ရယ်သံကို ကြောက်နေရတဲ့ ဘ၀မှာ နေထိုင်ရသူများ
By ကိုထိုက်
ရယ်မောပျော်ရွှင်နေသည့် သူငယ်ချင်းများကြား နေရခြင်းသည် ပျော်စရာဖြစ်၏။ သို့သော် လူတစ်စု အတွက်ကား ထိုသို့မဟုတ်။ ရယ်မောနေသူများ ကြားနေရခြင်းသည် သူတို့အတွက် ကြီးစွာသော ဒုက္ခကြီးဖြစ်သည်။ ထိုသူများသည် ရောဂါခံစား နေရသူများ ဖြစ်၏။ ဂလိုတိုဖိုးဘီးယားဟု ခေါ်တွင်သည်။ ရယ်သံကို ကြောက်ရွံ့သော ရောဂါဖြစ်၏။
ဒရမ်မွန် (အမည်လွှဲ) သည် အမေရိကန် နိုင်ငံမှ အသက် ၁၈ နှစ် အရွယ် လူငယ်ဖြစ်သည်။
““ကျွန်တော့်ဘေးမှာ လူတွေ ရယ်သံကြားတိုင်း သူတို့ ဘာကြောင့်ပဲ ရယ်ရယ် ကျွန်တော့်ကို ၀ိုင်းလှောင် ပြောင် ရယ်မော နေကြတယ်လို့ အလိုလို ခံစားလာရတယ်။ ကျွန်တော် အလိုလိုနေရင်း သွေးတွေ ဆူ တက်လာပြီး ရယ်နေသူတွေကို ရန်လုပ်ဖို့ အသင့် ဖြစ်နေတတ်တယ်””ဟု ဒရမ်မွန်က သုတေသန ပညာ ရှင်များကို သူ့အကြောင်း ပြောပြသည်။ ဂရမ်မွန်သည် ဂလိုတိုဖိုးဘီးယားဟု ခေါ်သည့် ရယ်သံကြောက် ရောဂါ ခံစားနေရသူ ဖြစ်သည်။
““ကိုယ် အမှားလုပ်မိလို့ သူများရယ်မှာ ဟားမှာကိုလည်း သေမလောက် ကြောက်တယ်။ အရယ်ခံရမယ့် အဖြစ်မျိုး မရောက်အောင် ဘာလုပ်လုပ် သတိကြီးထားပြီး လုပ်တယ်။ ဒါကြောင့် ကျွန်တော်ဟာ တစ်နေ့ လုံးလိုလို မျက်နှာကြီး တင်းတင်း၊ လူကြီးက တောင့်တောင့်ကြီး နဲ့ မသက်မသာ ပုံစံ ပေါက်နေတတ် တယ်။ တစ်ခါတစ်လေ သူများတွေ ပျော်ရွှင်နေ ရယ်မော နေတာတွေ့ရင် ကိုယ်လည်း သူတို့လို လိုက်နေ ချင်တယ်။ ပျော်ရွှင်ချင်တယ်။ ရယ်မောချင်တယ်။ ဒါပေမဲ့မရဘူး။ သူတို့နားရောက်ပြီး ရယ်သံ ကြားတာနဲ့ ကျွန်တော် ကြောက်လာတယ်။ အန္တရာယ်တစ်ခုခု ကြုံရတော့မလိုကို ခံစားရပြီး ကြောက်လာတယ်။ ပြီးရင် ပြေးဖို့ကြိုး စားရင် ကြိုးစားမယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ရယ်နေသူတွေကို ကျွန်တော် ရန်လုပ် မိရော။ အဲဒီလို အချိန်မျိုးမှာ ကျွန်တော့် ကိုယ် ကျွန်တော်လည်း ထိန်းမရတော့ဘူး””ဟု ဒရမ်မွန်က ပြောသည်။
ကြောက်စရာ ရယ်သံ
