ခေါင်းလောင်း ညာပုံတော်
ဦးစံလင်းနှင့် အပေါင်းပါ တစ်စုသည် အားလုံးကို လိမ်ညာနေ သည်လား။
မြန်မာပြည်သူ များသာမက နိုင်ငံတကာ ကပါ စိတ်ဝင် စားခဲ့သည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုသည် အချိန်တစ်လကျော် ကြာလာချိန်တွင် ယင်းသို့ မေးခွန်း ထုတ်စရာ အနေအထား ဖြစ်လာနေသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ရှိပြီဆိုသည်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းနေ့သည် မူလသတ်မှတ်ထားသည့် ရှာဖွေရေး အစီအစဉ်၏ နောက်ဆုံးရက် ဖြစ်သည်။
ခေါင်းလောင်း ရှာဖွေရေးများ စတင်မလုပ်ဆောင်မီ ကတည်းက အဆိုပါ နေ့ရက်အတွင်း တွေ့အောင် ရှာဖွေ မည်ဟု ကော့သောင်းဒေသခံ ဦးစံလင်းက ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။ သူ့အာမခံချက်အတိုင်း နောက်ဆုံး ရက် တွင် တွေ့ရှိခဲ့သည်ဟု ကြေညာခဲ့သည်။
သူ့စကားအတိုင်းပင် နတ်၊ နဂါးနှင့် ပရလောက အကူအညီများဖြင့် ရှာဖွေခဲ့သည်ဟု ဆိုသည်။ ယင်းနောက် ဆယ်ယူရေးအတွက် နောက်ထပ် ၁၇ ရက်ကို ထပ်တိုးကာ အချိန်ယူရဦးမည်ဟု ဆိုလာပြန်သည်။ ယခုဆိုလျှင် ထပ်တိုးသည့် နောက်ဆုံးရက်သို့ပင် ရောက်ရှိခဲ့ပြီ။
သို့သော် ... ။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို ကုန်းပေါ်သို့ ဆွဲတင်နေပြီဆိုသည့် သတင်းများက ပြည်သူလူထုထံသို့ ရောက် မလာခဲ့။ ပြည်သူပြည်သား များကတော့ ထိုသတင်းကိုပဲ စိတ်ဝင်တစား မျှော်တလင့်လင့် ဖြစ်ခဲ့ကြသည်။ ယင်းသတင်းအစား မရေရာသည့် တစ်ဆင့်စကား များကိုသာ ရရှိခဲ့သည်။
ယခုနောက်ဆုံး သတင်းများအရဆိုလျှင် အဆိုပါ ခေါင်းလောင်း တွေ့ရှိမှုသည် အလိမ်အညာ တစ်ခုအဖြစ် အသွင်ပြောင်းလာနေသည်။ ခေါင်းလောင်း ရှာဖွေရာတွင် ပါဝင်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ဒေသခံ ရေငုပ်သမား ထက်ဝက်မှာ နေရပ်ပြန်သွားခဲ့ပြီ ဖြစ်သည်။
၎င်းရေငုပ်သမားတို့ အဆိုအရ ရေအောက်တွင် သဲနုန်းများဖြင့် ပြည့်နေသည့် သင်္ဘောတစ်စင်းမှအပ ခေါင်းလောင်းနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မတွေ့ရှိရဟု ဆိုသည်။ သင်္ဘောပျက် အတွင်းတွင် နဂါးများရှိပြီး နဂါးကိုက်လိမ့်မည်ဟု ဦးစံလင်းက တားမြစ် ခြိမ်းခြောက်မှုကြောင့် ယင်းသင်္ဘောပျက် အတွင်းသို့ ရေငုပ်သမားများ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
