၁၂ တန်း ပညာရေးစနစ်ကြောင့် ပညာတော်သင်ဆု အခွင့်အလမ်းများ ပိုရလာမည် ဟုဆို

ရန်ကုန်− မြန်မာနိုင်ငံတွင် ၁၂ တန်းပညာရေး စနစ်ကို ကျင့်သုံး ခြင်းဖြင့် တက္ကသိုလ် ပထမနှစ် ကျောင်းသား များမှာ နိုင်ငံ တကာမှ ပေးအပ်သည့် ပညာတော် သင်ဆု အခွင့်အလမ်းများ ရရှိလာနိုင် ကြောင်း ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်နိုင်က ပြောသည်။

ယခုလက်ရှိ အသုံးပြုလျက် ရှိသည့် ၁၀ တန်းအထိသင်ကြား ပေးသည့် ပညာရေးစနစ်ကြောင့် တက္ကသိုလ် ပထမနှစ်သို့ တက် ရောက်သည့် ကျောင်းသားများ အနေဖြင့် နိုင်ငံတကာမှပေးအပ်သည့် ပညာတော်သင် ဆုရရန် ခက်ခဲနေပြီး ကျောင်းသားများ နစ်နာနေရကာ ပထမနှစ်ကျောင်း သားများအစား ဘွဲ့ရ ကျောင်းသား များကို အစားထိုးစေလွှတ်နေရ ခြင်းကြောင့် ၁၂ တန်းပညာရေးကို ကျင့်သုံးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘နိုင်ငံတကာတက္ကသိုလ်မှာ ပညာသင်ချင်တယ်ဆိုရင် အသက် (၁၈)နှစ် ပြည့်မှရမယ်။ ဥရောပ နိုင်ငံတွေက တက္ကသိုလ် တွေက ပညာတော်သင်ဆုကို ပထမနှစ် ကျောင်းသားတွေကို ပေးချင်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာ ၁၀ တန်းအောင်ဆိုရင် အသက်(၁၆)နှစ်ပဲရှိသေးတယ်။ ဒါကြောင့်လွှတ်လို့ မရဘူး’’ဟု ဒေါက်တာကျော်နိုင်ကပြောသည်။

နိုင်ငံတကာတက္ကသိုလ်များ တွင် တက္ကသိုလ်ကျောင်းသားများ လက်ခံသည့်အသက်အရွယ်ကို ကန့်သတ် ထားပြီး အသက် (၁၈) နှစ်ပြည့်မှသာလျှင် တက္ကသိုလ် တက်ရောက်ခွင့်ရရှိသည့်စည်း မျဉ်းကြောင့် မြန်မာနိုင်ငံမှ ပထမ နှစ်တက္ကသိုလ်ကျောင်းသားများ မှာ ပညာတော်သင်ဆုနှင့်လွဲချော် နေရ၍ ပထမနှစ် ကျောင်းသားများအတွက်ရည်ရွယ်ကာ ၁၂ တန်း အထိသင်ကြားမည့် ပညာရေးကို ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော အမျိုးသား ပညာရေးဥပဒေကြမ်းတွင်ပါဝင် သည့် ၁၂ တန်းပညာရေးစနစ်ကို ချက်ချင်းကျင့်သုံးရန်မလိုဘဲ ငါး နှစ်အတွင်း ပြင်ဆင်မှုများပြုလုပ်ပြီးမှသာ ကျင့်သုံး ရမည်ဖြစ် ကြောင်း အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ တွင်ပါဝင်သည့် ဦးဖြိုးဇေယျာ သော်ကလည်းပြောသည်။

အမျိုးသားပညာရေးဥပဒေ မူကြမ်းတွင် လက်ရှိကျင့်သုံးနေ သည့် ပညာရေးစနစ်အစား ၁၂ တန်း ပညာရေး ကို ကျင့်သုံးရန်ဖြစ် ပြီး တက္ကသိုလ်များကိုလည်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိမည့် တက္ကသိုလ်များ အဖြစ် တည်ထောင်ရန် ထည့်သွင်းရေးဆွဲထားသည်။

ကန့်ကွက်မှုများကြောင့် အဆင့်ဆင့် ပြင်ဆင်ရေးဆွဲခဲ့ရ သော အမျိုးသားပညာရေးဥပဒေ မူကြမ်းကို ဇူလိုင် ၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သော်လည်း နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုသဖြင့် ဥပဒေအဖြစ် ပြဋ္ဌာန်း နိုင်ခြင်းမရှိသေးပေ။


7 Day Daily,
No.473 Sunday, August 17, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...