သွေးလွန်တုပ်ကွေး ရောဂါနှိမ်နင်းမည့် ခြင်လိမ္မာများ ဘရာဇီးဖြန့်ဖြူး

ရီယိုဒီဂျနေရိုမြို့ရှိ ဘရာဇီး သုတေသီ များသည် သွေးလွန် တုပ်ကွေး ရောဂါပိုးကို နှိမ် နင်းနိုင်သည့် ဘက်တီးရီးယားပိုး တစ်မျိုး ပါဝင်သော ခြင်များကို ဖြန့်ဖြူး လျက် ရှိကြောင်း သိရသည်။

အဆိုပါခြင်များက သားပေါက်၍ ခြင်အရေအတွက် တိုးပွား လာရာမှ သွေးလွန်တုပ်ကွေး သယ်ဆောင် သည့်ခြင်များ လျော့ပါးကာ သွေးလွန်တုပ်ကွေး ရောဂါ လည်း ပျောက်ကွယ် သွားမည်ဟု သုတေသီများက မျှော်လင့်ထားသည်။

အဆိုပါ စီမံကိန်းကို သြစတြေးလျ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း စမ်းသပ်လုပ်ကိုင်လျက်ရှိသည်။ ယင်းခြင်များတွင် ပါဝင်သည့် Wolbachia အမည်ရှိ ဘက်တီးရီးယားပိုးသည် အခြားသော ဘက်တီးရီးယား ပိုးများကိုသာ ကူးစက်နိုင်ပြီး လူသားများသို့ ကူးစက်နိုင်ခြင်းမရှိဟု သိရသည်။ Wolbachia ကို ၂၀၀၈ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံ မိုနာရှ်တက္ကသိုလ်တွင်စတင်၍ သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အရောက်တွင် Wolbachia ဘက်တီးရီးယားပါဝင်သည့် ခြင်ဖြန့်ဖြူးရေးစီမံကိန်းကြီး စတင်ခဲ့ခြင်းဖြစ်သည်။

လက်တွေ့ဖြန့်ဖြူးခြင်းမပြုမီ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်ကြား ငါးနှစ်တာလုံးလုံး သုတေသီများသည် မိမိတို့၏ လက်များတွင် အဆိုပါခြင်များကို ကိုက်ခဲစေ၍ လူသားများကို ကူးစက်နိုင်ခြင်း ရှိမရှိ လက်တွေ့စမ်းသပ်ခဲ့ကြ သည်ဟု ဆိုသည်။ Wolbachia များကို အင်းဆက်ပိုးမွှား ၆၀ ရာခိုင်နှုန်းတွင် တွေ့ရှိရပြီး ယင်းက သွေးလွန် တုပ်ကွေးဖြစ်စေသည့် အီးဒိစ်ခြင်ကျားများအတွက် ထိုးဆေးသဖွယ်ဖြစ်လာကာ အဆိုပါခြင်များရှိ သွေးလွန် တုပ်ကွေး ပိုးများ ပျံ့ပွားမှုကို ရပ်တန့်စေနိုင်မည်ဖြစ်သည်။

ဘရာဇီးတွင် ပထမဆုံးစမ်းသပ်မှုအနေဖြင့် ရီယိုဒီဂျနေရိုမြို့၏မြောက်ဘက် တူဘီယာကန်ဂါမြို့နယ်၌ တစ်လလျှင် Wolbachia ပါဝင်သော ခြင်အကောင်ရေ ၁၀၀၀၀ နှုန်းဖြင့် လေးလဖြန့်ဖြူးသွားမည်ဟု သိရသည်။

Wolbachia ပါဝင်သော ခြင်ထီးများနှင့် ပုံမှန်ခြင်မများ မျိုးစပ်ပါက ခြင်မ၏ဥများက သားလောင်းများ ဖြစ်လာနိုင် တော့မည် မဟုတ်ပေ။ အကယ်၍ ခြင်ထီးနှင့်ခြင်မ နှစ်ကောင်လုံးတွင် Wolbachia ပါရှိနေမည် သို့မဟုတ် ခြင်မတွင် Wolbachia ပါရှိနေမည်ဆိုပါက နောက်ပိုင်းပေါက်ဖွား လာသည့် ခြင်များအနေဖြင့် Wolbachia ဘက်တီးရီးယားကိုသာ သယ်ဆောင် ကြမည်ဟု သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ဘရာဇီးတွင် နှစ်ပေါင်း ၂၀ ကြာ ပျောက်ကွယ် နေရာမှ ၁၉၈၁ ခုနှစ်တွင် ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယင်းမှ နှစ်ပေါင်း ၃၀ အကြာ မျက်မှောက်ခေတ်တွင် ဘရာဇီး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ခုနစ်သန်းရှိကြောင်း အစီရင်ခံစာများအရ သိရသည်။

ဘရာဇီးသည် ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ် အကြား သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးသူ ၈၀၀ ရှိကြောင်း သိရသည်။


Ref:BBC
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...