Low BP သွေးကျနေသလား...



ကျွန်နော့် နာမည် (့) ပါ။ (့) မှာ နေပါတယ်။ အသက် ၂၈၊ ယောက်ျားလေးပါ။ အရပ် ၆ ပေ၊ ကိုယ် အလေးချိန် ၁၂ဝ ခန့်ပဲ ရှိပါတယ်။ ကျန်းမာရေး များသောအားဖြင့် ကောင်းပါတယ်။ အခုတစ်လော ညစာ စားပြီးချိန်လောက်ကစပြီး မူးမူးနေတယ်။ သူငယ်ချင်း တစ်ယောက်က သွေးဘောင်ချိန်တဲ့စက်လေး ဝယ် လာလို့  အခုပဲချိန်လိုက်ပါတယ်။ အပေါ်သွေး ၁ဝ၁၊ အောက်သွေး ၆၃ ရှိပါတယ်။ သူငယ်ချင်း အပြောက တော့ အရမ်းကျနေတယ် ပြောတယ်။ အဲဒါဘာကြောင့်ကျတာလဲ။ ဘယ်လို ပြန်တက်အောင် လုပ်ရမလဲ။ ကျန်းမာရေး လိုက်စားမှုမရှိပါ။ ကျန်းမာရေး ဘယ်လိုလိုက်စားရတာလဲ။ အသက် ၂ဝ က သွေးတစ်ခါ လှူဘူးတယ်။ အရမ်းလည်း ပိန်တယ်။



မဖြေခင် ပြင်ပါရစေ၊ "သွေးဖိအား" လို့ရေးမှ မှန်တယ်။ Blood pressure (BP) အတိုင်းအတာ (ယူနစ်) ကို Pound (ပေါင်) နဲ့မသုံးဘဲ mmHg (မီလီမီတာ-မာကျူရီ) နဲ့ သတ်မှတ်ထားလို့ပါ။ "ပေါင်" ဆိုရင် အလေး ချိန်နဲ့ ဗြိတိန်-ပိုက်ဆံ ဖြစ်သွားမယ်။ "ဘောင်" ဆိုရင် အကန့်အသတ် ဖြစ်သွားမယ်။

အဲလို ဂဏန်းအတိအကျ ထွက်တာ Digital BP apparatus သွေးဖိအားတိုင်း ကရိယာနဲ့ တိုင်းလို့နေမယ်။ ရိုးရိုးကရိယာ Sphygmomanometer နဲ့ တိုင်းရင် ၅ ဂဏန်း၊ ဆယ်ဂဏန်းသာ သေခြာတယ်။ ဒီသမာရိုးကျ စပေါ်ခဲ့တဲ့ ကရိယာထဲမှာ ပြဒါးသုံးထားပြီး ဖန်ပြွန်လေးမှာ mm (မီလီမီတာ) ရေးမှတ်ထားလို့ သွေးဖိအား အဖြေကို ပြောခဲ့သလို ရေးမှတ်ရတာ ဖြစ်ပါတယ်။ ပြဒါးကို ဓါတုဗေဒအရ Hg (မာကျူရီ) လို့ ခေါ်ကြရတယ် မဟုတ်လား။

(ဒစ်ဂျစ်တယ်လ်) သွေးဖိအားတိုင်း ကရိယာမှာ များသောအားဖြင့် ဂဏန်း ၃ ခု ပါလေ့ရှိတယ်။ တခုက အပေါ်သွေးဖိအား၊ နောက်တခုက အောက်သွေးဖိအားနဲ့ နှလုံးခုန်နှုန်း ဖြစ်တယ်။ နှလုံးခုန်နှုန်းကို တိုင်းမ ပေးတာလဲ ရှိပါတယ်။ ဒါကတချက်။