“သင်္ဘောနဲ့ ပေ ၂၀ လောက်အကွာကိုပဲ နေ့တိုင်းရှာနေရတော့ ထူးခြားမှု မရှိဘူး။ တခြားနေရာ ပြောင်းရှာချင် တယ်။ ဦးစံလင်းက ခွင့်မပြုတော့ ဘယ်သူမှ မလုပ်ကြဘူး” ဟု ရေငုပ်သမားများအနက် ဝါအရင့်ဆုံးလည်းဖြစ်၊ ရေငုပ်အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သူ ဦးသန်းညွန့်က ဆိုသည်။ သင်္ဘောပျက်သည်ပင်လျှင် ကိုယ်တိုင် ရှာဖွေမှုကြောင့် တွေ့ရှိလာရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
“အခုတွေ့တဲ့ သင်္ဘောပျက်တောင် တစ်နေ့ ဦးစံလင်း အပါအဝင် အားလုံး အိပ်ပျော်နေတဲ့ အချိန်မှာ ဦးက ရေထဲ ဆင်းသွားတယ်။ အဲဒီမှာ သောင်တူး သင်္ဘောနဲ့ ၁၀ ပေလောက်ကွာတဲ့ နေရာမှာ သင်္ဘောလို့ ယူဆရတဲ့ အရာ တစ်ခု၊ သံခွံတစ်ခုကိုတွေ့တော့ ကွင်းတစ်ခုမှာ ကြိုးနဲ့ချည်း ထားခဲ့ပြီး ပြန်တက်လာတယ်” ယင်းက နေရပ်ပြန် ရေငုပ်သမားများ လေးဦးအနက် တစ်ဦးအပါအဝင် ဖြစ်သူ ထားဝယ်လူမျိုး ဦးသန်းညွန့်၏ ပြောဆိုမှုပင် ဖြစ်သည်။ ဦးသန်းညွန့်သည် ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေမှုများတွင် ၁၉၈၇ ခုနှစ်မှ စတင်ကာ လေးကြိမ် ပါဝင်ခဲ့ဖူးသည့် ဝါရင့် ရေငုပ်သမား ဖြစ်သည်။
ရှာဖွေရေး လုပ်ငန်းစဉ်အတွင်း ခေါင်းလောင်းကြီးနှင့် ပတ်သက်သည့် မည်သည့် ထူးခြားမှု တစ်စုံတစ်ရာကိုမျှ မတွေ့ခဲ့ရဟု ဆိုသည်။ ရေငုပ်သမားများ အနေနှင့်လည်း ဦးစံလင်း၏ ညွှန်ကြားချက်အတိုင်း လိုက်နာကြရပြီး ၎င်းတို့ကို အမြဲမပြတ် စောင့်ကြည့်နေကြောင်း ဦးသန်းညွန့်က ဆိုသည်။ ယင်းသင်္ဘောပျက်မှာ လက်နှင့် ထိရုံနှင့် သံပြားများ ကွာကျလောက်အောင်ပင် ဆွေးမြည့်နေပြီး နောက်ရက်များတွင် ဦးစံလင်းက ခွင့်မပြုတော့သဖြင့် အဆိုပါနေရာသို့ ထပ်မံသွားရောက် ရှာဖွေနိုင်ခြင်း မရှိတော့ဟု ဦးသန်းညွှန့်က ဆိုသည်။
ရေငုပ်အဖွဲ့ကို ဦးစံလင်းက အသွားအပြန် လမ်းစရိတ်သာ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သဖြင့် ရက်ရှည် ကြာလာ သည်တွင် မိသားစု စားဝတ်နေရေးကြောင့် ၎င်းတို့က နေရပ်ပြန်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရေငုပ်သမားများ နေရပ် ပြန်သွားခြင်းမှာ မဟုတ်မှန်ကြောင်း ခေါင်းလောင်း ရှာဖွေရေးအဖွဲ့၏ ပြန်ကြားရေး တာဝန်ခံဖြစ်သူ ဦးကြည်ဝင်း ကတော့ စက်တင်ဘာလ ၇ ရက်နေ့က ငြင်းဆိုခဲ့သည်။
“မုသာဝါဒ နည်းနည်းသုံးနေသလို ဖြစ်နေတယ်” ဟု ဦးသန်းညွန့်က ဆိုလေသည်။
အောင်မျိုးထက်၊ မိုးအိ၊ Dawei Watch
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

