ဖုန်းအဓိက ၀ါဒီတို့ ကြီးစိုးရာ ယနေ့ကမ္ဘာ
စာဖတ်သူဟာ ဖုန်းအဓိက ၀ါဒီလား။ စာဖတ်သူ၏ ချစ်သူ၊ ခင်ပွန်း/ဇနီးသည်ကရော ဖုန်းအဓိက ၀ါဒီလား။ အမှန်အတိုင်းသာ ဖြေကြကြေးဆိုလျှင် ယနေ့ဖုန်း ကိုင်နေသော လူသား အများစုကြီးကား ဖုန်းအဓိက ၀ါဒီများဟု အဖြေထွက် လာလိမ့်မည်။
ကိုယ့်အတွက် ဦးစားအပေးရဆုံး၊ အချိန်အပေးရဆုံး အရာကို ပြောပါဟုဆိုလျှင် ဖုန်းဟု ရဲရဲဖြေမည့်သူနှင့် မရဲတရဲ ကျိတ်ပြီး ဖြေမည့်သူတို့က အများစုကြီး ဖြစ်လိမ့်မည်။ ဖုန်းကိုင်နေသော်လည်း ဖုန်း၏လွှမ်းမိုးမှုကို မခံဘဲဖုန်းကို နိုင်နင်းစွာ အသုံးချနိုင်သူက အနည်းစုသာ ရှိလိမ့်မည်။
ဖုန်းအဓိက ၀ါဒီများ၏ အထင်ရှားဆုံး လက္ခဏာမှာ လူကြားသူကြား မိတ်ဆွေများနှင့် စကားပြောနေချိန်မျိုးမှာပင် ဖုန်းထုတ်ကြည့်ဖို့ ၀န်မလေးခြင်း ဖြစ်သည်။ ထိုသို့ တစ်ဖက်သားကို အလေးမထားဘဲ ဖုန်းထုတ် ကလိခြင်းသည် မိတ်ဆွေ သူငယ်ချင်း ဆက်ဆံရေး၊ အလုပ်ခွင်တွင်း ဆက်ဆံရေးမှသည် ချစ်သူချင်း ဆက်ဆံရေး၊ လင်မယားချင်း ဆက်ဆံရေးကိုပါ ကြီးစွာထိခိုက် စေလျက်ရှိကြောင်း Computers in Human Behaviour ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှု စစ်တမ်း တစ်ရပ်ကလည်း ဆိုလိုက်သည်။
ချစ်သူချင်း၊ လင်မယားချင်း စကားပြောဆိုနေချိန်တွင် တစ်ယောက်ယောက်က ဖုန်းကောက်ကိုင်ပြီး ကြည့်နေခြင်း၊ ဖေ့စ်ဘွတ်ခ် သုံးနေခြင်းသည် ကျန်တစ်ယောက်၏ စိတ်တွင် ဟာတာတာ ဖြစ်စေသော အပြုအမူဖြစ်သည်။ ထိုသို့ ဟာတာတာ ဖြစ်ပါများလာလျှင် နှစ်ဦးကြား ဆက်ဆံရေးကို အားမရ မကျေနပ်စိတ် ကြီးထွားလာပြီး ခွာပြဲသည့်အဆင့်သို့ အရောက်မြန်စေကြောင်းလည်း လေ့လာမှု စစ်တမ်းပေါင်းများစွာက တွေ့ရှိထားပြီး ဖြစ်သည်။ ယနေ့ ဖုန်းကမ္ဘာတွင် ထိုသို့ဖုန်းကလိသူက ချစ်သူစုံတွဲ၊ လင်မယားများထဲတွင် တစ်ယောက်တည်း မဟုတ်ဘဲ နှစ်ယောက်စလုံးက ကလိနေခြင်းမျိုးဖြစ်ရာ ပြဿနာမီးပွားသည် အရှိန်နှစ်ဆ ပိုပြင်းလျက် ရှိတော့သည်။ စာဖတ်သူ အနေဖြင့်လည်း ကိုယ်တိုင် စမ်းသပ်ကြည့်နိုင်သည်။ မိမိချစ်သူ သို့မဟုတ် ဇနီး၊ ခင်ပွန်းနှင့် စကား ပြောနေစဉ် တစ်ဖက်သားက ဖုန်းကောက် ကလိနေလျှင် ကိုယ့်စိတ်မှာ ဟာတာတာ ဖြစ်သွားရတာကို သတိထားကြည့်လျှင် သိနိုင်သည်။