နောက်တချက်က သွေးဖိအားဆိုတာ အမြဲမပြတ် တက်လိုက် ကျလိုက်နေတယ်။ သွေးဖိအား များချင်ချင် ဖြစ်တာကိုရော နည်းချင်ချင် ထင်ရတာကိုပါ ၂-၃ ခါလောက် ပြန်တိုင်းသင့်တယ်။ လူနာကို စိတ်အေးလက် သာ ရှိစေအောင်လဲ နှစ်သိမ်တာတို့ ဘာဟင်းနဲ့ စားခဲ့လဲ၊ ဘယ်ကျောင်း တက်နေလဲ စသဖြင့် စိတ်ပြောင်း အောင် လုပ်ပြီးတိုင်းရတယ်။ မောမောပန်းပန်းနဲ့ ဆေးခန်းဝင်လာသူကို တန်းပြီးတိုင်းရင် များနေနိုင်တယ်။ ဆရာဝန်-ဆရာမ အပေါက်ဆိုးလို့ အလိုမကျရင်လဲ သွေးဖိအား ပုံမှန်မဟုတ်တာ ထွက်နိုင်သေးတယ်။

နောက်တချက် ရှိသေးပြန်တယ်။ (ဒစ်ဂျစ်တယ်လ်) တွေဟာ ကြာကြာမခံဘူး။ မေးတဲ့သူကိုတော့ အသစ်နဲ့တိုင်းတာမို့ မဆိုလိုပါဘူး။ ဘယ်ကရိယာနဲ့ တိုင်းတိုင်း တိုင်းတဲ့အခါ စက်-ကရိယာ နဲ့ လူ့နှလုံးရှိရာ ရင်ပတ် အနေမှာ ထားသင့်သေးတယ်။ သွေးဖိအားကို ဘယ်လောက်ဟာ ပုံမှန်၊ ဘယ်လောက်ဆို နည်းတယ်၊ များ တယ် ပြောရတာ တခွန်းထဲ မရဘူး။ ဆရာ လျှာရှည်ရတယ်။ အောက်ဂဏန်း ၉ဝ ကျော်ရင်၊ အထက်ဂ ဏန်း ၁၄ဝ ကျော်ရင် သွေးတိုးလို့ စပြောနိုင်တာကိုတော့ ဆရာဝန် အများစုက သဘောတူကြတယ်။ ဘယ် လောက်ထက် နည်းတာကို နည်းတယ်ပြောမလဲ ဆိုတာကျ ပြောမရပြန်ဘူး။ မပြောကြတာပါ။ အဲလိုနည်း နေတာက ဆေးကုသဘို့ မလိုတတ်လို့ ဖြစ်ပါတယ်။

ကြားဘူးမှာပါ။ သွေးတိုးရှိနေတာကို ဆရာဝန်ကတိုင်းမှ သိကြသူတွေ မနည်းလှဘူး။ ဘာမှခံစားမနေကြလို့ပါ။ အဲလိုပါဘဲ သွေးဖိအား နည်းနေသူမှာ ဘာမှမဖြစ်ရင် ဆေးကုစရာမလိုပါ။ နည်းနည်းပါးပါး များတာ၊ နည်းတာက ခံစားရတာမျိုး ရှိနိုင်ပြန်တယ်။ မေးသူမှာလို မူးတယ်ဆိုတာ ရှိနေတာမျိုးပေါ့။

အဲ့ မူးတိုင်းလဲ သွေးဖိအား တခုထဲကနေ ဖြစ်စေတာ မဟုတ်ပြန်ဘူး။ တခြား အမူးရောဂါတွေ ရှိသေး တယ်။ ရေးပြီးသားတွေ ရှိပါတယ်။
• Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)
• BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ
• Migraine (1) မိုင်ဂရင်း ခေါင်းမူး-ခေါင်းကိုက်ရောဂါ
• Migraine (2) မိုင်ဂရင်း (အဆက်)

အခြေခံကတော့ လူနေကောင်း-ကျန်းမာနေရင် သွေအား သင့်နေတာအတွက် ပူစရာမလိုပါ။ အောက် ဂဏန်း ၇ဝ အထက်ဂဏန်း ၁ဝဝ ဆိုတာ အကြမ်းဖျင်းသင့်တာတွေ ဖြစ်ပါတယ်။

