အနာဂတ် စွမ်းအင်နည်းပညာ - Solar Paint Technology

ကျွန်ုပ်တို့အနေဖြင့် ချစ်လှစွာသော ကမ္ဘာကြီးကို ပူနွေးလာခြင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုကို လျော့ချခြင်းသည် အထိရောက်ဆုံးသော နည်းလမ်းပင်ဖြစ်ပါသည်။ သို့သော် ကမ္ဘာပေါ်ရှိ လူဦးရေသည် နေ့စဉ်နှင့်အမျှ တိုးပွားလာလျက်ရှိရာ ၄င်းတို့၏ လိုအပ်ချက်များကို လိုက်လံဖြေရှင်း ပေးရခြင်းအတွက် စက်ရုံအလုပ်ရုံများကို နေ့ညမပြတ်လည်ပတ်စေခြင်းဖြင့် ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှုသည်လည်း ပိုမိုတိုးလာသလို၊ မော်တော်ယာဉ်များ၊ တောမီးများ၊ အမှိုက်မီး များ လောင်ကျွမ်းခြင်းမှ ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ် အစရှိသည့် စုစုပေါင်းတို့ကြောင့်လည်း ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီးသည် ပူနွေးရင်း ပူနွေးလျက်ရှိပေသည်။

၎င်းပူနွေးမှု၏ အကျိုးဆက်ဖြင့် ရေခဲတောင်များ အရည်ပျော်ရာမှ ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မုန်တိုင်းများ မကြာခဏဖြစ်ပေါ်ခြင်း၊ ရေကြီးရေလျှံခြင်း အစရှိသည်ဖြင့် သဘာဝဘေး အန္တရာယ်မျိုးစုံကို ဖြစ်ပေါ်စေခြင်းဖြင့် ကျွန်ုပ်တို့လူသားများ၏ အသက်အန္တရာယ်ကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် လာသလို ၊ သဘာဝပတ်ဝန်းကျင်ဖောက်ပြန်မှုကြောင့် အသက်ပေါင်းများစွာ သေဆုံးခဲ့ရသည့် ဖြစ်ရပ်များလည်း ရှိခဲ့ပေသည်။

ထို့ကြောင့် ကျွန်ုပ်တို့ အနေဖြင့် ရေနံ၊သဘာဝဓာတ်ငွေ့၊ကျောက်မီးသွေး အစရှိသည့် ရုပ်ကြွင်းလောင်စာ များကို အသုံးပြုခြင်းဖြင့် ကမ္ဘာကြီး ပူနွေးလာမှုကို တဖြည်းဖြည်းဖြင့် လျှော့ချ နိုင်ရန် ကြိုးစားရမည် ဖြစ်ပေသည်။

ထို့သို့လျှော့ချနိုင်ရန်အတွက် အထိရောက်ဆုံးသော နည်းလမ်းမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) များကို အသုံးချရန်ပင် ဖြစ်ပါသည်။ စာဖတ်သူများ သိရှိပြီးဖြစ်သည့်အတိုင်း Renewable Energy တွင် ရေစွမ်းအင်၊နေစွမ်းအင်၊လေစွမ်းအင်၊ဇီဝစွမ်းအင် နှင့် ဘူမိအပူစွမ်းအင်တို့ ပါဝင်ပြီး ကျွန်ုပ်တို့ အနေဖြင့် တစ်ပိုင်တစ်နိုင် အသုံးပြုနိုင်သော အဓိက စွမ်းအင်မှာ နေစွမ်းအင် ပင်ဖြစ်ပါသည်။

ထို့ကြောင့် နေရောင်ခြည်မှစွမ်းအင်ရရှိရန် ဆိုလာချပ်များတီထွင်၍ ထုတ်လုပ်ခဲ့ကြပြီး ယခုအခါ ၄င်း အချပ်များနေရာတွင် အိမ်သုတ်ဆေးကဲ့သို့ သုတ်လိမ်းခြင်းဖြင့် နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ်နိုင်မည့် Solar Paint နည်းပညာကို တီထွင်လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။

Solar Paint နည်းပညာဆိုသည်မှာ Solar Cell နည်းပညာအမျိုးအစားကွဲတစ်ခုပင် ဖြစ်ပြီး Australia နိုင်ငံတွင် အိမ်တိုင်း ကိုယ်ပိုင်လျှပ်စစ်ထုတ်ယူ၍ အသုံးပြုနိုင်ရန်အလို့ငှာ ၄င်းနိုင်ငံ၏ University of Newcastle မှ ရူပဗေဒပါမောက္ခ ဒေါက်တာ Paul Dastoor မှ တီထွင်ဖန်တီးထုတ်လုပ်နေခြင်း ဖြစ်ပါသည်။ Paul ၏ သမိုင်းကြောင်းအနေဖြင့် ၄င်းသည် သဘာဝသိပ္ပံဆိုင်ရာ B.A ဒီဂရီရရှိခဲ့ပြီး Surface Physics နယ်ပယ်၌ PhD ရရှိခဲ့ပါသည်။