ဖုန်းအဓိက၀ါဒီ အပေါင်းအသင်းများနဲ့ချည်း တိုးနေရသူမျိုးသည် သနားစရာ သတ္တ၀ါတစ်မျိုး ဖြစ်၏။ သူ့စိတ်သည် မကြာမကြာ ဟာတာတာ ဖြစ်နေရသဖြင့် ကြာလာသည်နှင့်အမျှ စိတ်ဟာဒဏ်သည် စိတ်ဒဏ်ရာအဖြစ်သို့ ကူးကာ စိတ်ကျဝေဒနာ ခံစားရရှာတော့သည်။
ချစ်သူချင်း၊ လင်မယားချင်း သာမက မိတ်ဆွေ အပေါင်းအသင်း၊ အလုပ်ခွင်အတွင်း ဆက်ဆံရေးပါမကျန် ဆက်ဆံရေး မှန်သမျှသည် လူလူချင်း အပြန်အလှန် ဆက်ဆံရေးလမ်းကြောင်း ဖြောင့်ဖြူးနေမှ သာယာ ချောမွေ့စမြဲ ဖြစ်သည်။ ယနေ့ လူသားတို့သည် လူလူချင်း ဆက်ဆံရေး လမ်းကြောင်းများကို ဖုန်းဟူသော လက်နက်ဖြင့် ဖျက်ဆီးနေကြ၏။ ဖုန်းဟူသော အမိုးအကာအောက်တွင် တစ်ယောက်တည်း ခိုလှုံနေကြ၏။ ဖုန်းအဓိက ၀ါဒီများနဲ့ စကားဝိုင်း ထိုင်မိလျှင် ဖုန်းမှာ ဘာပဲပေါ်လာလာ မျက်နှာချင်းဆိုင် စကားပြောနေသူ ထက်တော့ အရေးကြီးသည်။ ဒါကြောင့် ကောက်ကိုင်ကြည့်မှ ဖြစ်မည်ဟူသော အဓိပ္ပာယ်က မပြောဘဲနှင့် နားလည် ခံစားနေရသည်။ ဖုန်းကနေ သူငယ်ချင်းရှာ၊ ဖုန်းကနေပဲ လမ်းခွဲလိုက်ကြသည်။ မျက်နှာချင်းဆိုင် ဆက်ဆံရေး၏ စိန်ခေါ်မှုမျိုးကို ရင်မဆိုင်ချင်တော့။ ဖုန်းဆီမှာသာ ကွန်းခိုရာ ရှာမိနေတော့သည်။
ဖုန်းအဓိက၀ါဒီ အလုပ်ရှင်များ၊ မန်နေဂျာများသည်လည်း မိမိတို့ အလုပ်ကို နစ်မွန်းသထက် နစ်မွန်းအောင် လုပ်သူများဟု လေ့လာမှု စစ်တမ်းများက ဆိုထားသည်။
လုပ်ငန်းကိစ္စ ပြောနေတုန်းမှာတောင် အလုပ်ရှင်က ကျွန်တော်တို့ကို သေချာဂရုစိုက် မပြောဘူး။ ဖုန်းပဲ တတို့တို့လုပ်ရင်း ပြောချင်တာ ပြောနေတယ်။
ကျုပ်တို့ မန်နေဂျာကြီးလည်း အလုပ်ကိစ္စ ပြောနေတုန်း တန်းလန်းကြီး ဖုန်းဝင်လာလို့ ကောက်ကိုင်ပြီး ပျောက်သွား လိုက်တာ ကျန်တဲ့လူတွေ ငုတ်တုတ် ထိုင်စောင့်လိုက်ရတယ် ဟူသော ၀န်ထမ်းများ၏ စကားများသည် ဖုန်းအဓိက ၀ါဒီတို့ကြောင့် လုပ်ငန်းခွင်အတွင်း စည်းချက်ညီမှု ပျက်စီးနေရသည့် ပြယုဂ်များ ဖြစ်၏။