သွေးဖိအား ပုံမှန်လို့ပြောရမဲ့ ၁ဝဝ/၇ဝ၊ ၁၁ဝ/၇ဝ၊ ၁ဝဝ/၈ဝ၊ ၁၁ဝ/၈ဝ ၁၂ဝ/၇ဝ၊ ၁၂ဝ/၈ဝ ရှိနေပေမဲ့ (အနီး မီးယား) ခေါ်တဲ့ သွေးအားနည်းရောဂါ ရှိနေနိုင်တယ်။ သွေးယိုလို့၊ သွေးဆင်းလို့၊ စတဲ့ အခြေအနေ တခုခု ကြောင့် သွေးအားနည်းနေတာက ကြာနေတော့ ကိုယ်ခန္ဓာာရဲ့ ဇီဝကမ္မဗေဒအရ သမမျှတရေး လုပ်ပေးနေ တာမို့ သွေးဖိအားကတော့ ပုံမှန် သူလိုကိုယ်လို ဖြစ်လာပါရဲ့ သွေးနီဥအရေအတွက်က တက်မလာတာမျိုး ကို ပြောတာပါ။ အသားအရေ ဖျော့တော့နေမယ်။ မူးမယ်။ အားမရှိဘူး။ ဒါဆိုရင် ဆေးကုဘို့ လိုနေပြီ။
• Anemia (အနီးမီးယား) သို့မဟုတ် ဒုက္ခသည်ရောဂါတမျိုး

အစမှာ ရေးခဲ့သလို နှလုံးခုန်နှုန်းက များနေရင်လဲ မကောင်းဘူး နည်းနေရင်လဲ မကောင်းဘူး။ တမိနစ်မှာ ၇ဝ-၈ဝ ရှိရင် ကောင်းတယ်။

ဒါ့ကြောင့် သွေးဖိအားကို ၂-၃ ခါတိုင်းပါ။ သွေးခုန်နှုန်းလဲ သိရချင်တယ်။ သွေးလှူထားသူဟာ ရက် ၁၂ဝ နေရင် သွေးအား ပြန်ပြည့်တယ်။ မူးတာအတွက် တခြားဘာဖြစ်နိုင်သေးလဲ စစ်ဆေးသင့်တယ်။ ပိန်တာကို ဝချင်ရင်လဲ ရေးထားပါသေးတယ်။
• Weight gain လှရုံမက ဝချင်သေးရင်

ကျန်းမာရေး လိုက်စားတယ် ဆိုတာက အတော်ကျယ်ပြောလှတဲ့ ခေါင်းစဉ်ဖြစ်တယ်။ ဒါပေမဲ့ မလွယ်တာ တော့ မဟုတ်ပါ။ ကိုယ်ကာယ လှပရေးကိုသာ တချို့က ကျန်းမာရေးလိုက်စားတယ် ထင်ကြတယ်။ အခြေခံကတော့ ကိုယ်နဲ့စိတ်ပေါ့။ ကိုယ်ဆိုတာ တကိုယ်ရေ-သန့်ရှင်းရေးကနေ စတယ်။ ကိုယ်လက် လှုပ် ရှားမှုကို (ဂျင်မ်) သွားမှ မဟုတ်ပါ။ ခြင်းခတ်တာ၊ ကြိုးခုန်တာ၊ တပါတ် ၅ ရက် တာတို ဖြစ်ဖြစ်၊ တာဝေးဖြစ် ဖြစ် ပြေးတာ-လမ်းလျှောက်တာ၊ (ဂျော့ကင်) လုပ်တာ၊ ရေမချိုးခင် သွေးပူလေ့ကျင့်ခန်း ပုံမှန်လုပ်တာ အားလုံးကောင်းပါတယ်။ ကြွက်သားတွေ အဆစ်တွေ လှုတ်ရှားမှု မှန်စေ-သန်စေမယ်။ သွေးစီးလျှောက်မှု ကောင်းစေမယ်။ စိတ်ကျန်းမာရေးလဲ အရေးကြီးတယ်။ စိတ်ပျို ကိုယ်နု၊ စိတ်သာလျှင် ရှေ့သွားရှိကုန်၏။ စိတ်ဆောင် အောင်ရမည်။

Dr. တင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...