ မဟုတ်ပါ။ မန္တလေးဘူတာကြီးအနီးတွင် လေလွင့်ကလေးငယ်များ၊ ကျုံရာကျပန်းလုပ်ကိုင်နေရသော ကလေးငယ်များနှင့် ကျူရှင်မယူနိုင်သော ကလေးငယ်ပေါင်း ၆၀ ကျော်အတွက် ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းကလေးဆိုလျှင် ငါးနှစ်သက်တမ်းပင် ရှိခဲ့လေပြီ။
ပလက်ဖောင်းပျိုးခင်းမှတစ်ဆင့် ပန်းပျိုးသူများစာသင်ဝိုင်းသို့ပါ ဖြစ်မြောက်ရေး ပါဝင်ဆောင်ရွက်နေသူ မန္တလေးဆေးတက္ကသိုလ်မှ ၀န်ထမ်းမနှင်းဆီက‘‘ပန်းပျိုးခင်းမဖွင့်ခင်က ပန်းရောင်းတဲ့ကလေးတွေက ကျွန်မတို့ ပလက်ဖောင်းစာသင်ဝိုင်းကို လာတက်ချင်တယ်လို့ပြောတယ်။ ဒါပေမဲ့ နေရာက တော်တော် လေးလှမ်းတယ်။ ဒါနဲ့ ပရဟိတစိတ်ဝင်စားတဲ့အဖွဲ့တွေပေါင်းပြီး ပလက်ဖောင်းစာသင်ဝိုင်းတစ်ခု ထပ်မွေး ဖွားလိုက်တာပါ’’ဟု ပြောပြသည်။
ပရဟိတစိတ်ဝင်စားသူများကြောင့် မန္တလေးမြို့တွင် ပလက်ဖောင်း စာသင်ဝိုင်းလေးနှစ်ခု အသက်ဝင်လာ ခဲ့သည်။ ပန်းပျိုးခင်းမှာ ပန်းလာရောင်းသည့်လူငယ်တွေကလည်း ပျော်ကြသည်။ ‘‘လစဉ်အလှူငွေလည်း ထည့်သွားမယ်။ လုပ်အားလည်းပေးသွားဦးမယ်။ တအားပျော်တယ်’’ဟု ပန်းကူရောင်းပေးနေသူ အသက် (၂၉)နှစ်အရွယ် ကိုကျော်သူအောင်က ဆိုပါသည်။ ‘‘ကျောင်းတက်ချင်ခဲ့တာ ခုလိုပြန်တက်ရတော့ အရမ်း ပျော်တယ်။ ဆရာမဖြစ်ချင်တယ်။ ခုလို သမီးတို့လို မတတ်နိုင်တဲ့ ကလေးတွေကို သင်ပေးချင်တယ်’’ဟု ပန်းပျိုးခင်းရောက် ဆဋ္ဌမတန်းကျောင်းသူ မအေးအေးအောင်က ဆိုပါသည်။
မန္တလေးတွင် ထိုသို့လမ်းဘေးစာသင်ဝိုင်းများ အားကောင်းနေချိန် ရန်ကုန်မှာလည်း လမ်းဘေးစာသင်ဝိုင်း များ ဖြစ်မြောက်လာစေရန် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ သို့ရာတွင် သူတို့စာသင်ပေးနေသည့် ဘူတာကြီးမှ ကလေးငယ်တချို့ အဖမ်းခံရသည့်ဖြစ်စဉ်ကြောင့် လမ်းဘေးစာသင်ဝိုင်း လူငယ်များ လုပ်ငန်း ခေတ္တရပ်တန့် သွားခဲ့သည်။ ကလေးများအဖမ်းခံရချိန်တွင် အပြင်သို့ပြန်ရောက်ရေးအတွက် ထိုလူငယ်များ ကသာ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြရသည်။ ပြန်လွတ်လာသည့်ကလေးများ ပညာရေးနှင့် နောင်ရေး အတွက် စာသင်ဝိုင်းဦးဆောင်သူ ဆရာတော်တို့က တာဝန်ယူလိုစိတ်ရှိသော်လည်း အုပ်ထိန်းသည့် ဦးလေး၊ အဒေါ်တို့က ခွင့်ပြုလိုဟန်မရှိပေ။
‘‘ကလေးတွေ အဖမ်းခံရတော့ အုပ်ထိန်းသူဆိုပြီး တစ်ယောက်မှပေါ်မလာဘူး။ ဒီကလေးတွေအတွက် တာဝန်ယူပေးမယ့်လူ ရှာမရဘူး။ ဘူတာကြီးမှာပဲ ဖြစ်သလိုနေ၊ ရဲလာရင်ပတ်ပြေး၊ ဈေးရောင်း၊ ပိုက်ဆံ တောင်း၊ ကြုံတဲ့နေရာမှာအိပ်၊ ဒီလိုပဲ ဖြစ်သလိုနေကြတာ’’ဟု လမ်းဘေးစာသင်ဝိုင်း (ရန်ကုန်)မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုစောအောင်မြင့်စိန်ကဆိုသည်။