ဒရမ်မွန် ပြောပြသည့် သူ့အကြောင်းများကို ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ တက္ကသိုလ်မှ ဒေါက်တာ ထရေစီ ပလတ်နှင့် အဖွဲ့က မှတ်တမ်း တင်ထားကြသည်။ ဒေါက်တာပလတ်သည် ရယ်သံကြောက် ရောဂါကို လေ့လာနေသည့် ကမ္ဘာတစ်ဝန်း ပညာရှင်များထဲမှ တစ်ဦးဖြစ်သည်။ အာဖရိက၊ ကနေဒါ၊ အိန်္ဒိယ၊ ရုရှား စသည့်တို့မှ ပညာရှင်ပေါင်း များစွာသည် ရယ်သံကြောက် ရောဂါကို နားလည် နိုင်အောင် ကြိုးပမ်းနေ ကြသည်။ မည်သည့် နောက်ခံအကြောင်းများ ကြောင့်ရယ်သံ ကြောက်ရောဂါ ဖြစ်ပွား လာကြောင်းကို ဖော်ထုတ် နေကြသည်။
ရယ်သံကြောက်ရောဂါ (ဂလိုတိုဖိုးဘီးယား) ခံစား နေရသူများသည် ရယ်သံကို အဓိပ္ပာယ် ဖွင့်နိုင်စွမ်း မရှိသူများဖြစ်သည်။ ထို့အပြင် ရယ်သံဟူသည် ကြောက်စရာဟူ၍ လည်းကောင်း၊ သူတို့ကို ဒုက္ခပေးမည့် အချက်ပြသံဟူ၍ လည်းကောင်း အလိုလိုခံစား ကြရသည်။ ရယ်သံကြောက် ဝေဒနာရှင်များသည် လူအ များ နှင့် ပေါင်းသင်း ဆက်ဆံရန် ခက်ခဲသူများလည်း ဖြစ်သည်။ လူအများနှင့် ရောနှောရလေ စိတ်ဖိစီး၊ ခေါင်းကိုက်၊ မအီမသာဖြစ်ခြင်းများ ကြုံကြရသည်။
ချက်ကာသည် အစ္စရေးနိုင်ငံမှ ဖြစ်ပြီး အသက် ၃၇ နှစ် အရွယ် ဖြစ်သည်။ သူ့ကို ရယ်ခြင်း မဟုတ်သည့် တိုင် လူတွေဆီက ရယ်သံကြားတိုင်း သူ့မှာသိပ်ရှက်ပြီး အနေရ ခက်နေတတ်သည် ဟု ချက်ကာက ပြောပြသည်။
““ရယ်သံကြားတာ နဲ့ ကျွန်တော် စိတ်တွေ လှုပ်ရှားလာတယ်။ ပြီးရင် ဒေါသတွေ ထွက်လာတယ်။ ဒေါသ ကို တစ်ယောက် တည်း ကျိတ်ခံရတာလည်း ရှိတယ်။ တစ်ခါတစ်လေ တစ်နာရီ နှစ်နာရီလောက် တစ်ယောက်တည်း ဒေါသနဲ့ နပန်းလုံးနေတယ်။ တစ်ခါတစ်လေ တစ်နေကုန်တယ်။ အဲဒီလို ဖြစ်ပြီးပြီဆို ရင် တစ်ကိုယ်လုံး တင်းတောင့်ပြီး ညောင်းညာ ကိုက်ခဲလာရော။ ခေါင်းလည်း ကိုက်လာတယ်””ဟု ချက်ကာ က ပြောသည်။
သို့ဖြစ်သောကြောင့် လူတွေနဲ့ ရောရမည့် အခြေအနေမျိုးကို တတ်နိုင်သမျှ ချက်ကာရှောင်သည်။ တစ်ယောက်တည်း စာဖတ်ချင် ဖတ်သည်။ တစ်ယောက်တည်း ဆော့နိုင်သည့် အားကစား တစ်ခုခု လုပ်ချင်လုပ်သည်။
