ရေခဲမုန့်ဝယ်စားသည့်ကိစ္စ မကျေနပ်မှုကြောင့် အရေးပေါ်နံပါတ်သို့ ဖုန်းဆက်တိုင်ကြား



ဗြိတိသျှ ရဲတပ်ဖွဲ့သည် ရေခဲမုန့် ဝယ်စားရာမှ အငြင်းပွားမှုကို အရေးပေါ် ဖုန်းနံပါတ် 999 သို့ ခေါ်ဆို တိုင်ကြားမှု တစ်ခုကို ထုတ်ပြန်ပြသလိုက်သည်။ အလွန်အရေးကြီးသည့် အခြေအနေများတွင်သာ ယင်းနံပါတ်ကို ခေါ်ဆိုပါရန် ရဲတပ်ဖွဲ့က အကြိမ်ကြိမ် တိုက်တွန်းနေသော်လည်း ယခုလို အသေးအမွှား ကိစ္စများကို တိုင်ကြားမှုများစွာ ရှိနေဆဲဟု ဝက်စ်မစ်ဒ်လန်းစ် ရဲတပ်ဖွဲ့က လက်တွေ့ပြသခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ဖုန်းခေါ်ဆိုသည့် အမျိုးသမီး၏ အမည်ကို မထုတ်ပြန်ခဲ့သော်လည်း သူမ၏ (၁)မိနစ်ကြာမျှ ဖုန်းခေါ်ဆိုမှု အပြည့်အစုံကိုမူ ဖော်ပြထားခဲ့သည်။ 


ထိုအသံဖိုင်ကို ထုတ်လွှင့်ခဲ့ပြီးနောက် 999 နံပါတ်ကို ပေါ့ပေါ့တန်တန် ဖုန်းခေါ်မှုမျိုး မပြုလုပ်ရန်လည်း ရဲများက ထပ်မံပန်ကြားခဲ့သည်။ ဖုန်းခေါ်ဆိုမှုကို ဖမ်းယူထားသည့် အသံဖိုင် အတွင်း၌ အမျိုးသမီးက “ကျွန်မက ရေခဲမုန့်မှာတော့ ဆိုင်ရှင်က ရေခဲမုန့်ကို တစ်ဖက်ပဲ ဖြည့်ပေးတယ်။ တစ်ဖက်မှာ ဘာမှပါမ လာဘူး။ ကျွန်မက ပိုက်ဆံပြန်အမ်းဖို့ တောင်းတော့လည်း သူက ငြင်းတယ်။ မကျေနပ်ရင် ကြိုက်သလို ရှင်းလို့ ရတယ်လို့လည်း စိန်ခေါ်သေးတယ်”ဟု တတွတ်တွတ် တိုင်ကြားထားသည်။

ရဲအရာရှိ တစ်ဦးဖြစ်သည့် ဂျင်မ်အန်ဒရိုနော့ဗ်က “ထားပါတော့၊ အဲဒီအမျိုးသမီး ဖုန်းခေါ်နေတဲ့ အချိန်မှာ တခြားလူ တစ်ယောက်ယောက်က သေရေးရှင်ရေး ကိစ္စတစ်ခုအတွက် ဖုန်းလှမ်းဆက်နေရင် ဘယ်လို လုပ်မလဲ။ (၁)မိနစ်ဆိုတာ ဘေးကျပ်နံကျပ် ဖြစ်နေတဲ့ လူတစ်ယောက်အတွက် စောင့်ရတာ အင်မတန် ကြာတယ်။ 999 နံပါတ်ကို ခုလို ပေါ့ပေါ့တန်တန် ဖုန်းခေါ်နေတာမျိုးတွေ အတွက်တော့ ကျွန်တော်တို့ လည်း အရမ်းကို စိတ်ပျက်မိပါတယ်”ဟု ပြောကြားသွားသည်။


Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...