အခမဲ့ပညာရေးအပြင် ဆရာ၊ ဆရာမ မလုံလောက်မှုနှင့် ကျူရှင်ကိစ္စ စဉ်းစားသင့်



၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်လိုက်သော အခမဲ့အလယ်တန်း ပညာရေးစနစ်ကို ပြည်သူအများ က ထောက်ခံကြိုဆို ခဲ့ကြသည့်အပြင် အစိုးရအနေဖြင့် စာသင်ကျောင်းများတွင် ကျောင်းသားဦးရေ နှင့်ဆရာ၊ ဆရာမ မလုံလောက်မှုကိုလည်း ဖြေရှင်းပေးစေလိုကြောင်း ပြောဆိုလာကြသည်။

“အဓိကကတော့ ဆရာ၊ ဆရာမတွေရဲ့ဦးရေပေါ့။ ကျောင်းအတန်းထဲမှာဆိုလဲ ကျောင်းသားတွေများပြီး ဆရာ၊ ဆရာမတွေကနည်းပြီး မနိုင်မနင်းဖြစ်တာပေါ့။ ကျောင်းသားဦးရေနည်းပြီး ဆရာဦးရေနဲ့မျှတ အောင် ကျောင်းသားတစ်ယောက်စီ တစ်ယောက်စီရဲ့ အရည်အချင်းကို ကျောင်းဆရာ၊ ဆရာမတွေက သေချာဂရုမစိုက်နိုင်တော့ဘူး” ဟုကမာရွတ်မြို့နယ်တွင် နေထိုင်သူကျောင်းသားမိဘဖြစ်သော ဒေါက် တာမျိုးမြင့်အောင်က ပြောသည်။

လက်ရှိအစိုးရကျောင်းများတွင် အတန်းတစ်တန်း၏ စာသင်သားကျောင်းသားပေါင်း ၁၀၀ ဝန်းကျင်ခန့် ကိုဆရာမတစ်ဦးတည်းကသာ တာဝန်ယူသင်ကြားနေရသော ကျောင်းများလည်းရှိနေသည့်အတွက် အစိုးရတိုးမြှင့်ခန့်ထားသင့်ကြောင်း ဝေဖန်ပြောဆိုလာကြသည်။

ထို့ပြင် ကျောင်းသားမိဘများက ဆရာ၊ ဆရာမများအနေဖြင့် လစာဝင်ငွေဖြင့်ရပ်တည်ရန် ခက်ခဲသော ကြောင့်ကျောင်းချိန်ပြင်ပတွင် သင်ကြားနေရသော ကျူရှင်ကိစ္စကိုလည်း အစိုးရအနေဖြင့် ပြေလည် အောင်ဖြေရှင်းပေးသင့်ကြောင်း ဝေဖန်သည်။

“ဆရာ၊ ဆရာမတစ်ယောက်ဟာ သူရတဲ့တရားဝင်လစာနဲ့ သူ့မိသားစုရဲ့ စားဝတ်နေရေးကို ဘယ်လိုမှ မဖြေရှင်းပေးနိုင်ဘူးဆိုတာ ပြည်သူတွေ အကုန်သိသလို၊ အစိုးရလဲသိတယ်။ အဲဒါကြောင့် ကျူရှင်မပြရ ဘူးလို့ အမိန့်ထုတ်နေရုံနဲ့ မလုံလောက်ဘူးဆိုတာ အစိုးရသိသင့်တယ်” ဟုတောင်ဒဂုံမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးဖြစ်သော ဦးကျော်စွာဝင်းက ပြောသည်။

ဆရာ၊ ဆရာမများ ကျူရှင်သင်ကြားသည်ဟု သတင်းရရှိပါက အရေးယူမည်ဟူသော ထုတ်ပြန်ချက်ကို အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

“ကျွန်မတို့ရတဲ့လခနဲ့က မကိုက်ဘူး။ ရပ်တည်ဖို့လဲ အဆင်မပြေဘူး။ ပြီးတော့ ဆရာမမို့လို့ ကျူရှင်ပြပြီး စာသင်စားတာပါ။ ဆရာမက စာမသင်လို့ဘာလုပ်ရမှာလဲ” ဟုမင်္ဂလာတောင်ညွှန့်မြို့နယ်မှ အထက် တန်းပြဆရာမတစ်ဦးက ဆိုသည်။

အစိုးရအနေနှင့် ၂၀၁၄-၂၀၁၅ ခုနှစ် ပညာသင်နှစ်မှစတင်ပြီး အလယ်တန်းအဆင့် ပညာရေးတွင် ကျောင်းသားဦးရေ ၅၀၀ အောက်ကို ကျပ်သုံးသိန်းမှ ငါးသိန်း၊ ကျောင်းသားဦးရေ ၁၅၀၀ အထက်ကို ကျပ်ခြောက်သိန်းအထိ ပညာရေးဝန်ကြီးဌာနမှ ရုံးလုပ်ငန်းများ ရန်ပုံငွေများချထားပေးပြီးဖြစ်ကြောင်း သိရသည်။

အစိုးရကျောင်းများတွင် ရန်ပုံငွေတွေ ချထားပြီးဖြစ်သောကြောင့် ကျောင်းအပ်နှံစဉ်ကာလအတွင်းတွင် ကျောင်းလခ၊ မိဘဆရာအသင်း၊ အားကစားကြေး၊ စာကြည့်တိုက်ရန်ပုံငွေနှင့် စာရေးကိရိယာကြေး များအပါအဝင် ငွေကြေးကောက်ခံမှုတွေရှိရင်လည်း ထိရောက်စွာအရေးယူမည်ဟု အခြေခံပညာဦးစီး ဌာနကထုတ်ပြန်ထားကြောင်း သိရသည်။ 


Democracy Today Daily
ဇွန် (၁၂) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...