သို့သော်လည်း ယခုအခါ Solar Paint နှင့် ပတ်သက်၍ နိုင်ငံအတော်များများမှ သုတေသနပြု လုပ်ဆောင်ရှိပါသည်။ University of California-Berkeley ရှိ National Science Foundation အဖွဲ့မှ Nanocrystals ပေါ်တွင် Copper၊၊ Indium၊Gallium နှင့် Selenide တို့ကို ထား၍ စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပါသည်။

၎င်းတို့ပြုလုပ်ခဲ့ကြသော ဒြပ်ပစ္စည်းများအနေဖြင့် မှင်ကဲ့သို့၊သို့မဟုတ် ခြယ်သနိုင်သော အရည်အဖြစ်သို့ တည်ရှိခဲ့ပြီး ၄င်းတို့မှ နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင် ကြောင်းကို တွေ့ရှိခဲ့ရပါသည်။ လက်ရှိတွင် National Renewable Energy Laboratory အနေဖြင့် လက်ရှိတွင် Silicon ကိုအခြေခံထားသော Solar Ink ကို တီထွင်ထုတ်လုပ်နေကြပါသည်။

လက်ရှိတီထွင်လျက်ရှိသော Solar Paint နည်းပညာသည် လတ်တလောအသုံးပြုနေသည့် Photovoltaic Cells ထက် အကျိုးသက်မှုနည်းပါးသေးပေသည်။ သို့သော် ကုန်ကျစရိတ်အနေဖြင့် များစွာ သက်သာမှု ရှိပြီး ၄င်းတွင် အသုံးပြုမည့် ဒြပ်ပစ္စည်းများအနေဖြင့် သာမာန်အပူချိန်၌ပင် စွမ်းအင်ရရှိရန် စွမ်းဆောင်နိုင် လိမ့်မည်ဖြစ်သည်ဟု သီအိုရီအရ သိရှိရပါသည်။

Solar Paint နည်းပညာအား အောင်မြင်စွာတီထွင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြသော်လည်း ကံမကောင်းစွာဖြင့် ၄င်းနည်းပညာတွင် ကန့်သတ်ချက်များရှိနေသည်ဟု ပြောဆိုနေကြပေသည်။ Solar Paint အနေဖြင့် လျှပ်စစ်ထုတ်လုပ်မှု နည်းပါးနေသေးသည့်အတွက် လိုအပ်သော ပမာဏကိုရရှိရန်မှာ အသုံးချရမည့် ဧရိယာအနေဖြင့် ကြီးမားကျယ်ပြန့်ရန်လိုအပ်ပါသည်။ Solar Paint နည်းပညာတွင် Organic Solar Cell များကို အခြေခံပြုလုပ်ထားသည့် Coatings များအား Plastic Sheets များပေါ် တွင်တပ်ဆင်၍ အိမ်ခေါင်မိုးနေရာတွင် တပ်ဆင်အသုံးပြုရမည်ဖြစ်သော်လည်း နောင်တစ်ချိန်တွင်မူ အဆောက်အဦများနှင့် အိမ်ခေါင်မိုးများတွင်မူ ဆေးသုတ်သကဲ့သို့ တိုက်ရိုက်သုတ်လိမ်း၍ အသုံးပြုနိုင် မည်ဟု မျှော်မှန်းထားကြပါသည်။

မည်သို့ပင်ဆိုစေကာမူ မဖြစ်နိုင်သည်မှာ မရှိဟူသောစကားအတိုင်း ကန့်သတ်ချက်များစွာ ရှိနေသော် လည်း ကမ္ဘာကြီးပူနွေးလာမှုကို လျော့ချပေးနိုင်မည့်အပြင်၊ မိမိတို့၏ လျှပ်စစ်သုံးစွဲမှုအတွက် ငွေကြေး တစ်စုံတစ် ရာ ပေးဆောင်ရန်မလိုအပ်တော့မည့် Solar Paint နည်းပညာအား အောင်မြင်စွာ တိုးတက်ထုတ်လုပ် တီထွင် နိုင်ရန် ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်ရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

WorldWide(BMSTU)

Ref: New Inventor Solar Paint
Greenlivingpedia
http://www.energybiz.com
ref;TechSpace Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...