ပလိပ် ရောဂါသည်ကို ရှောင်သလိုကို ရှောင်ကြသည်
““တချို့က ကျွန်တော့ အားနည်းချက်ကို သိလို့ကို တမင်ကို သူတို့ သူငယ်ချင်းတွေရှေ့မှာ ကျွန်တော့်ကို အသုံးချခံ တစ်ခုလို အသုံးချကြတယ်။ ကျွန်တော့်ကို သူတို့ သူငယ်ချင်းတွေရှေ့ ခေါ်သွားပြီး တမင်ရယ်ပြ ကြတယ်။ ကျွန်တော် ကြောက်လာတာကို သူတို့ သူငယ်ချင်းတွေကို ပြကြတယ်။ အဲဒီလို အလုပ်ခံရပြီဆို ကျွန်တော် ပိုစိတ်တိုပြီး ရန်ဖြစ်တဲ့အထိ ဖြစ်ကုန်တယ်””ဟု ချက်ကာက ပြောပြသည်။
““ကျွန်တော် ရန်ဖြစ်ခဲတယ်။ ဖြစ်ပြီဆိုရင်လည်း တစ်ဖက်လူ ဆိုးဆိုးဝါးဝါး နာကျင်သွားအောင် လုပ်လိုက် ရမှ ကျေနပ် သွားတတ်တယ်။ ကျွန်တော် အဲဒီလို ဖြစ်တတ်တဲ့ အတွက် တော်တော် များများက ကျွန် တော့်ကိုဆို ပလိပ် ရောဂါဆိုးကြီးကို ရှောင် သလိုကို ရှောင်သွားကြရော””ဟု ချက်ကာက ပြောပြသည်။
ရယ်သံကြောက် ဝေဒနာရှင်မျိုး အဖို့ လူများများ ရှိသည့် ရုံးခန်းလို နေရာမျိုးမှာ လုပ်ကိုင်ရခြင်းသည် ကျိန် စာ သင့်သည့်နှယ် ရှိသည်။ တစ်ယောက် မဟုတ် တစ်ယောက်စီက မကြာမကြာ ဆိုသလို ရယ်သံကြား ရမည်ဖြစ်ရာ တစ်ချိန်လုံး တိုက်ခိုက်ခံနေ ရသည့်နှယ် ရှိမည်။ သို့ဖြစ်သောကြောင့်ပင် ရယ်သံကြောက် ဝေဒနာရှင်များအဖို့ ၀င်လုပ်နိုင်သည့် အလုပ်က အလိုလို ချုံ့ပြီးသား ဖြစ်နေသည်။
အချိန်ကြာလာသည် နှင့်အမျှ လူအများကြား မ၀င်ဆံ့သူ တစ်ယောက်အဖြစ် ခံစားလာရကာ စိတ်ရှုပ်ထွေး ခြင်း၊ ကိုယ့်ကိုယ်ကို အားမရ မကျေနပ်ခြင်းများပါ ခံစားလာရတော့သည်။ ထို့ထက် ပိုဆိုးလာလျှင် စိတ်ကျရောဂါ ဖြစ်ပွားတော့သည်။ ရယ်သံကြောက် ဝေဒနာရှင်များသည် မိတ်ဆွေ အပေါင်းအသင်း လည်း ရှားပါးသလို၊ ချစ်သူ ရည်းစားရဖို့လည်း ခက်ခဲကြသည်။ သူငယ်ချင်း ရလာလျှင်လည်း ရေရှည် တည်မြဲသော မိတ်ဆွေ ဆက်ဆံရေး ထူထောင်နိုင်ဖို့ ခက်ခဲသည်။ ချစ်သူရည်းစား ရလာလျှင်လည်း ရေရှည် မြဲမြံ လက်တွဲနိုင်ဖို့ ခက်ခဲတတ်သည်။
““ကျွန်တော် အထီးကျန် တစ်ယောက် တည်းနေရတာ များပါတယ်။ အထီးကျန် ဘ၀နဲ့ ဖြတ်သန်း တတ်အောင်လည်း ကျွန်တော် ကြိုးစား နေထိုင်ပါတယ်””ဟု ချက်ကာက ပြောသည်။
