Severed Finger Will Not Able to Access iPhone

Finger print

iPhone အသစ်တွေမှာ Fingerprint Security System ကိုပြသပြီး နောက်မှာ အသုံးပြုသူတွေက သူခိုးတွေက လက်ချောင်းကိုပါ ဖြတ်ပြီး ယူသွားခဲ့ရင်ကော ဆိုတဲ့မေးခွန်းတွေ ထုတ်နေကြပါတယ်။

မကြာသေးသော အချိန် ကာလကပဲ Apple ကုမ္ပဏီက သူတို့ရဲ့ ထုတ်ကုန်အသစ် iPhone 5s ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ iPhone 5s ဟာ ပုံမှန်ဖုန်းလုံခြုံရေးစနစ် (ဥပမာ- Password, Passcode) တွေကနေ ခွဲထွက်ပြီး ကွဲပြားတဲ့ ဇီဝရုပ်အချက်အလက်သုံး လုံခြုံရေးစနစ်ကို ပြောင်းလဲအသုံးပြုခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ အားလုံးသိကြတဲ့အတိုင်း လက်ဗွေသုံး လုံခြုံရေးစနစ်ပါပဲ။
ခေတ်ကြီး တိုးတက်လာတာနဲ့အမျှ စက်ပစ္စည်းတွေ တိုးတက်လာသလို အဲဒီ စက်ပစ္စည်းတွေကို ခိုးယူမည့်သူတွေကလည်း နည်းလမ်းသစ်တွေကို တီထွင်ကြပါတယ်။ အထူးသဖြင့် အခု iPhone 5s ပိုင်ရှင် တွေဆီက ပစ္စည်းယူရုံမက ပိုင်ရှင်ဖြစ်သူရဲ့ လက်ချောင်းတွေကို ဖြတ်ပြီး iPhone ရဲ့ Security တွေကို ဖြတ်ကျော်ဖို့ ကြိုးစားကြမှာပါ။ အဲဒါကို iPhone 5s ကို ကြိုတင် မှာပြီး ၀ယ်ယူထားတဲ့ ပိုင်ရှင်တွေ ဟာလည်း အထူးတလည် စိုးရိမ်နေကြပါတယ်။ ပစ္စည်းလုခံရရင် ပစ္စည်းပါမက လက်ပါ ပေးရမယ့်ဘ၀ရောက်နေလို့ပါ။



iPhone 5s ပိုင်ရှင်များ အတွက် နောက်ထပ် ရင်မအေးရတဲ့ အပူတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သူတို့ရဲ့ အစိုးရပါပဲ။ အကြမ်းဖက်မှု နှိမ်နင်းရေး ပေါ်လစီအရ လူတွေကို အမြဲ စောင့်ကြည့်နေတဲ့ သူတို့ရဲ့ အစိုးရဟာ Apple ကုမ္ပဏီက iPhone ပိုင်ရှင်များရဲ့ လက်ဗွေရာများကို တောင်းယူပြီး ပိုင်ရှင်များရဲ့ iPhone တွေထဲကို ၀င်ကြည့်ကာ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ဖောက်ယူ သွားနိုင်ပါတယ်။ iPhone 5s ပိုင်ရှင်များ အတွက် အရေးတကြီး စဉ်းစားသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဇီဝရုပ်သုံး လုံခြုံရေးစနစ်အချို့ဟာ ပြဿနာရှိတာကြောင့် iPhone အသစ် အားပေးသူတွေ စိုးရိမ်နေတာလည်း အပြစ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ကာလက မလေးရှားနိုင်ငံမှာ ဇီဝရုပ်လုံခြုံရေးစနစ်သုံး Mercedes S-class ကားဟာ ခိုးယူခြင်း ခံလိုက်ရပါတယ်။ အားလုံး သိကြတဲ့အတိုင်းပဲ သူခိုးတွေဟာ ကားကို ဖွင့်လို့ရအောင် ပိုင်ရှင်ရဲ့လက်ချောင်းကို ဖြတ်သွားကြပါတယ်တဲ့။



ဒီလို iPhone 5S အားပေးသူတွေဟာ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း ဇီဝရုပ်သုံး လုံခြုံရေးစနစ် ကျွမ်းကျင် သူတွေရဲ့ လေ့လာဆန်းစစ်မှုတွေအရ iPhone 5s သုံးမယ့်သူတွေဟာ အထက်ဖော်ပြပါ အပူလုံးတွေကို တွေးပူစရာ မလိုတော့ပါဘူး။ ဒီနေရာမှာ California က လက်ဗွေသုံး လုံခြုံရေးစနစ်တွေ ပံ့ပိုးပေးတဲ့ Validity Sensors က Chief Technology Officer ဖြစ်သူ Sebastien Taveau ရဲ့ပြောစကားကို ကိုးကား ရမယ်ဆိုရင် iPhone 5s မှာပါတဲ့ RF capacitive senesor ဟာ ပိုင်ရှင်ရဲ့ တွဲဆက်နေတဲ့ လက်ချောင်းရဲ့ အရေပြားကို ရေဒီယိုလှိုင်းတွေ အသုံးပြုကာ ဖတ်ရှုမှာ ဖြစ်ပြီး ပြတ်နေတဲ့ လက်ချောင်းဟာ ဒီ iPhone 5s ဖွင့်ရာမှာ အလကားပဲ ဖြစ်မှာပါတဲ့။ အဲဒါကြောင့် iPhone 5s ပိုင်ရှင် ဖြစ်လာမယ့် သူများဟာ ကိုယ့်လက်ချောင်းများရဲ့ အန္တရာယ်ကို စိတ်ပူစရာ ဖြစ်နေဖို့ မလိုတော့ပါဘူး။



တချို့ Laptop တွေမှာလည်း လက်ဗွေနှိပ် လုံခြုံရေးစနစ်တွေပါတာ တွေ့ဖူးကြ ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီစနစ်တွေဟာ ပစ္စည်းကိုသာမက ပိုင်ရှင်ရဲ့ လက်ချောင်းလေးတွေကိုပါ ဘ၀ဖျက်နိုင်တဲ့ အန္တရာယ်ကို မကာကွယ်နိုင်ပါဘူး။ Apple ရဲ့ iPhone 5s ကတော့ အဲဒီအားနည်းချက်တွေကို လေ့လာထားပြီး သုံးစွဲသူတွေ စိတ်တိုင်းကျနိုင်တဲ့ လုံခြုံရေးစနစ်ကိုပါ ထည့်သွင်းထားတာကြောင့် iPhone အသစ် အားပေး ကြမယ့် ပရိသတ်ကြီးအတွက် အပူကင်းကင်းနဲ့ စိတ်ကျေနပ်မှု ရကြမှာပါ။ ဒါ့အပြင် ပိုင်ရှင်ဖြစ်သူ၏ လက်ချောင်းလေးတွေရဲ့ အနာဂတ်ကိုလည်း ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာ တစ်ခုကတော့ ကိုယ့်ရဲ့ လက်ချောင်းကလေးတွေကို သူများလက်ချောင်းကြီးတွေက ကိုယ့် iPhone အသစ်ရဲ့ Sensor အပေါ် အတင်းအဓမ္မ ဖိချခိုင်းရင်တော့ ကိုယ့်ရဲ့ iPhone ကိုသိကြားမင်းတောင် ကာကွယ်မှု ပေးနိုင်မှာ မဟုတ်ပါဘူး ဆိုတာကိုတော့ သတိပြု စေချင်ပါတယ် ခင်ဗျာ။

Images from Forbes, mashable, smh.com.au, forbes, Source - Mashable

Myanmar Youth Media Club

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...