HIV ကူးစက်မှု လျော့ကျလာကြောင်း ကုလသမဂ္ဂပြောကြား
ကမ္ဘာတစ်ဝန်းတွင် HIV ကူးစက်မှုနှုန်းမှာ ၂၀၀၁ ခုနှစ်ကထက် သုံးပုံတစ်ပုံ လျော့ကျသွားကြောင်း အဓိကအားဖြင့် ကလေးငယ်များတွင် ထက်ဝက်ကျော် လျော့ကျသွားကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ ကမ္ဘာ တစ်ဝန်းတွင် ယမန်နှစ် စာရင်းများအရ AIDS ရောဂါဖြစ်ပွားသူ ၂.၃ သန်းရှိခဲ့ရာ ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၃ ရာခိုင်နှုန်း လျော့ကျ သွားခြင်းဖြစ်သည်။ ယမန်နှစ်က ကလေးငယ် ၂၆၀,၀၀၀ မှာ AIDS ကူးစက်ခံခဲ့ရပြီး ထိုအရေအတွက်မှာ ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက
သုံးပုံတစ်ပုံ လျော့နည်းသွားခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၂ ရာခိုင်နှုန်း လျော့ကျသွားခြင်းဖြစ်ကြောင်း သိရသည်။
HIV ပိုး ကူးစက်မှု အရေအတွက်မှာ ဆက်လက် လျော့နည်းသွားပြီး အထူးသဖြင့် ကလေးငယ်များတွင် HIV ပိုး ကူးစက်ခံရမှုမှာ သိသာစွာလျော့နည်းသွားကြောင်း UNAIDS ၏ အမှုဆောင် ဒါရိုက်တာ မိုက်ကယ် ဆစ်ဒီဘီက ပြောကြားသည်။ HIV ပိုး မိခင်မှ သန္ဓေသားသို့ ကူးစက်မှုကို ကာကွယ်နိုင်သည့် ART (Antiretroviral drugs) ဆေးများ ကမ္ဘာတစ်ဝန်း ဖြန့်ဖြူးပေးနိုင်ခဲ့မှု အပေါ် ၎င်းက ဂုဏ်ပြုလိုက်သည်။ ကုလသမဂ္ဂ အနေဖြင့် ကလေးငယ်များ HIV ပိုး ကူးစက်ခံရမှုကို လာမည့် ၂ နှစ်အတွင်း ၉၀ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ဖွယ် ရှိကြောင်းလည်း ဆစ်ဒီဘီက ပြောကြားသည်။ ကုလသမဂ္ဂက ထုတ်ပြသည့် အစီရင်ခံစာတွင် မိခင်မှ သန္ဓေသားသို့ HIV ပိုး ကူးစက်မှုကို ကာကွယ်သည့် ART ဆေးများက ကလေးငယ် ၆၇၀,၀၀၀ ကျော်တွင် HIV ကူးစက်ခံရမည်ကို ကာကွယ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
ကုလသမဂ္ဂ အစီရင်ခံစာအရ အာဖရိကဒေသများတွင် HIV ပိုး ကူးစက်မှုလျော့ကျစေရန် အထူးအလေးထား ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ ယမန်နှစ်က ဂါနာနိုင်ငံတွင် HIV ပိုး သယ်ဆောင်ထားသည့် မိခင်လောင်း ၉၀ ရာခိုင်နှုန်းမှာ ART ဆေးများ ရရှိခဲ့သည်။ ထိုသို့ ARTများ ပိုမို ဖြန့်ဖြူးပေးလာနိုင်ခြင်းကြောင့် ဂါနာတွင် HIV ပိုးရှိသူ မိခင်မှ သန္ဓေသားထံ ကူးစက်မှုကို ၂၀၀၉ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ယမန်နှစ်က ၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း UNAIDS က ပြောကြားသည်။ လွန်ခဲ့သည့် ၃ နှစ်ကမူ ထိုသို့သော မိခင်လောင်းများ၏ ၃၂ ရာခိုင်နှုန်းသာ ART ဆေးများရရှိခဲ့ခြင်းဖြစ်သည်။
HIV ပိုး ကူးစက်မှုကို ကာကွယ်နိုင်သည့် ART ဆေးများ ပိုမိုရရှိလာနိုင်မှုကြောင့် AIDS ရောဂါနှင့် ဆက်နွယ်သည့် သေဆုံးမှုများကို ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။ AIDS ကြောင့် သေဆုံးသူအရေ အတွက်မှာ ၂၀၀၅ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ HIV ကူးစက်မှုကို ဟန့်တားနိုင်သည့် ART ဆေးမှာ AIDS ရောဂါကို ကုသနိုင်ခြင်း မရှိသော်လည်း အဆိုပါရောဂါ ဖြစ်ပွားမှုနှုန်းကို သိသာစွာ ကျဆင်းစေခဲ့သည်။ AIDS ရောဂါကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ အရေအတွက်မှာ ယမန်နှစ်က ၁.၆ သန်းရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁.၈ သန်းဖြစ်သည်။ ၂၀၀၅ ခုနှစ်ကမူ ထိုရောဂါကြောင့် သေဆုံးသူ ၂.၃ သန်းရှိပြီး အများဆုံး အရေအတွက် ဖြစ်ခဲ့သည်။