အနိုင်ကျင့် ခံရခြင်းများကြောင့်
ရယ်သံကြောက် ဝေဒနာအကြောင်း စနစ်တကျ စတင် လေ့လာသည်မှာ ၂၀၀၈ ခုနှစ်တွင် မှ ဖြစ်သည်။ သို့ဖြစ်ရာ ထိုနယ် ပယ်သည် ဆက်လက် လေ့လာစရာ များစွာ ရှိနေသေးသော နယ်မြေဖြစ်သည်။ ဖော် ထုတ်ထားနိုင်သည်က နည်းနည်းသာ ရှိသေးပြီး မသိသေးသည်က များစွာရှိနေသည်။
ငယ်ငယ်က အနိုင်ကျင့် ခံခဲ့ရခြင်းများ သည်ကြီးလာသည့် အခါ ရယ်သံကြောက် ဝေဒနာ ခံစားရစေသည့် လက်သည်များ ဖြစ်သည်။ ကလေး တစ်ယောက် ကြီးပြင်းခဲ့သည့် ၀န်းကျင်သည် ကလေးကို ပုံသွင်းသည်။ ကလေး၏ နေအိမ်ဘ၀၊ ရပ်ကွက်ထဲက ဘ၀၊ ကျောင်းဝင်းထဲက ဘ၀၊ လူမှုဝန်းကျင် ဘ၀ စသည်တို့တွင် စိတ်ကို အပြင်းအထန် ထိခိုက်လောက်အောင် အနိုင်ကျင့် ခံခဲ့ရခြင်းများ ရှိခဲ့ပါက ကြီးလာသည့် အခါ ရယ်သံကြောက် ဝေဒနာ ခံစားရနိုင်ခြေ ပိုများလာသည်။ ရယ်သံကြောက် ဝေဒနာရှင် တော်တော် များများသည် ငယ်စဉ်က ကျောင်းမျာ အနိုင်ကျင့် ခံခဲ့ရသူများဖြစ်ကြောင်း ဒေါက်တာပလတ်က ပြောသည်။
ရယ်သံကြောက် ဝေဒနာသည် ငယ်စဉ်မှာ အဖြစ်နည်းပြီး အသက် ၃၀ နောက်ပိုင်း မှသာ ဖြစ်လာလေ့ ရှိကြောင်း ဒေါက်တာ ပလတ်က ပြောသည်။
ရယ်သံကြောက် ဝေဒနာရှင် တစ်ယောက်အဖို့ အခြားလူများ၏ ရယ်မောနေသော မျက်နှာသွင်ပြင်များကို မည်သည့် အတွက်ကြောင့် ကြောက်စရာဟု အဓိပ္ပာယ် ဖွင့်မိနေသနည်း သိနိုင်စေရန် ဒေါက်တာ ပလတ်နှင့် အဖွဲ့သည် သုတေသန ပြုလျက် ရှိသည်။ စေတနာ့ဝန်ထမ်း ကူညီမည့်သူများကို အွန်လိုင်းမှ တစ်ဆင့် ရှာဖွေခဲ့သည်။ ကူညီမည့်ဟု စာရင်းပေးသူများ အနက်မှ ရွေး ချယ်ကာ ထိုလူများကို ဇူးရစ်မြို့သို့ ဖိတ်ခေါ်သည်။
ထိုလူများကို လူမျက်နှာပုံစံ အမျိုးမျိုး ပြသသည်။ အထူးသဖြင့် အပြုံးမျက်နှာ များကို ပြသသည့် အချိန်တွင် ထိုလူများ၏ ခံစားချက်ကို အဓိက စောင့်ကြည့်သည်။ မည်သည့် အပြုံးမျိုးသည် ကြောက်စိတ်ကို နှိုးဆွကြောင်း ဖော်ထုတ်သည်။
