Den အဓိပ္ပါယ်



• အင်္ဂလိပ်စာကို စပြီးသင်ရကာစ ၅-၆ တန်းမှာ Den ကို ‘သားရဲတွင်း’ လို့ ဆရာ-ဆရာမတွေက သင်ပေး တယ်။ သားရဲဆိုတာ သားရဲ တိရစ္ဆာန်လို့ မှတ်ထားတယ်။ မြေခွေးပုံပြင် တွေနဲ့ ဆက်စပ်နေတာ ကိုလဲ မှတ်မိနေ တယ်။ Little Red Riding Hood ပုံပြင်က နာမည်ကြီးတယ်။ ဆိုးသွမ်းတဲ့ မြေခွေးနဲ့ မင်းသမီး လေးတပါး ပုံပြင်ဖြစ်တယ်။ ငယ်ကတည်းက မြေခွေးဆိုရင် ကောက်ကျစ် စဉ်းလဲတယ်လို့ မှတ်ယူထား တယ်။
• Den ကို တောရိုင်း တိရစ္ဆာန်တွေ၊ လောဘကြီးတဲ့၊ ဖျက်ဆီးတတ်တဲ့၊ ကြမ်းတမ်းတဲ့ တိရစ္ဆာန်တွေ ခိုအောင်းရာလို့ အဓိပ္ပါယ် ဖွင့်ထားတာကို နောက်မှာ သိလာရပါတယ်။
• ကျား၊ ဝက်ဝံ၊ မြေခွေး၊ ခြင်္သေ့လို ကြမ်းတမ်းတဲ့ အကောင်တွေသာမက ယုန်အောင်းတဲ့တွင်း ကိုလဲ သုံးသေးတယ်။
• Cave, Lair နဲ့ Shelter တွေနဲ့ ဆင်တူတယ်။

• လူတွေအတွက်ကြတော့ ကလေးကစားစရာနေရာ၊ စာဖတ်ခန်း စတာတွေကိုလဲ သုံးပါသေးတယ်။ လောင်းကစားရုံ၊ သူခိုးတွေခိုအောင်းရာ ဌာနချုပ်စသဖြင့် သုံးတယ်။ ဥပမာ ၂၇-၄-၂ဝ၁၄ နေ့က တောင်အာဖရိက ကနေလာတဲ့သတင်းမှာ Hostel a den for criminals ရာဇဝတ်သားတွေ ခိုအောင်း ရာဆိုပြီး ပါလာပါတယ်။
• ဒါကြောင့် Den ကို အများအားဖြင့် မကောင်းတဲ့သူတွေနေထိုင် ခိုအောင်းရာအဖြစ်သုံးတာ များပါတယ်။

• နိုင်ငံရေးထဲမှာလဲ အဲလိုတင်စားပြီး သုံးနိုင်တာတွေ ရှိတယ်။ မတော်မတရား ကြံစည်မှုတွေ အစပျိုးရာ၊ ကိုယ်ကျိုး၊ ကိုယ့်ပါတီ အကျိုးအတွက် တခြားပါတီတွေ၊ မဲပေးသူတွေကို လှည့်ဖျား၊ သွေးဆောင်၊ အကောက် ကြံဘို့ စုဝေး၊ စည်းဝေးတဲ့နေရာကိုလဲ ‘မြေခွေးအောင်းတဲ့ဂူ’ လို့ တင်စားသင့်တယ်။
• ဆိုင်းဘုတ်ကို ခန့်ခန့်ထယ်ထယ် ချိတ်ထားနိုင်တယ်။ ဘာဆိုင်းဘုတ်မှ မထားဘဲ၊ ‘သီးသန့်’၊ ‘အပြင်လူ မဝင်ရ’ ဆိုတာမျိုး ရေးထားချင်ထားတယ်။ ဒါမျိုးက သိပ်မဆန်းလှသေးပါ။

• ဆန်းတာကတော့ ရုံးတခုခု၊ အသင်းအဖွဲ့နေရာတခုခု၊ ဘာသာရေး အဆောက်အဦလဲ ဖြစ်နိုင်တယ်။ အဲဒီကို လာရောက်စုဝေးသူတွေထဲမှာ လူအမျိုးမျိုး၊ အတန်းအစား အမျိုးမျိုးရှိတယ်။ (ဗုဒ္ဓဘာသာ အပါ အဝင်) ဘာသာရေးနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်မျိုးလဲ ပါနိုင်တယ်။ လူဝတ်တွေလဲပါမယ်။ ယောက်ျား၊ မိန်းမပါမယ်၊ ကလေးတွေလဲ ခေါ်လာနိုင်တယ်။ နောက်ခံမတူသူတွေဟာ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ အကြောင်းခံ တခုအတွက် လာစုကြတယ်။
• ဒါပေမဲ့ စိတ်ပုတ်၊ စိတ်ယုတ်ရှိသူတချို့ကို ပေါင်းဖေါ်မိသူတွေက ကိုယ်တိုင်မသိကြတာ များတယ်။ မသူတော်ချင်း ပေါင်းဖေါ်လွေ့တာမျိုးက မရှားပါ။
• သူတို့တတွေ စုဝေးရာကနေ မတော်မတရားအကြံအစီတွေ ထွက်လာတတ်လို့ အဲလိုနေရာကို စဉ်းလဲ တဲ့ ‘မြေခွေး ခိုအောင်းရာဂူ’ လို့ခေါ်ချင်တယ်။
• မြေခွေးရေခြုံမထားပေမဲ့ ကောက်ကျစ်ကြသူတွေ မရှားပါ။


ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၄
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...