အမှန်တကယ်တော့ ယင်းရက်တွင် ရေငုပ် သမားလေးဦးမှာ ထားဝယ်၊ ကော့သောင်း ဒေသအသီးသီးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အဆိုပါ ရေငုပ်သမားများ၏ ပြောဆိုချက်ရဆိုလျှင် ဦးစံလင်းအဖွဲ့၏ ယခင် သတင်းထုတ်ပြန် ချက်များသည် အလိမ် အညာသာ ဖြစ်နေသည့်သဘော ဖြစ်နေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ရန် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဆက်သွယ် ခဲ့သော်လည်း ရှာဖွေရေး အဖွဲ့ခေါင်း ဆောင် ဦးစံလင်း အပါအဝင် ပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်း တို့မှာ ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိတော့။
ခေါင်းလောင်းကြီးကို ဆိုင်းကြိုးများဖြင့် ချည်နှောင်နေပြီ ဖြစ်ကြောင်း၊ ခေါင်းလောင်း ရှာဖွေမှုကို လာရောက် နှောင့်ယှက်မှုများ ရှိနေကြောင်း၊ ခေါင်းလောင်းကြီးကို အစိုးရ တာဝန်ရှိ သူများက စစ်ဆေးတော့မည် ဖြစ်ကြောင်း ကနဦးက ၎င်းးတို့ သတင်းထုတ်ပြန်ခဲ့ သေးသည်။ ယင်းချည်နှောင်ခဲ့သည် ဆိုသည့် ကြိုးမှာ အများဆုံးဖြစ်နိုင်လှ ဦးသန်းညွန့် ရှာဖွေ တွေ့ခဲ့သော သင်္ဘော ပျက်ကို ချည်ခဲ့သည့်ကြိုးသာ ဖြစ်နိုင်သည်။
“ကျွန်တော်တို့ကတော့ အခုထက်ထိ ဘာမှ မည်မည်ရရ မတွေ့ရသေးဘူး။ ခေါင်းလောင်းနဲ့တူတာ ဘာမှ မတွေ့ဘူး။ သင်္ဘောပျက်ပဲ တွေ့တယ်” ဟု ဦးသန်းညွန့်က ဆိုသည်။
သတင်းစာအသီးသီးတွင် မျက်နှာဖုံးတင် ရေးသားကြသော ဆလုံလူမျိုး ရေငုပ်သမားများဖြင့် ရှာဖွေနေသည် ဆိုသည့် အချက်မှာလည်း နောက်ဆုံး အလိမ်အညာသာ ဖြစ်သွားတော့သည်။
ဦးသန်းညွန့်၏ အဆိုအရ ၎င်းကိုယ်တိုင်မှာ ထားဝယ်ဒေသ၊ သရက်ချောင်းမြို့နယ်၊ ပဲရွာတွင် မွေးဖွားခဲ့သူ ထားဝယ် လူမျိုး ဖြစ်ပြီး အခြားခုနစ်ဦးမှာ ကော့သောင်း ဒေသခံများ ဖြစ်သည်။ “အဲဒါပြောတာပေါ့။ သူတို့ ပြောတာတွေက မှားနေတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေမှာ ရေးထားတာတွေကလည်း မမှန်ဘူး။ ဦးတို့ ရှစ်ယောက်စလုံးက ကော့သောင်းကလို့ ပြောလို့ရတယ်” ဟု ဦးသန်းညွန့်က ဆလုံလူမျိုးကိစ္စနှင့် ပတ်သက်၍ ရှင်းပြသည်။
ရေငုပ်သမား ရှစ်ဦးအနက် ဦးသန်းညွန့်၊ သူ၏သားဖြစ်သူ ကိုဇော်ဦး၊ ကော့သောင်းမြို့ ၁၅ မိုင်တွင် နေထိုင်သူ ကိုဝင်းသန်း၊ အိမ်ပြန်လမ်းတွင် ယောက္ခမ နေမကောင်းသဖြင့် ထားဝယ်တွင် နေခဲ့သူ ကိုကုလားတို့မှာ ခေါင်းလောင်း ရှာပုံတော် အစီအစဉ်မှ စွန့်ခွာလာခဲ့ပြီ ဖြစ်သည်။
ကိုကုလားကို ဆက်သွယ်သောအခါ သူတို့ ရေငုပ်ခေါင်းဆောင် ဦးသန်းညွန့် ဖြေဆိုခဲ့သည့် အတိုင်းပင် ပြောလိုပြီး ထပ်မပြောလိုတော့ကြောင်း တယ်လီဖုန်းမှတစ်ဆင့် ပြောဆိုသည်။ “အပြင်ကို ပြောခွင့်လည်း ပေးမထားဘူး” ဟု သူကဆိုသည်။
အခြား ရေငုပ်သမား တစ်ဦးဖြစ်သူ ကိုဇော်ဦးကလည်း ဦးစံလင်း၏ အလိုအရ တစ်နေရာတည်းတွင်သာ လှည့်ပတ် ရှာနေရပြီး ထူးမခြားနား ဖြစ်သဖြင့် ကြာလာသောအခါ စိတ်မပါ ဖြစ်လာကြောင်း ပြောဆိုသည်။ “အခုရှာတာ ကတော့ ခေါင်းလောင်းနဲ့ ပတ်သက်ပြီး ဘာအကြောင်းအရာမှ ထူးခြားမှု မတွေ့တာတော့ အမှန်ပါပဲ” ဟု သူက ထပ်ဆင့်အတည်ပြုသည်။