ရယ်သံကြောက် ဝေဒနာ ခံစားနေရသူ၏ ဦးနှောက်ကို ပုံစံ ပြန်သွင်းပေးသောနည်းဖြင့် ရယ်သံကြောက် ခြင်းကို လျော့နည်း သွားအောင် လုပ်ယူနိုင်မည်ဟု ဒေါက်တာ ပလတ်က ပြောသည်။ ကြောက်စရာဟု ထင်နေသော အပြုံးမျက်နှာ ပုံစံသည် ကြောက်စရာ မဟုတ်ကြောင်းကို တစ်ဆင့်ချင်း ပြောပြပေးခြင်းဖြင့် အကြောက်ပြေအောင် ဖြေလျှော့ပေးနိုင်မည်ဟု ဒေါက်တာပလတ်က ဆိုသည်။ သို့သော် ရယ်သံကြောက် ရောဂါ နယ်ပယ်သည် ယခုမှ အသစ်ဖြစ်သောကြောင့် ကုသနည်းကို ညွှန်းရန် စောလွန်းနေသေးကြောင်း ဒေါက်တာပလတ်က ပြောသည်။
ကမ္ဘာပေါ်တွင် ဗြိတိန်နိုင်ငံသည် ရယ်သံကြောက် ဝေဒနာရှင် အများဆုံးရှိသော နိုင်ငံဖြစ်ကြောင်း ဒေါက်တာပလတ်က ပြောသည်။ ဗြိတိန်နိုင်ငံသားတို့၏ ရယ်မောခြင်း ယဉ်ကျေးမှုပုံစံသည် ရယ်သံ ကြောက် ဝေဒနာဖြစ်အောင် လှုံ့ဆွနိုင်ကြောင်း ဒေါက်တာပလတ်က ဆိုသည်။ ဗြိတိန်နိုင်ငံသား ၁၃ ရာခိုင်နှုန်းထိ ရယ်သံကြောက်ခြင်းကို အဆင့်တစ်ခု အထိ ခံစားနေရကြောင်း ဒေါက်တာပလတ်က ပြောသည်။
၁ ရာခိုင်နှုန်းကား ရယ်သံကို အလွန်အမင်းကြောက်သည့် အဆင့်ထိရှိပြီး နေ့စဉ်ဘ၀ လှုပ်ရှားမှုများကိုပါ ထိခိုက်နေရ ကြောင်းလည်း သိရသည်။ အာရှတိုက်တွင်လည်း ထိုသို့ ရယ်သံကြောက် ဝေဒနာရှင် များပြားကြောင်း ဒေါက်တာပလတ်က ပြောသည်။ အာရှတိုက်ဘက် မှ လူများကား ယဉ်ကျေးမှုအရကိုက အရှက်အကြောက် ကြီးသည့် အလေ့အထရှိရာ ထိုစိတ်ကြောင့်ပင် ရယ်သံကြောက် ဝေဒနာ ဖြစ်ပွားနိုင် ခြေ ပိုများကြကြောင်း သိရသည်။
ရယ်သံကြောက် ဝေဒနာ ခံစားနေရသူ များ၏ ဦးနှောက်သည် ငယ်စဉ်က မည်သည့် သက်ရောက်မှု များကြောင့် မည်သို့ ထိခိုက်ပြီး ချို့ယွင်း သွားရသည်ကို သိနိုင်စေရန် ပညာရှင်များ လေ့လာဆဲ ဖြစ်သည်။ ထိခိုက် ချို့ယွင်းရပုံများကို သိလာလျှင် မည်သို့ ကာကွယ် ရမည်ကို ဖော်ထုတ်နိုင်လာမည်။ ကာကွယ်နည်း သိလာလျှင် ကုသနည်းကိုပါ ဖော်ထုတ်နိုင်လာမည် ဖြစ်သည်။
Ref: Living a life in fear of laughter By Pippa Stephens
The Messenger Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)