You cannot please everyone...

တစ်ခါက အထည်ရောင်းတဲ့ သားအဖနှစ်ယောက် ရှိတယ်။ အထည်တွေကို မြည်းပေါ်တင် တစ်ရွာဝင် တစ်ရွာထွက် လိုက်လံရောင်းချကြတယ်။

တစ်နေ့ အထည်အားလုံး ရောင်းကုန်သွားလို့ သားအဖနှစ်ယောက် မြည်းကိုဆွဲပြီး ပျော်ရွှင်စွာနဲ့ အိမ်ပြန်လာကြတယ်။ သူတို့အားလုံး အရမ်းပင်ပန်းနေကြပြီ။ အိမ်ကလည်း အလှမ်းဝေးသေးတော့ ဖြေးဖြေးမှန်မှန်ပဲ လျှောက်လာခဲ့ကြတယ်။

လမ်းမှာ လူနှစ်ယောက်က သားအဖနှစ်ယောက် ပင်ပန်းနေတာကိုကြည့်ပြီး "ဟိုမှာကြည့်စမ်း...သူတို့ အရမ်းပင်ပန်းနေကြပြီ...မြည်းတစ်ကောင်လုံး ပါနေတာ ဘာဖြစ်လို့ မစီးကြတာလဲ မသိဘူး... လမ်းလျှောက်ပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာနေကြတယ်..." ဆိုပြီး သူတို့အချင်းချင်း ပြောလိုက်တယ်။

လူနှစ်ယောက် ပြောနေကြတာကို သားအဖ ကြားသွားတယ်။ ဒါနဲ့ သားဖြစ်သူက သူ့အဖေကို မြည်းပေါ်စီးလိုက်ဖို့ ပြောလိုက်တယ်။

မိနစ်အနည်းငယ် သွားပြီးတဲ့နောက် လမ်းပေါ်က လူတစ်ယောက်က မြည်းပေါ်စီးပြီး လိုက်လာတဲ့သူကို "ဟေ့ ကလေးကိုလည်းကြည့်ဦး... သူ အရမ်းပင်ပန်းနေပြီ... ခင်ဗျားက ဘာဖြစ်လို့ မြည်းပေါ်က လိုက်နေရတာလဲ?... သူ့ကို ပေးစီးပြီး ခင်ဗျားက လမ်းလျှောက်ပါလား?..." လို့ အော်ပြောလိုက်တယ်။

အဖေဖြစ်သူလည်း မြည်းပေါ်ကဆင်းပြီး သားကို တက်စီးခိုင်းလိုက်တယ်။ ခရီးဆက်ပြီးခဏအကြာမှာပဲ လူစိမ်းတစ်ယောက်က မြည်းပေါ်လိုက်လာတဲ့ လူငယ်ကို "ဟေး မင်းက အသက်ငယ်သေးတာပဲ ဘာဖြစ်လို့ လမ်းမလျှောက်တာလဲ?... လူကြီးကို လမ်းလျှောက်ခိုင်းထားတယ် ဟုတ်လား?... အခုမြည်းပေါ်ကနေ ဆင်းစမ်း..." ဆိုပြီး အော်ပြောလိုက်တယ်။

သားအဖနှစ်ယောက်လည်း စိတ်ရှုပ်ထွေးသွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ အဲဒီနောက် နှစ်ယောက်စလုံး မြည်းပေါ်က စီးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

မြည်းကလည်း လူနှစ်ယောက်ရဲ့ဝန်ကို မနိုင်မနင်း သယ်နေရပြီ။

ဒီအခြေအနေကို နောက်ထပ် လူစိမ်းတစ်ယောက်က မြင်တွေ့လိုက်ပြီး ကပျာကယာ ပြေးလာတယ်။ အဲဒီနောက် မြည်းပေါ်က သားအဖနှစ်ယောက်ကို "ခင်ဗျားတို့ ရှုးနေကြသလား?... မြည်းက ခင်ဗျားတို့နှစ်ယောက်ဝန်ကို ဘယ်လိုလုပ်ပြီး နိုင်မှာလဲဗျ... လမ်းလျှောက်မရဘူးလား... ဘာဖြစ်လို့ တိရစ္ဆာန်တွေကို ညှင်းပန်းနေရတာလဲ?..." ဆိုပြီး အော်ပြောလိုက်တယ်။
သားအဖနှစ်ယောက်လည်း ကြက်သေ သေသွားတယ်။ ပြောစရာစကား မရှိဖြစ်သွားတယ်။

သင်ခန်းစာကတော့....

လောကမှာ လူအမျိုးမျိုး စိတ်အဖုံဖုံပါ။ လူတိုင်လူတိုင်းကို သူတို့ စိတ်ကျေနပ်အောင် လိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတိုင်းလူတိုင်းမှာ အမြင်အမျိုးမျိုး၊ ရှုထောင့်အဖုံဖုံ ရှိနေကြပါတယ်။ ဒါကြောင့် သူတို့ပြောသမျှတွေကို လိုက်လုပ်ပြီး စိတ်ကျေနပ်မှု ပေးဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါလိမ့်မယ်။

တစ်ခါတစ်လေမှာလည်း ပတ်ဝန်းကျင်ကို ဂရုစိုက်မနေဘဲ မိမိရဲ့ စိတ်စေရာအတိုင်းသာ သွားပြီး... နှလုံးသား ခေါ်ရာနောက်ကိုပဲ လိုက်သင့်ပါတယ်.......။


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...