ကုလသမဂ္ဂ အစီရင်ခံစာအရ HIV ကူးစက်မှု များပြားသော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၉.၇ သန်းမှာ ယမန်နှစ်အတွင်းက ART ဆေးများ ရရှိခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ်ကမူ အဆိုပါနိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၁.၃ သန်းကိုသာ ART ဆေး ဖြန့်ဖြူးပေးနိုင် ခဲ့သည်။ ကုလသမဂ္ဂသည် ၂၀၁၅ ခုနှစ်တွင် HIV ပိုး သယ်ဆောင်ထားသူ ၁၅ သန်းကို ART ဆေးများ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိ စာရင်းဇယားများအရ ART ဆေး လိုအပ်သူ ၂၈.၃ သန်း၏ ၃၄ ရာခိုနှုန်းကို အဆိုပါဆေးများ ပေးဝေနိုင်ပြီဖြစ်ကြောင် သိရသည်။ ကုလသမဂ္ဂသည် HIV, AIDS တိုက်ဖျက်ရေးအတွက် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂ ဘီလျံမှ ၂၄ ဘီလျံအထိ သုံးစွဲသွားရန် ရည်မှန်းထားသည်။
Planet - HIV ကူးစက်မှု လျော့ကျလာကြောင်း ကုလသမဂ္ဂပြောကြား
ART ဆေးဝါးများ စဉ်ဆက်မပြတ် ရရှိရေးနှင့် ခွဲခြားနှိမ့်ချ ဆက်ဆံမှုများ မရှိစေရေး ဆောင်ရွက်ပေးရန် လွှတ်တော် ကိုယ်စားလှယ်များအား HIV ဝေဒနာရှင်များ တောင်းဆို
အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များအတွက် ART ဆေးဝါးများ စဉ်ဆက်မပြတ် ရရှိနိုင်ရေး၊ ခွဲခြား နှိမ်ချ ဆက်ဆံမှုများ မရှိစေရေးနှင့် အရည်အသွေး ပြည့်ဝသော ဝန်ဆောင်မှုများ ပိုမိုရရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ ကညီဆောင်ရွက်ပေးနိုင်ရန် အတွက် အိတ်ခ်ျအိုင်ဗီ ဝေဒနာ ရှင်များက အသိပေး တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်းဆိုချက်များကို စက်တင်ဘာ ၂၄ ရက်တွင် Myanmar Positive Group (MPG) က ကြီးမှူး ကျင်းပသော (၇) ကြိမ်မြောက် National PLHIV Forum 2013 ပွဲတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
"တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရောဂါပိုး ရှိသူတွေ ခံစားနေရတဲ့ ခံစားချက်တွေ အတွက် အဓိက တောင်းဆိုမှု ငါးချက် ရှိပါတယ်။ ဆေးဝါးတွေ ရရှိဖို့နဲ့ ခွဲခြား ဆက်ဆံမှုတွေ မရှိစေရေး ဆောင်ရွက်ပေးဖို့ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေကိုပါ တောင်းဆိုသွားပါမယ်။ ဆောင်ရွက်ပေးဖို့ ကျန်းမာရေး ဝန်ဆောင်မှု ပေးနေတဲ့ ဆေးရုံး ဆေးခန်းတွေကို ဝေဒနာသည်တွေကို ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ အနေနဲ့ ကျင့်ဝတ်ပိုင်း ဆိုင်ရာ လိုက်နာရမယ့် ညွန်ကြားချက်တွေကို ချထားပေးဖို့ လိုအပ်နေပါသေးတယ်" ဟု MPG မှ ဥက္ကဌ ဦးမျိုးသန့်အောင်က ပြောကြားသည်။
ယင်းဖိုရမ်တွင် ထုတ်ပြန်ခဲ့သော သဘောထားများမှာ လူတိုင်းဆေးဝါးများ လက်လှမ်းမီ ရရှိရေး အတွက် မြို့နယ်အဆင့် အေအာတီ စင်တာများ တိုးချဲ့ရာတွင် ဝေဒနာရှင်များ၏ ကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိရန်နှင့် အရည်အသွေးပြည့် ဝန်ဆောင်မှုများ ပိုမိုရရှိစေရန်တို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဈေးနူန်းချိုသာသော အေအာတီ ဆေးဝါးများ စဉ်ဆက်မပြတ် ရရှိစေရန် အတွက် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ ဈေးနူန်းချိုသာစွာ ရရှိနိုင်မှုတို့ ထိပါးလာနိုင်မည့် အချက်များကို အသိပေးခြင်း၊ ကာကွယ်ခြင်းများ လုပ်ဆောင်ရာတွင် အစိုးရနှင့် အဖွဲ့အစည်း ဌာနများမှ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးရန် ဆက်လက်တောင်းဆိုထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသော အေအာတီ ဆေးဝါးများကို အာနိသင်တူပြီး တန်ဖိုး နည်းပါးသော ဆေးဝါးများ အဖြစ် ထုတ်လုပ်ဖြန့်ချီနိုင်ရန် ကြိုးစားလျက်ရှိကြောင်း MPG ဥက္ကဌက ပြောကြားသည်။
Daily Eleven သတင်းစာမှ ပြန်လည်း ရေးသား ဖော်ပြထားပါသည်။ Shwe Min Thar
- (အရှေ့သို့) မော်ဒယ်လ် ယွန်းဝတီလွင်မိုး... Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) မြန်မာဂိမ်း... Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'