သူတို့ စာသင်ဝိုင်းအတွက် လမ်းဘေးတွင် စာသင်ရန် အခက်အခဲဖြစ်လာသောကြောင့် နေရာတစ်ခု အဓိက လိုအပ်လျက်ရှိသည်။
အမိုးအကာအောက်တွင် စာသင်ကြားပေးနိုင်ပါက သင့်လျော်မည်ဖြစ်ပြီး လာရောက်သင်ကြားသည့် ကလေးငယ်တို့က ဘူတာကြီးတွင် နေထိုင်ကြသဖြင့် ဘူတာကြီးအနီးတစ်ဝိုက်တွင် နေရာတစ်ခုရရှိရန် ကြိုးပမ်းသွားကြမည်ဟု သိရသည်။
‘‘လမ်းဘေးစာသင်ဝိုင်းလေးကို လုံးဝအရပ်မခံနိုင်ပါဘူး။ ရေရှည်တည်တံ့စေချင်ပါတယ်။ ဒီကလေးတွေ ရဲ့အနာဂတ်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လူငယ်တွေက စတင်လိုက်တာပါ။ ဘာကြောင့်ဖြစ်ဖြစ် ပျက်မသွားဖို့ အရေးကြီးပါတယ်’’ဟု ၀ဋ်ကြွေးတော်ပြေ ပရဟိတဌာန ကျောင်းတိုက်မှ ဆရာတော် အရှင်ဝေပုလ္လက မိန့်ကြားသည်။
စာသင်လိုသည့် ကလေးငယ်များကို ကျောင်းတိုက်တွင်တာဝန်ယူ၍ ပညာသင်ကြားပေးရန် ဆရာတော် တို့က ဆန္ဒရှိသော်လည်း လွတ်မြောက်လာ၍ ခေတ္တထိန်းသိမ်းထားသည့် ကလေးငယ်များကို အုပ်ထိန်းသူ ဟုဆိုသူ ဦးလေး၊ အဒေါ်များက ဇွန်လ ၂၉ ရက်က ကျောင်းတိုက်မှ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြသည်။ သို့ဖြစ်၍ ထိုကလေးငယ်တို့မှာ ဘူတာကြီးအနီးတစ်ဝိုက်တွင် ဆက်လက်ကျင်လည်နေကြဦးမည်ဖြစ်သည်။
မန္တလေးနှင့်ယှဉ်လျှင် ရန်ကုန်ရှိ ပလက်ဖောင်းစာသင်ဝိုင်းအဖွဲ့က ယခုမှ ခြေလှမ်းအစဖြစ်သည်။ စာသင်ခွင့် ရရှိရန်နှင့် စာသင်ဖို့နေရာတစ်ခုကို ရှာဖွေကြရဦးမည်။ သူတို့ စာသင်ပေးနေသည့် ကလေးငယ် တို့ကိုလည်း အန္တရာယ်မရှိစေရန် တတ်နိုင်သလောက် စောင့်ရှောက်ရဦးမည်။ သူတို့ရည်မှန်း သည်က လမ်းဘေးရှိ ကလေးများကို စာသင်ကြားပေးခြင်းဖြင့် အကျင့်စာရိတ္တကောင်းမွန်လာစေပြီး အသိ အမြင်တိုးပွားလာစေဖို့၊ စာတတ်မြောက်လာစေဖို့ဖြစ်သည်။
ပညာရေးနိမ့်ကျလွန်းသော မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း သူတို့ဆောင်ရွက်နေ သည့် ပညာဒါနစာသင်ဝိုင်းလေးနှင့် သူတို့စေတနာကို နားလည်လက်ခံလာရန်လည်း ရန်ကုန်မှ ပညာ စေတနာရှင်လူငယ်တို့ မျှော်လင့်ထားကြသည်။ မန္တလေးကဲ့သို့ စည်းလုံးညီညွတ်စွာ၊ ရင်းနှီးချစ်ခင်စွာ၊ ပျော်ရွှင်တက်ကြွစွာ ဆောင်ရွက်နိုင်သည့် အခြေအနေမျိုး ရောက်ရန်ကိုတော့ ရန်ကုန်ရှိ လမ်းဘေး စာသင်ဝိုင်းအနေဖြင့် များစွာကျော်ဖြတ်ရပါလိမ့်ဦးမည်။ ။
7Day News Journal
အတွဲ (၁၃)၊ အမှတ် (၁၇)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)