သတင်းထုတ်ပြန်မှု ပွင့်လင်းမြင်သာမှုမရှိ ဖြစ်နေသည့် အဆိုပါ ရှာဖွေနေမှုကို သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိ သူများ အနေနှင့် စုံစမ်းစစ်ဆေးမှုလည်း မရှိပေ။ ခွင့်ပြုခဲ့စဉ်ကလည်း သမိုင်းပညာရှင်၊ ရေကြောင်း ပညာရှင်များ၊ ဆယ်ယူရေးအတွက် အင်ဂျင်နီယာများ ပါဝင်ခြင်း မရှိသည်ကိုလည်း အစိုးရအဖွဲ့က မျက်ကွယ်ပြုခဲ့သည်။
“အစိုးရအနေနဲ့ ငါးဖမ်းရင်တောင် မင်းတို့ ကြိုက်သလို ဖမ်းဆိုပြီး ခွင့်ပြုလို့မှ မရတာ၊ ခေါင်းလောင်းဆယ်မယ် ဆိုရင်လည်း ဘယ်လိုဆယ်မယ်၊ ဘယ်လို အစီအစဉ်တွေ ရှိတယ်ဆိုတာကို စစ်ဆေးသင့်တာပေါ့” ဟု မွန်သမိုင်း သုတေသနအသင်း အတွင်းရေးမှူး ဦးနိုင်ရဲဇော်က ဝေဖန် ပြောဆိုသည်။
ဦးစံလင်း အဖွဲ့အနေနှင့် သတင်း တိကျစွာ ထုတ်ပြန်ခဲ့ခြင်း မရှိသည်ကို ထောက်ရှုကာ လိမ်ညာနေသည်ဟု သံသယ ဝင်စရာ ဖြစ်နေသည်။ ယခုအခါ မည်သည့် သတင်းမျှ ထုတ်ပြန်မှု မရှိခြင်းသည် ရှာဖွေရေး အစီအစဉ်ကို ရပ်ဆိုင်းရန်အတွက် အကြောင်းပြချက် တစ်ခုခု ရှာဖွေနေသည်လားလည်း စဉ်းစားစရာပင် ဖြစ်နေသည်။ “ခေါင်းလောင်းကြီး တွေ့ထားတာ အမှန်တကယ်ဆိုရင် သတင်း မထုတ်ပြန်ရဲစရာ ဘာမှမရှိဘူး။ အခုချိန်အထိ ကြိုးတွေ ဆိုင်းထားတယ် ပြောတယ်။ သူတို့ အဲဒီကြိုးကို ဆွဲမတင်ရဲဘူး။ အခုတော့ အချိန်ဆွဲနေတယ်” ဟု ဦးနိုင်ရဲဇော် က ဆိုသည်။ ခေါင်းလောင်း ရှာဖွေရေးအတွက် အလှူငွေ ကောက်ခံ ရရှိထားသည့် ငွေကြေးများ ကုန်ပြီဆိုသည့် အကြောင်းပြချက်ဖြင့် ရှာဖွေမှု လုပ်ငန်းစဉ်ကို ရပ်ဆိုင်းသွားနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။
ခေါင်းလောင်းကြီးကို ၁၉၈၇ ခုနှစ်မှ စတင်ကာ နှစ်နှစ်ဆယ်ကျော်အတွင်း အဖွဲ့အသီးသီးက ရှာဖွေခဲ့ကြသည်။ ယခင် ခေတ်အဆက်ဆက် ရှာဖွေခဲ့ကြသည့် အဖွဲ့များစွာသည်ပင် ငွေကြေး မလုံလောက်မှု၊ နည်းပညာ အားနည်းမှု တို့ကြောင့် ရပ်ဆိုင်း သွားခဲ့ကြခြင်း ဖြစ်သည်။
ရှာဖွေခဲ့သည့် အဖွဲ့တိုင်းပင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ရှိပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပြီး နောက်ဆုံးတွင် အဖျားရှူးသွားကာ အထက်ပါကဲ့သို့ အကြောင်း တစ်ခုမဟုတ် တစ်ခုဖြင့် ရပ်ဆိုင်းသွားကြောင်း အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းကြီးအရေး တစိုက်မတ်မတ် လေ့လာခဲ့သူ စာရေးဆရာ ချစ်စံဝင်းက ပြောဆိုသည်။ “အကုန်လုံးကတော့ တွေ့တယ် ပြောတာပဲ။ ပထမရှာခဲ့တဲ့ ဦးကြိုင်လည်း တွေ့တယ် ပြောတယ်၊ နောက် ဒေါ်ခင်အေးသိန်းတို့လည်း တွေ့တယ် ပြောတာပဲ။ အမေရိကန် ရေငုပ်သမားကလည်း တွေ့တယ် ပြောတာတယ်၊ ဒါပေမဲ့ ဘယ်သူမှ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့ဘူး” ဟု ဆိုသည်။