အမေရိကန် ကုမ္ပဏီဝန်ထမ်း (၂၀၀) ကို သဘောထား စစ်တမ်း ကောက်ကြည့်ရာ ဖုန်းချည်း ကလိနေပြီး ၀န်ထမ်းများနဲ့ စကားဖြောင့်ဖြောင့်တောင် မပြောနိုင်သော မန်နေဂျာမျိုးကို စိတ်အကုန်ဆုံး၊ မယုံကြည်ဆုံးဟု ဆိုကြသည်။ မန်နေဂျာအပေါ် စိတ်ပျက်နေသော ၀န်ထမ်းများသည် အလုပ်နှင့် ပတ်သက်ပြီးလည်း အားအပြည့် စိုက်ထုတ်ချင်စိတ် မရှိတော့သဖြင့် လုပ်ငန်းသည် မသိမသာနှင့် နစ်မွန်းရတော့သည်။
ဖုန်းနဲ့ အချိန်ကုန်နေတတ်သည့် မန်နေဂျာမျိုး၊ စကားပြောနေတုန်းမှာတောင် ဖုန်းကလိရင်း စိတ်မပါသလို နားထောင်နေသော မန်နေဂျာမျိုးထံတွင် လုပ်ရသော ၀န်ထမ်းများသည် စိတ်ဟာခြင်း ဒဏ်ကြောင့် ထိုအဖွဲ့အစည်း တိုးတက်ရေး လုပ်ပေးချင်စိတ်လည်း လျော့ကျသလို၊ အဖွဲ့အစည်းအတွက် ဂုဏ်ယူသော စိတ်မျိုးလည်း ပွန်းပဲ့ရကြောင်း လုပ်ငန်းခွင် စိတ်ပညာလေ့လာမှု စစ်တမ်းများကလည်း ဖော်ပြထားသည်။
ဖုန်းအဓိက၀ါဒီ အလုပ်ရှင်များ၊ မန်နေဂျာများ လက်အောက်မှာ လုပ်နေရသော ၀န်ထမ်းများသည် ကိုယ့်အလုပ် စွမ်းဆောင်ရည်ကို ကိုယ်တိုင် အကဲဖြတ် အမှတ်ပေးရာတွင်လည်း ခပ်နိမ့်နိမ့်သာ ပေးတတ်ကြကြောင်း တွေ့ရသည်။ ဖုန်းကို ဒုတိယ အဆင့်သာ ထားပြီး ၀န်ထမ်းများကို ပထမအဆင့်ထားသော အလုပ်ရှင်မျိုး၊ မန်နေဂျာမျိုး လက်အောက်တွင် လုပ်ရသူများမှာ ကိုယ့်စွမ်းဆောင်ရည်ကိုယ် အကဲဖြတ်စေသည့်အခါ အမှတ်မြင့်မြင့် ပေးတတ်ကြကြောင်း တွေ့ရသည်။
သဘောတရားက ရှင်းသည်။ လူသည် မိမိကို ဂရုစိုက်သူကိုသာ ပြန်ဂရုစိုက်လိုသည်။ မျက်နှာချင်းဆိုင် စကားပြော နေပါလျက် ဖုန်းထုတ် ကလိနေသူ၊ ဖုန်းဝင်လာတိုင်း ကောက်ကိုင်ကာ ဖုန်းပြောနေသူမျိုးသည် တစ်ဖက်သားကို ဂရုမစိုက်၊ အလေးမထားသူသာ ဖြစ်၏။ ထိုသူမျိုးကို တစ်ဖက်သားက ပြန်ပြီးဂရုစိုက် ချစ်ခင်နေဖို့ မလွယ်။ ယနေ့ လူမှုအဖွဲ့အစည်း၏ အခြေခံသည် လူလူချင်း တကယ် ထိတွေ့ဆက်ဆံမှု နှောင်ကြိုးများဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်၏။ ဖုန်းပေါ်မှ ဆက်ဆံရေးများသည် အပေါ်ယံ ပင့်ကူမျှင် ဖွဲ့တည်မှုမျိုးသာ ဖြစ်၏။ ထိုပင့်ကူမျှင် ဖွဲ့တည်မှုမျိုးသည် လူ့အဖွဲ့အစည်း တည်မြဲရေးအတွက် တကယ်တမ်း ထိန်းသိမ်း ပေးထားနိုင်သည့် အင်အားမျိုးမရှိ။ သို့ဖြစ်ရာ အဓိကအခြေခံ လူလူချင်း ဆက်ဆံရေးနှင့် အပေါ်ယံ ပင့်ကူမျှင် ဆက်ဆံရေးကို ခွဲခြားတတ်မှ အရည်အသွေးပြည့် လူမှုဘ၀ တည်ဆောက်နိုင်ကြမည်။
အိပ်ခန်းထဲပဲ ဖြစ်ဖြစ်၊ အလုပ်ခန်းထဲပဲ ဖြစ်ဖြစ် ဖုန်းအသုံးပြုမှု လျှော့ကြဖို့တော့ လိုမည်။ ယနေ့လူသား အများစုကြီးကား လိုတာထက်ပိုပြီး ဖုန်းစွဲနေကြသည်။ စမတ်ဖုန်းများသည် ခိုင်းတတ်လျှင် လွန်စွာအကျိုးရှိသော ပစ္စည်းများ ဖြစ်၏။ ထိုအချက်ကို သံသယ ဖြစ်စရာမလို။ နည်းပညာ တိုးတက်မှုကို တားဆီးရန် အကြောင်းမရှိ။ သို့သော် စမတ်ဖုန်းများသည် လူကိုကူညီသလို၊ လူကိုအကျဉ်းကျအောင်လည်း လုပ်တတ်၏။ ဖုန်းကိုင်သူ အများစုကြီးသည် စမတ်ဖုန်း အကျဉ်းသားများ ဖြစ်နေကြသည် မဟုတ်လား။
သို့သော် စမတ်ဖုန်းများတွင် အပြစ်မရှိ။ သုံးသူ၏ ခံယူချက်နှင့် ရပ်တည်ချက် အပေါ်သာ မူတည်သည်။ စမတ်ဖုန်း၏ ကျေးကျွန် ဖြစ်နေရသော လူများစုကြီးထဲ စိမ့်ဝင်မည်လား၊ စမတ်ဖုန်းကို ကျွန်ပြု ခိုင်းစေနိုင်သော လူနည်းစုဘက်သို့ စိမ့်ဝင်မည်လား တစ်ခုတော့ ရွေးကြရလိမ့်မည်။
Ref: Opinion: Smartphones wreak havoc on relationships (CNN)
http://www.messengernewsjournal.com/news/Article/detail.php?id=46522
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
- (အရှေ့သို့) မျက်ခုံးတွေ ဘာလို့ လှုပ်နေတာလဲ၊ မျက်ကွင်းတွေ ဘာလို့ ညိုနေတာလဲနဲ့ အခြား သိချင်စရာလေးများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Very little makes it more valuable...
- (အနောကျသို့) ကလေးများကို အမှန်တကယ် ရင်ဖွင့်အောင် ပြုလုပ်နည်းများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Very little makes it more valuable...