အကယ်၍ အကြောင်း တစ်ခုခုကြောင့် ရှာဖွေရေး ရပ်ဆိုင်းသွားခဲ့ပါက ယုံကြည် မျှော်လင့်ကာ လှူဒါန်းထားသည့် ကျပ်သိန်းပေါင်းများစွာမှာ ရေထဲသို့ ပစ်ချလိုက်ခြင်းပင် ဖြစ်သည်။ သိပ္ပံထက် ဂမ္ဘီရ ပိုအားကိုးသော ဦးစံလင်း ဆွဲခေါ်ရာနောက်သို့ ယုံကြည်မှု သက်သက်ဖြင့် သိန်းပေါင်းရာချီ ထည့်ဝင် လှူဒါန်းခဲ့သူပင် ပေါ်ပေါက်ခဲ့သည်။ ယင်းယုံကြည်မှုသည် လိမ်ညာမှုတစ်ခု ဖြစ်နေသည် ဆိုပါက မည်ကဲ့သို့ ဖြေရှင်းမည်နည်း။
“ဒီကိစ္စက တရားဥပဒေ ကိစ္စဆိုတော့ ဆရာလည်း နားမလည်ဘူး။ ဥပဒေ ပညာရှင်တွေကို မေးမြန်းတာ ပိုကောင်းပါတယ်” ဟု ဦးချစ်စံဝင်းက ပြောဆိုသည်။
ယခုတစ်ကြိမ် ရှာဖွေမှု မအောင်မြင်ပါက အဆိုပါ ခေါင်းလောင်းကြီးကို ထပ်မံ ရှာဖွေမည့်သူများက တန်းစီနေဆဲပင် ဖြစ်သည်။ နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်လည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဇေကမ္ဘာ ဦးခင်ရွှေနှင့် ကျိုက်ထီးဆောင်း ဆရာတော်တို့ကလည်း ရှာဖွေရန် စိုင်းပြင်းနေသည်။ မွန်လူမျိုး တို့ကလည်း အဆိုပါ ခေါင်းလောင်း ရှာဖွေရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ရှုမြင်ထားသည်။
သမိုင်း အထောက်အထား သေချာတိကျစွာ မကျန်ခဲ့သည့် ယင်းခေါင်းလောင်းကြီးကို ရှာဖွေဖို့ ဆိုသည်က မလွယ် ကူ။ ပညာရှင်များအကြား သဘောထား ကွဲလွဲမှု များကလည်း အမျိုးမျိုး ရှိနေသည်။ မြစ်သုံးဆိုင် နေရာတွင် ခေါင်းလောင်းကြီး ပြုတ်ကျခဲ့ခြင်းဟုတ် မဟုတ်၊ ပေါ်တူဂီလူမျိုး ဒီဘရစ်တို ဆိုသူက သန်လျင်မြို့သို့ သယ်ဆော ခဲ့ခြင်းရှိ မရှိ ဆိုသည်ထက် ခေါင်းလောင်းကြီး အမှန်တကယ် သွန်းလုပ်ခဲ့သည်လား ဆိုသည်ကပင် အငြင်းပွားနေ ဆဲ ဖြစ်သည်။
ယင်းအချက်များကို သေချာ စနစ်တကျ သုတေသန လုပ်ပြီးမှ ရှာဖွေသင့်ကြောင်း မွန်သမိုင်း သုတေသနအသင်းမှ အတွင်းရေးမှူး ဦးနိုင်ရဲဇော်က ဆိုသည်။

“ကျွန်တော်ကတော့ ပြောထားပြီးသား၊ ရေပေါ်ကို မဆွဲတင်နိုင်မချင်း မယုံဘူးလို့”
အသက် ၆၆ နှစ် ရှိပြီဖြစ်ပြီး ရေငုပ်သက် အနှစ် ၂၀ ကျော်ပြီဖြစ်သော ဦးသန်းညွန့်ကလည်း ခေါင်းလောင်း ဆယ်ယူရေးအပေါ် ယုံကြည်မှု အားနည်းနေပြီ ဖြစ်ကြောင်း ပြောဆိုသည်။ ၎င်းတို့ ရေငုပ်အဖွဲ့ မည်သည့်အရာမျှ ရှာမတွေ့ချိန် ခေါင်းလောင်း တွေ့နေပြီဟု ထုတ်ပြန်လိုက်ခြင်းကလည်း သူတို့အတွက် ဘဝင်မကျစရာ ဖြစ်နေသည်။